Saturday, 23 May 2015

သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်း


သံယောဟန်ကျမ်း ၁၅း၂၆-၂၇၊ ၁၆း၁၂-၁၅
ယနေ့ဟာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်းပွဲနေ့ဖြစ်ပါတယ်။ အချို့သောဓမ္မသဂြုလ်ရှင်များက ထိုနေ့ကို အသင်းတော်မွေးဖွားရာနေ့ဟုလည်း ခေါ်ဆိုသမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနေ့မှာ တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွတော်မူပြီး လူမျိုးတကာကြားမှာ ဧ၀ံဂေလိတရားတော်ကို စတင်ဟောပြောရာနေ့၊ အသင်းတော်စတင်တည်ထောင်ရာနေ့ဖြစ်သောကြောင့်ဟု ဆိုကြပါတယ်။ ပွဲတော်၏မူလအစကတော့ ဂျူးလူမျိုးတို့၏ ရှာဘုတ် (Shavout)ဟူသော ပွဲတော်အားဖြင့် ဂရိအမည် ရက်ပေါင်း ငါးဆယ်ပြည့်သည့်နေ့ဟုအဓိပ္ပာယ်ရသော ပန်တေကော့စတေ (pentekoste) အားဖြင့် ခရစ်ယာန်ဝတ်ပြုရာဓလေ့မှာ ယေဇူးခရစ်တော်ရှင်ပြန်ရာနေ့မှစတင်ကာ ရက်ပေါင်းငါးဆယ်ပြည့်သည့်နေ့တွင် တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွရာနေ့အဖြစ် ကျင်းပပါတယ်။

တမန်တော်ဝတ္ထုကျမ်း ဂျေရုဇလင်မြို့သို့ဘုရားဖူးလာကြသော လူမျိုးပေါင်းစုံဟာ တမန်တော်ကြီးများပြောဆိုသည့် စကားသံတစ်မျိုးတည်းကို မိမိတို့ဘာသာစကားများအတိုင်း ကြားကြရသည်ဟု ဆိုကြပါတယ်။ အမှန်တကယ်တော့ ဒါဟာ တမန်တော်ကြီးများ၏ဘာသာစကားကျွမ်းကျင်မှု့ကို ဆိုလိုကြခြင်းမဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လုပ်ဆောင်ချက် အံ့ဖွယ်လက္ခဏာကြောင့် လူမျိုးများအကြား နားလည်ဆက်သွယ်နိုင်ကြခြင်းသာ ဖြစ်ပါတယ်။

