Saturday, 23 May 2015

သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်း


သံယောဟန်ကျမ်း ၁၅း၂၆-၂၇၊ ၁၆း၁၂-၁၅
ယနေ့ဟာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်းပွဲနေ့ဖြစ်ပါတယ်။ အချို့သောဓမ္မသဂြုလ်ရှင်များက ထိုနေ့ကို အသင်းတော်မွေးဖွားရာနေ့ဟုလည်း ခေါ်ဆိုသမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနေ့မှာ တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွတော်မူပြီး လူမျိုးတကာကြားမှာ ဧ၀ံဂေလိတရားတော်ကို စတင်ဟောပြောရာနေ့၊ အသင်းတော်စတင်တည်ထောင်ရာနေ့ဖြစ်သောကြောင့်ဟု ဆိုကြပါတယ်။ ပွဲတော်၏မူလအစကတော့ ဂျူးလူမျိုးတို့၏ ရှာဘုတ် (Shavout)ဟူသော ပွဲတော်အားဖြင့် ဂရိအမည် ရက်ပေါင်း ငါးဆယ်ပြည့်သည့်နေ့ဟုအဓိပ္ပာယ်ရသော ပန်တေကော့စတေ (pentekoste) အားဖြင့် ခရစ်ယာန်ဝတ်ပြုရာဓလေ့မှာ ယေဇူးခရစ်တော်ရှင်ပြန်ရာနေ့မှစတင်ကာ ရက်ပေါင်းငါးဆယ်ပြည့်သည့်နေ့တွင် တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွရာနေ့အဖြစ် ကျင်းပပါတယ်။

တမန်တော်ဝတ္ထုကျမ်း ဂျေရုဇလင်မြို့သို့ဘုရားဖူးလာကြသော လူမျိုးပေါင်းစုံဟာ တမန်တော်ကြီးများပြောဆိုသည့် စကားသံတစ်မျိုးတည်းကို မိမိတို့ဘာသာစကားများအတိုင်း ကြားကြရသည်ဟု ဆိုကြပါတယ်။ အမှန်တကယ်တော့ ဒါဟာ တမန်တော်ကြီးများ၏ဘာသာစကားကျွမ်းကျင်မှု့ကို ဆိုလိုကြခြင်းမဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လုပ်ဆောင်ချက် အံ့ဖွယ်လက္ခဏာကြောင့် လူမျိုးများအကြား နားလည်ဆက်သွယ်နိုင်ကြခြင်းသာ ဖြစ်ပါတယ်။

ယေဇူးခရစ်တော်၏တပည့်တော်ကြီးများအား သေချာလေ့လာစမ်းစစ်ကြည့်လျှင် ၎င်းတို့တတွေဟာ အတတ်ပညာရှင်များလည်းမဟုတ်၊ ကျမ်းတတ်ဆရာကြီးများလည်းမဟုတ်၊ သြဇာအာဏာကြီးမားသူများလည်း မဟုတ်ကြသလို၊ အစွမ်းအစရှိသူများလည်း မဟုတ်ကြပါဘူး။ သို့သော်လည်း ထိုသို့သောပုဂ္ဂိုလ်ကြီးများဟာ ၀ိညာဉ်တော်ဘုရား၏အလင်းကျေးဇူးကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းဝေးလာပြီး ခရစ်တော်၏ သတင်းကောင်းနှင့် ထာဝရကယ်တင်ခြင်းတရားကို ရဲဝံ့ပြောင်မြောက်စွာ ဟောပြောသက်သေခံနိုင်လာကြသည့် ကောင်းကင်နိုင်ငံ၏မဟာတမန်တော်ကြီးများ ဖြစ်လာခဲ့ကြပါတယ်။ အညတရ တမန်တော်ကြီးများဟာ ၀ိညာဉ်တော်အလင်းကျေးဇူးတော်ဖြင့်ပြည့်ဝလျက် ခရစ်တော်၏နာမတော် တန်ခိုးလက္ခဏာများကို ပြုလုပ်နိုင်ခဲ့ကြတယ်။ တရားတော်နှင့်ဆိုင်ရာာဏ်ပညာအလင်းများလည်း ပွင့်လင်းလာကာ တကယ့်ကို ဦးဆောင်လမ်းပြနိုင်စွမ်းရှိသော ခေါင်းဆောင်ကြီးများသဖွယ်၊ ပရော်ဖက်ကြီးများအဖြစ်သို့ ရောက်ရှိလာခဲ့ကြတယ်။ ယေဇူးခရစ်တော်ကိုယ်တော်တိုင်လည်း တပည့်တော်ကြီးများအား များစွာသောအကြောင်းအရာများ ပြောစရာရှိသော်လည်း ၎င်းတို့ခံယူနိုင်စွမ်းမရှိကြသေး၍ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းတရားလိုအပ်နေကြောင်း မီးမောင်းထိုးပြခဲ့ကာ ထိုဝိညာဉ်တော်အားဖြင့် သူတို့တတွေဟာ သမ္မာတရားအကြောင်း အလုံးစုံကို သိစေမည်ဟု ပြောဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်နှင့်အစွမ်းတန်ခိုးကို မိမိဘ၀မှာ တွေ့ကြုံခံစားဖူးပါသလား။ ဒါမှမဟုတ် တွေ့ကြုံခံစားဖူးတာကို သတိထားမိဖူးပါသလား။