ယေဇူးခရစ်တော်၏တပည့်တော်ကြီးများအား သေချာလေ့လာစမ်းစစ်ကြည့်လျှင် ၎င်းတို့တတွေဟာ အတတ်ပညာရှင်များလည်းမဟုတ်၊ ကျမ်းတတ်ဆရာကြီးများလည်းမဟုတ်၊ သြဇာအာဏာကြီးမားသူများလည်း မဟုတ်ကြသလို၊ အစွမ်းအစရှိသူများလည်း မဟုတ်ကြပါဘူး။ သို့သော်လည်း ထိုသို့သောပုဂ္ဂိုလ်ကြီးများဟာ ၀ိညာဉ်တော်ဘုရား၏အလင်းကျေးဇူးကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းဝေးလာပြီး ခရစ်တော်၏ သတင်းကောင်းနှင့် ထာဝရကယ်တင်ခြင်းတရားကို ရဲဝံ့ပြောင်မြောက်စွာ ဟောပြောသက်သေခံနိုင်လာကြသည့် ကောင်းကင်နိုင်ငံ၏မဟာတမန်တော်ကြီးများ ဖြစ်လာခဲ့ကြပါတယ်။ အညတရ တမန်တော်ကြီးများဟာ ၀ိညာဉ်တော်အလင်းကျေးဇူးတော်ဖြင့်ပြည့်ဝလျက် ခရစ်တော်၏နာမတော် တန်ခိုးလက္ခဏာများကို ပြုလုပ်နိုင်ခဲ့ကြတယ်။ တရားတော်နှင့်ဆိုင်ရာာဏ်ပညာအလင်းများလည်း ပွင့်လင်းလာကာ တကယ့်ကို ဦးဆောင်လမ်းပြနိုင်စွမ်းရှိသော ခေါင်းဆောင်ကြီးများသဖွယ်၊ ပရော်ဖက်ကြီးများအဖြစ်သို့ ရောက်ရှိလာခဲ့ကြတယ်။ ယေဇူးခရစ်တော်ကိုယ်တော်တိုင်လည်း တပည့်တော်ကြီးများအား များစွာသောအကြောင်းအရာများ ပြောစရာရှိသော်လည်း ၎င်းတို့ခံယူနိုင်စွမ်းမရှိကြသေး၍ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းတရားလိုအပ်နေကြောင်း မီးမောင်းထိုးပြခဲ့ကာ ထိုဝိညာဉ်တော်အားဖြင့် သူတို့တတွေဟာ သမ္မာတရားအကြောင်း အလုံးစုံကို သိစေမည်ဟု ပြောဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်နှင့်အစွမ်းတန်ခိုးကို မိမိဘ၀မှာ တွေ့ကြုံခံစားဖူးပါသလား။ ဒါမှမဟုတ် တွေ့ကြုံခံစားဖူးတာကို သတိထားမိဖူးပါသလား။

ခရစ်တော်၏နောက်သို့လိုက်နေသည့် ခရစ်ယာန်တစ်ဦးအတွက် ၀ိညာဉ်တော်ကျေးဇူးမရှိလို့ မဖြစ်ပါဘူး။ ၀ိညာဉ်တော်ကျေးဇူးမပါဘဲ ခရစ်ယာန်ဘ၀ကို လျှောက်လှမ်းဖို့လည်းမဖြစ်နိုင်ပါဘူး။ ထို့ကြောင့်လည်း ခရစ်တော်ကိုယ်တော်တိုင် ၀ိညာဉ်တော်ဘုရားစေလွှတ်ပေးဖို့ ကတိထားခဲ့သလို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်ပင် အဖခမည်းတော်၏အမှု့တော်ကိုထမ်းရွက်ဖို့ ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်းခံယူ၍ ၀ိညာဉ်တော်ဖြင့်ပြည့်ဝစေခဲ့ပါတယ်။ ထို့အတူ ကျွန်ုပ်တို့တတွေအတွက်လည်း သံယောဟန်ဗတ္တိဇံ၏ ရေဆေးကြော်ခြင်းထက် ၀ိညာဉ်တော်ဖြင့်ပြည့်ဝသည့် ဆေးကြော်ခြင်းစက္ကရမင်တူးကို ပေးခဲ့ပါတယ်။ ဤစက္ကရမင်တူးအားဖြင့် ခရစ်ယာန်ဘ၀ထဲသို့ ၀ိညာဉ်တော်ပြည့်ဝစွာဝင်ရောက်နိုင်ကြပါတယ်။ သို့မှသာ ခရစ်တော်နောက်သို့လိုက်နိုင်လာသည့် ခရစ်ယာန်တစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒါဟာ နောက်ဆုံးမဟုတ်ပါဘူး။ ခရစ်ယာန်ဘ၀အတွက် လမ်းတလျှောက်မှာလည်း ၀ိညာဉ်တော်ကျေးဇူးများ ဆက်လက်ပေးသနားနေပါတယ်။ ဘုရားသခင်စီမံပေးထားသည့် အကြီးမြတ်ဆုံးသော ကျေးဇူးတော်ပင် ဖြစ်ပါတယ်။

ကိုယ်မတတ်နိုင်တဲ့အရာတွေကို ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့် ပြီးမြောက်အောင်မြင်သွားတာမျိုး၊ ဒါမှမဟုတ် ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ဆက်ကပ်နိုင်မှုခွန်အား လျော့နဲနေချိန် ၀ိညာဉ်တော်အလင်းတရားဖြင့် တပည့်တော်ကြီးတွေလို ရဲရဲဝံ့ဝံ့ဖြင့် ဆက်လက်လျှောက်လှမ်း နိုင်သည့်အဖြစ်မျိုး၊ ဒါမှမဟုတ် မိမိ၏အတ္တမာနကြောင့် ခွင့်မလွှတ်နိုင်တဲ့အခြေအနေမျိုးမှာ ၀ိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ခွင့်လွှတ်နိုင်သည့်အခြေအနေမျိုး၊ ဒါမှမဟုတ် မိမိအလိုဆန္ဒမှာ သဘောကျတတ်မိတဲ့ မကောင်းသည့်အရာ၊ တပါးသူအားထိခိုက်စေမယ့်အရာမျိုး၊ အထူးသဖြင့် တရားမျှတမှုနှင့် မေတ္တာတရားဝေမျှဖို့ရန်အတွက် ကြောက်ရွံ့နေတဲ့အခါမျိုးမှာ ၀ိညာဉ်တော်၏ကျေးဇူးတော်ဖြင့် ပြုလုပ်အောင်မြင်သွားတာမျိုး စသဖြင့်သော တန်ခိုးအံ့ဖွယ်တွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ နိစ္စဓူဝလို ဖြစ်နေတဲ့ တန်ခိုးအံ့ဖွယ်တွေပါပဲ။ ဒါတွေကို သတိထားမိကြပါရဲ့လား။

ခရစ်ယာန်ဘ၀အသက်တာဆိုတာ လူတိုင်းအတွက် အထူးအဆန်းဟုတ်လျှင်မှ ဟုတ်ပါလိမ့်မယ်။ သို့ပေမယ့်လည်း ခရစ်ယာန်ဘ၀ကို နားလည်တဲ့လူတိုင်းအတွက်တော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀အသက်တာတစ်ခုပါ။ ခရစ်ယာန်ဘ၀အသက်တာအတွက် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးမှာ ဆေးကြောခြင်းမင်္ဂလာခံယူလိုက်အချိန်ကတည်းက ကျွန်တော်တို့ဘ၀ဟာ အသွင်သဏ္ဍာန်ပြောင်းလဲကာ ကမ္ဘာကြီးအားကြည့်သည့် ကျွန်တော်တို့ရဲ့အမြင်တွေ ပြောင်းလဲလာကာ ပြည့်စုံတဲ့ဘ၀ကို မှန်ကန်စွာဦးတည်ပြီး ထာဝရအသက်ဖြင့် ဘုရားသခင်ကို ဖူးမျှော်နိုင်ရန် အနာဂတ်အိပ်မက်တွေ ရှင်သန်နေပါတယ်။ ဒီနေ့ဒီအချိန် ကျင်းပနေကြတဲ့ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွတော်မူခြင်းပွဲတော်ဟာ ထိုအနာဂတ်အိပ်မက်တွေ ရှင်သန်စေဖို့ ကျေးဇူးတော်ပါပဲ။ 