ခရစ်တော်၏နောက်သို့လိုက်နေသည့် ခရစ်ယာန်တစ်ဦးအတွက် ၀ိညာဉ်တော်ကျေးဇူးမရှိလို့ မဖြစ်ပါဘူး။ ၀ိညာဉ်တော်ကျေးဇူးမပါဘဲ ခရစ်ယာန်ဘ၀ကို လျှောက်လှမ်းဖို့လည်းမဖြစ်နိုင်ပါဘူး။ ထို့ကြောင့်လည်း ခရစ်တော်ကိုယ်တော်တိုင် ၀ိညာဉ်တော်ဘုရားစေလွှတ်ပေးဖို့ ကတိထားခဲ့သလို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်ပင် အဖခမည်းတော်၏အမှု့တော်ကိုထမ်းရွက်ဖို့ ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်းခံယူ၍ ၀ိညာဉ်တော်ဖြင့်ပြည့်ဝစေခဲ့ပါတယ်။ ထို့အတူ ကျွန်ုပ်တို့တတွေအတွက်လည်း သံယောဟန်ဗတ္တိဇံ၏ ရေဆေးကြော်ခြင်းထက် ၀ိညာဉ်တော်ဖြင့်ပြည့်ဝသည့် ဆေးကြော်ခြင်းစက္ကရမင်တူးကို ပေးခဲ့ပါတယ်။ ဤစက္ကရမင်တူးအားဖြင့် ခရစ်ယာန်ဘ၀ထဲသို့ ၀ိညာဉ်တော်ပြည့်ဝစွာဝင်ရောက်နိုင်ကြပါတယ်။ သို့မှသာ ခရစ်တော်နောက်သို့လိုက်နိုင်လာသည့် ခရစ်ယာန်တစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒါဟာ နောက်ဆုံးမဟုတ်ပါဘူး။ ခရစ်ယာန်ဘ၀အတွက် လမ်းတလျှောက်မှာလည်း ၀ိညာဉ်တော်ကျေးဇူးများ ဆက်လက်ပေးသနားနေပါတယ်။ ဘုရားသခင်စီမံပေးထားသည့် အကြီးမြတ်ဆုံးသော ကျေးဇူးတော်ပင် ဖြစ်ပါတယ်။

ကိုယ်မတတ်နိုင်တဲ့အရာတွေကို ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့် ပြီးမြောက်အောင်မြင်သွားတာမျိုး၊ ဒါမှမဟုတ် ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ဆက်ကပ်နိုင်မှုခွန်အား လျော့နဲနေချိန် ၀ိညာဉ်တော်အလင်းတရားဖြင့် တပည့်တော်ကြီးတွေလို ရဲရဲဝံ့ဝံ့ဖြင့် ဆက်လက်လျှောက်လှမ်း နိုင်သည့်အဖြစ်မျိုး၊ ဒါမှမဟုတ် မိမိ၏အတ္တမာနကြောင့် ခွင့်မလွှတ်နိုင်တဲ့အခြေအနေမျိုးမှာ ၀ိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ခွင့်လွှတ်နိုင်သည့်အခြေအနေမျိုး၊ ဒါမှမဟုတ် မိမိအလိုဆန္ဒမှာ သဘောကျတတ်မိတဲ့ မကောင်းသည့်အရာ၊ တပါးသူအားထိခိုက်စေမယ့်အရာမျိုး၊ အထူးသဖြင့် တရားမျှတမှုနှင့် မေတ္တာတရားဝေမျှဖို့ရန်အတွက် ကြောက်ရွံ့နေတဲ့အခါမျိုးမှာ ၀ိညာဉ်တော်၏ကျေးဇူးတော်ဖြင့် ပြုလုပ်အောင်မြင်သွားတာမျိုး စသဖြင့်သော တန်ခိုးအံ့ဖွယ်တွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ နိစ္စဓူဝလို ဖြစ်နေတဲ့ တန်ခိုးအံ့ဖွယ်တွေပါပဲ။ ဒါတွေကို သတိထားမိကြပါရဲ့လား။