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာာပညာအလင်းကျေးဇူးရရှိကာ သမ္မာတရားနှင့်ဆိုင်ရာအလုံးစုံကို ထိုးဖောက်မြင်နိုင်လာပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ နားလည်ခြင်းကျေးဇူးရရှိကာ ခရစ်တော်နောက်လိုက်ဖို့ရန် ဘာတွေလိုအပ်သလဲ၊ ဒါမှမဟုတ် ခရစ်ယာန်ဘ၀အသက်တာကို ကောင်းကောင်းနားလည်းကာ ပြီးပြည့်စုံအောင် တဖြည်းဖြည်းကျင့်ကြံဆောက်တည်လာပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ အကြံညဏ်များရရှိကာ အရာရာကို မှန်မှန်ကန်ကန် ကောက်ချက်ချဆုံးဖြတ်တတ်လာပါတယ်။ အမှားနှင့်အမှန်ကိုခွဲခြားသိလာပြီး ရှောင်ရန်ဆောင်ရန်များကို သေသေချာချာသိလာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ခွန်အားသတ္တိများဖြင့်ပြည့်စုံလာကြပါတယ်။ ခရစ်ယာန်ဘ၀မှာ ကြုံတွေ့ရသည့်အခက်အခဲများကို ထိုခွန်အားသတ္တိများဖြင့် ကျော်ဖြတ်လာနိုင်ကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ တတ်သိပညာများတိုးတက်လာပါတယ်။ ဘုရားသခင်စီမံရာကို နားလည်လာပြီး မှန်ကန်သည့်လမ်းစဉ်ကို ရွေးတတ်လာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ယဉ်ကျေးသိမ်မွေ့ကာ ဘာသာတရားမှာ ကိုင်းရှိုင်းလာကြပါတယ်။ ဘုရားသခင်နှင့်အသင်းတော်ကို လေးစာတတ်လာသလို လူသားအချင်းချင်းလည်း လေးစားတတ်လာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်အားကြောက်ရွံ့ရိုသေလာကြပါတယ်။ ဤသို့အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့် ကြီးမြတ်ခြင်းကို အသိမှတ်ပြုလာပြီး ဘုရားသခင်မိန့်ဆိုထားသော ပြီးပြည့်စုံသည့်ဘ၀ကို လျှောက်လှမ်းလာကြပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုလည်း တန်ဖိုးထားမြတ်နိုးလာကြပါတယ်။

ဤကျေးဇူးတော်တွေအားဖြင့် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ တဖန်မွေးဖွားခြင်းခံယူနေသူ ဘုရားဖူးခရီးသည်များဖြစ်ကြပါတယ်။ ထို့ကြောင့် ယနေ့သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်များ ထပ်မံတောင်းလျှောက်ရင်း မိမိတို့၏ခရစ်ယာန်ဘ၀အသက်တာများကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Saturday, 4 April 2015

အီစတာပွဲတော်ကြီးနှင့် အီစတာသတင်းကောင်း



ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမများ အားလုံးကို ၀မ်းမြောက်ပျော်ရွှင်ဖွယ် အီစတာပွဲတော်ပါဟု နှုတ်ခွန်းဆက်ပါရစေ။
သမိုင်း၏သေချာလှတဲ့ အချိန်အခါတစ်ခုမှာ၊ တိကျတဲ့နေရာနှင့် ကြီးကျယ်ထင်ရှားသော ရောမအင်ပါယာကြီးတွင် သမရိုးကျဖြစ်စဉ်တစ်ခုလို ရိုးရှင်းစွာဖြစ်ခဲ့သော်လည်း ထူးဆန်းနက်နဲဖွယ်ရာတို့ဖြင့် လွှမ်းခြုံနေတဲ့ ထိုအဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။ အဖြစ်အပျက်တို့က သုံးရက်အတွင်း လျင်မြန်လွန်းစွာဖြစ်ပျက်သွားခဲ့သော်လည်း ထိုအဖြစ်အပျက်လေးကိုတော့ ယနေ့နှစ်ပေါင်း နှစ်ထောင်ကျော်သွားသည့်တိုင် မရိုးနိုင်ဘဲ ပြော၍မဆုံး ဖြစ်နေသလို၊ ၎င်း၏နက်ရှိုင်းမှု့မှာလည်း ယနေ့တိုင် ဓမ္မသဂြိုလ်ပညာရှင်တို့ အပြည့်အ၀ နားမလည်နိုင်ကြသေးဘဲ ဖြစ်နေလျက်ပါ။ ထိုအဖြစ်အပျက်လေးကို ယနေ့မှာတော့ အီစတာပွဲတော်ဟု လူသားတို့သိရှိနေကြပါပြီ။ ထိုအီစတာပွဲတော်မှာ နာဇရက်မြို့သား ယေဇူးခရစ်တော်၏ အသေခံယူခြင်း၊ သင်္ဂြိုလ်ခံယူခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းတို့ပါပဲ။
ခရစ်တော်သခင်ဟာ ငရဲတံခါးတို့ကိုဖြိုခွင်းပြီး ငရဲမှကျေးကျွန်များအားလုံးကို လွတ်မြှောက်ပေးလိုက်ပါပြီ။ သူအရှေ့မှ လူသားတို့သမိုင်းကြွေးများကို ပေးဆပ်လိုက်ပြီ။ မိုးဇယ်၏ဥပဒေအချုပ်အနှောင်မှ လွတ်မြောက်စေပြီး ချစ်ခြင်းမေတ္တာအားဖြင့် သေဆုံးခြင်းမရှိ၊ ထာဝရအသက်နှင့် ဖြောင့်မတ်ခြင်းတရားတို့ တည်ရှိသော ကောင်းကင်နိုင်ငံခရီးလမ်းသို့ ခရစ်တော်ဦးဆောင်ခေါ်နေပါပြီ။ ထို့ကြောင့် ခရစ်တော်၏သေခြင်းတရားမှာ ကျွန်တော်တို့အတူတကွပါဝင်ကြလျှင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းမှာလည်း အတူတကွပါဝင်နိုင်ကြပါလိမ့်မယ် (ရောမ ၆း၈)။ သို့ဖြစ်၍ ကျွန်တော်တို့ ခရစ်ယာန်များဟာ ဆေးကြောခြင်းမင်္ဂလာခံယူစဉ်ကတည်းကစပြီး မိမိတို့၏ဘ၀အဟောင်း၊ အပြစ်များအားလုံးနှင့်အတူ ခရစ်တော်နှင့်အတူတကွ အသေခံခဲ့ကြပြီးဖြစ်၍ ယနေ့ ခရစ်တော်နှင့်အတူ ရှင်သန်နေကြပြီး နောင်တမလွန်မှာလည်း ခရစ်တော်နှင့်အတူတကွ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်ကျင့်ကြံစောင့်တည်နေကြသည်မှာ ဧကန်မုချပင် ဖြစ်ပါတယ်။
ခရစ်တော်နှင့်အတူ ကျွန်တော်တို့ခရစ်ယာန်တွေ ဘယ်လိုအသေခံပြီး ဘယ်လိုအသက်ရှင်နေကြပါသလဲ။
တစ်နေ့က ဗုဒဘာသာဝင်လူငယ်တစ်ဦးက ကျွန်တော်ရဲ့စာလုံးပေါင်းအမှား ဒုက္ခစရိယာကို ဒုက္ကစရိယာ ရေးမိခြင်းအား ဖတ်မိပြီး ဒုက္ကစရိယာတော့ မဖြစ်နိုင်ဘူး ဒုက္ကရစရိယာပဲ ဖြစ်ရမယ်လို့ ယူဆပြီး ထိုဝေါဟာရအကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။ ဒုက္ကရစရိယာဆိုတာ ဗုဒ္ဓဘာသာမှာ ပြင်းထန် အစွန်းရောက်သည့်လမ်းစဉ်မှားလို့ အနက်ဖွင့်ဆိုပါတယ်တဲ့။ ထို့နောက် ခရစ်ယာန်မှာလည်း ဒုက္ကရစရိယာရှိပါသလားဟု မေးမြန်းပါတယ်။ ကျွန်တော်လည်း ဒုက္ခစရိယာရေးခြင်းဖြစ်၍ ဒုက္ကစရိယာမဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ ထို့နောက် ခရစ်ယာန်ဘာသာတရားမှာ ဒုက္ကရစရိယာဟူသော ပြင်းထန်သည့်လမ်းစဉ်မှားဆိုတာလည်း မရှိသလို၊ အခြားသော မဇ္မိပဋိပဌာဆိုသည့် အလယ်လတ်လမ်းစဉ်ဆိုတာလည်း ခွဲမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုလမ်းစဉ်တွေဆိုတာ ဒဿနတစ်ခုခုသာ ဖြစ်တယ်လို့မြင်ပါတယ်။ အစွန်းရောက်ခြင်းဟာ မကောင်းပါ။ ခရစ်တော်သွန်သင်ချက်မှာတော့ မေတ္တာတရားပါပဲ ဘုရားသခင်ကို ကိုယ်စိတ်နှလုံးဖြင့် အစွမ်းကုန်ချစ်ရမယ်၊ မိမိနှင့်နီးစပ်သူ တစ်ပါးသူကိုလည်း မိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ခင်ရမယ်၊ ထို့အပြင် ရန်သူကိုပင် ချစ်ခင်ရမယ်ဟူ၍ မေတ္တာတရားမှာ အရင်းတည်ကာ မေတ္တာတရားမှာ အကျဉ်းချုပ်နိုင်သည့် တရားလမ်းစဉ်ပင် ဖြစ်ပါတယ်။
အစွန်းရောက်ခြင်းဟာ ဘာသာတရားတိုင်းမှာလိုလို၊ နိုင်ငံရေးတိုင်းမှာလိုလို၊ အတွေးအခေါ်အယူဝါဒတိုင်းမှာလိုလို ရှိတတ်စမြဲပါ။အကြောင်းရင်းကတော့ တရားကို ညဏ်ဖြင့် တွဲပြီး မကျင့်ကြံဘဲ တစ်ဘက်ဘက်မှာ အယူသန်ပြီး ၀ါဒဆွဲတွေဖြစ်သွား၍ကြောင့်သာ ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့တတွေဟာ အမှန်တရားနှင့်  မေတ္တာတရားကို သက်သေခံကြရမည့်သူများ ဖြစ်ပါတယ်။ ထို့ကြောင့် ခရစ်ယာန်ဟုခေါ်ခံထိုက်ပါတယ်။ 

ထို့ကြောင့်၊ ချစ်စွာသော ခရစ်ယာန်ညီအစ်ကိုမောင်နှမများ၊ ခရစ်တော်နောက်တော်သို့လိုက်နေလျက် ခရစ်တော်၏သွန်သင်ချက်တွေကို မမေ့ကြပါနှင့်။ အထူးသဖြင့် မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်းကို မမေ့ကြဘဲ ထိုတရားများအား ကမ္ဘာလောကကြီးတစ်ခုလုံးအား ဝေမျှဖို့ တာဝန်ကိုယ်စီ ရှိနေတာကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပါ။ 
ဤနေ့ပါစကားပွဲတော်နေ့။ ခရစ်သခင်ဟာ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် လောကသား အားလုံးအတွက် ပျောက်ဆုံးနေသော ကောင်းကင်နိုင်ငံတော်အနာဂတ်မျှော်လင့်ချက်ကို ပေးစွမ်းခဲ့ပါပြီ။ ကျွန်တော်တို့တတွေဟာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းကျေးဇူးတော်များကို  မေတ္တာတရားနှင့် ကျင့်ဆောက်တည်နိုင်ပါပြီ။ ဘ၀ဆိုတာ တစ်ခုခုကို အမြဲရှာဖွေနေခြင်းပါပဲ။ ဘ၀မှာ ရှာဖွေစရာမရှိတော့ဘူး ဆိုတာနဲ့ ကျွန်တော်တို့တတွေဟာ စိတ်လေပြီး ငြီးငွေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ဘ၀ကို အမြဲရှင်သန်နေဖို့ ရှာဖွေခြင်းတစ်ခုခုကို အမြဲပြုလုပ်နေရပါလိမ့်မယ်။ 
မာရိယာမာဒလေနားလည်း ကိုယ်တော်ဘုရားကို ရှာဖွေနေပါတယ်။ သူမ၏စိတ်ထဲမှာ ကိုယ်တော်ဘုရားကို အခြားလူတစ်စုက အဝေးတစ်နေရာသို့ ယူဆောင်သွားကြပြီလို့ ထင်မှတ်နေပါတယ်။ သို့သော်လည်း ဘယ်ကို သယ်ဆောင်သွားကြသလဲဆိုတာ သူမ မသိပါ။ ထို့ကြောင့် သူမလည်း ကိုယ်တော်ဘုရား၏အလောင်းတော် သွင်းထားရာ ကျောက်ဂူဝမှာ ထိုင်ငိုနေပါတယ်။ ၎င်းကိုသိ၍ ကိုယ်တော်ဘုရား ကြွလာပြီး သူမအား မည်သူ့ကို ရှာဖွေနေပါသလဲလို့ မေးမြန်းပါတော့တယ်။အမှန်တကယ်တော့ ကိုယ်တော်ဘုရားကို ရှာဖွေဖို့ ကိုယ်တော်ဘုရားကိုယ်တော်တိုင် ပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤရှာဖွေခြင်းမှာပဲ ကျွန်တော်တို့ဘ၀၏ ရှင်သန်ရာ အကြောင်းအရင်း ဖြစ်နေလို့ပါ။ ဘုရားကို ရှာဖွေတယ်ဆိုတာ ဘ၀မှာ အကြီးမြတ်ဆုံး ရှင်သန်ရာအကြောင်းရင်းပါပဲ။ ကိုယ်တော်ဘုရားကို တွေ့ရှိ သိမှတ်ချိန်မှာတော့ မာရိယာတစ်ယောက် "ရာဘောနီ" ဟုဝမ်းသာအားရဖြင့် ခေါ်ဆိုလိုက်ပါတော့တယ်။ ရာဘောနီဆိုသည်မှာ ဆရာသခင်ဟု ဆိုလိုပါတယ်။ 
မိတ်ဆွေခရစ်ယာန်အပေါင်းတို့၊ ဒီနေ့ ကျွန်တော်တို့တတွေလည်း မာရိယာမာဒလေနားလို ကိုယ်တော်ကို ရှာဖွေနေတဲ့ ဘ၀ခရီးရှာပုံတော်မှ ရှာဖွေနေသူတွေပါပဲ။ ရာဘောနီ (ဆရာသခင်)ကို တွေ့ကြပြီလား။ ထိုဆရာသခင်ကို ဘယ်မှာရှာဖွေနေကြပါသလဲ။ ခရစ်တော်သခင် အသေအချာမှာခဲ့တာတော့ - အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင် ပြုစုကြပြီ (မာတေဦး ၂၅း၄၀)။ ထို့ကြောင့် ကျွန်တော်တို့တတွေလည်း ကိုယ်တော်သခင် ရာဘောနီ ယေဇူးခရစ်တော်အား အသိမ်ငယ်ဆုံးသော ကျွန်တော်တို့၏ညီအစ်ကိုများဖြစ်သည့် ဆင်းရဲသောသူများ၊ ဒုက္ခရောက်နေသူများ၊ ဝေဒနာခံစားနေရသူများ၊ နာမကျန်းသူများ၊ အစွန့်ပစ်ပယ်ခံရသူများ၊ လူ့အသိုင်းဝိုင်းမှ ပစ်ပယ်ခံရသူများ၊ အကျဉ်းခံနေရသူများ၊ စသည့် အကူအညီလိုအပ်နေသူများကြားမှာ ရှာဖွေရင် ပြီးပြည့်စုံလင်သော ပါစကားပွဲတော်၏ အနှစ်သာရကို ခံစားရရှိကာ ခရစ်တော်ဘုရားအား ဖူးမျှော်နိုင်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . . 

ဒိုမီနီကန် (ကိုရင်)