ခရစ်ယာန်ဘ၀အသက်တာဆိုတာ လူတိုင်းအတွက် အထူးအဆန်းဟုတ်လျှင်မှ ဟုတ်ပါလိမ့်မယ်။ သို့ပေမယ့်လည်း ခရစ်ယာန်ဘ၀ကို နားလည်တဲ့လူတိုင်းအတွက်တော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀အသက်တာတစ်ခုပါ။ ခရစ်ယာန်ဘ၀အသက်တာအတွက် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးမှာ ဆေးကြောခြင်းမင်္ဂလာခံယူလိုက်အချိန်ကတည်းက ကျွန်တော်တို့ဘ၀ဟာ အသွင်သဏ္ဍာန်ပြောင်းလဲကာ ကမ္ဘာကြီးအားကြည့်သည့် ကျွန်တော်တို့ရဲ့အမြင်တွေ ပြောင်းလဲလာကာ ပြည့်စုံတဲ့ဘ၀ကို မှန်ကန်စွာဦးတည်ပြီး ထာဝရအသက်ဖြင့် ဘုရားသခင်ကို ဖူးမျှော်နိုင်ရန် အနာဂတ်အိပ်မက်တွေ ရှင်သန်နေပါတယ်။ ဒီနေ့ဒီအချိန် ကျင်းပနေကြတဲ့ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွတော်မူခြင်းပွဲတော်ဟာ ထိုအနာဂတ်အိပ်မက်တွေ ရှင်သန်စေဖို့ ကျေးဇူးတော်ပါပဲ။ 

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာာပညာအလင်းကျေးဇူးရရှိကာ သမ္မာတရားနှင့်ဆိုင်ရာအလုံးစုံကို ထိုးဖောက်မြင်နိုင်လာပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ နားလည်ခြင်းကျေးဇူးရရှိကာ ခရစ်တော်နောက်လိုက်ဖို့ရန် ဘာတွေလိုအပ်သလဲ၊ ဒါမှမဟုတ် ခရစ်ယာန်ဘ၀အသက်တာကို ကောင်းကောင်းနားလည်းကာ ပြီးပြည့်စုံအောင် တဖြည်းဖြည်းကျင့်ကြံဆောက်တည်လာပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ အကြံညဏ်များရရှိကာ အရာရာကို မှန်မှန်ကန်ကန် ကောက်ချက်ချဆုံးဖြတ်တတ်လာပါတယ်။ အမှားနှင့်အမှန်ကိုခွဲခြားသိလာပြီး ရှောင်ရန်ဆောင်ရန်များကို သေသေချာချာသိလာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ခွန်အားသတ္တိများဖြင့်ပြည့်စုံလာကြပါတယ်။ ခရစ်ယာန်ဘ၀မှာ ကြုံတွေ့ရသည့်အခက်အခဲများကို ထိုခွန်အားသတ္တိများဖြင့် ကျော်ဖြတ်လာနိုင်ကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ တတ်သိပညာများတိုးတက်လာပါတယ်။ ဘုရားသခင်စီမံရာကို နားလည်လာပြီး မှန်ကန်သည့်လမ်းစဉ်ကို ရွေးတတ်လာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ယဉ်ကျေးသိမ်မွေ့ကာ ဘာသာတရားမှာ ကိုင်းရှိုင်းလာကြပါတယ်။ ဘုရားသခင်နှင့်အသင်းတော်ကို လေးစာတတ်လာသလို လူသားအချင်းချင်းလည်း လေးစားတတ်လာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်အားကြောက်ရွံ့ရိုသေလာကြပါတယ်။ ဤသို့အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့် ကြီးမြတ်ခြင်းကို အသိမှတ်ပြုလာပြီး ဘုရားသခင်မိန့်ဆိုထားသော ပြီးပြည့်စုံသည့်ဘ၀ကို လျှောက်လှမ်းလာကြပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုလည်း တန်ဖိုးထားမြတ်နိုးလာကြပါတယ်။

ဤကျေးဇူးတော်တွေအားဖြင့် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ တဖန်မွေးဖွားခြင်းခံယူနေသူ ဘုရားဖူးခရီးသည်များဖြစ်ကြပါတယ်။ ထို့ကြောင့် ယနေ့သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်များ ထပ်မံတောင်းလျှောက်ရင်း မိမိတို့၏ခရစ်ယာန်ဘ၀အသက်တာများကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Saturday, 4 April 2015

အီစတာပွဲတော်ကြီးနှင့် အီစတာသတင်းကောင်း



ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမများ အားလုံးကို ၀မ်းမြောက်ပျော်ရွှင်ဖွယ် အီစတာပွဲတော်ပါဟု နှုတ်ခွန်းဆက်ပါရစေ။
သမိုင်း၏သေချာလှတဲ့ အချိန်အခါတစ်ခုမှာ၊ တိကျတဲ့နေရာနှင့် ကြီးကျယ်ထင်ရှားသော ရောမအင်ပါယာကြီးတွင် သမရိုးကျဖြစ်စဉ်တစ်ခုလို ရိုးရှင်းစွာဖြစ်ခဲ့သော်လည်း ထူးဆန်းနက်နဲဖွယ်ရာတို့ဖြင့် လွှမ်းခြုံနေတဲ့ ထိုအဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။ အဖြစ်အပျက်တို့က သုံးရက်အတွင်း လျင်မြန်လွန်းစွာဖြစ်ပျက်သွားခဲ့သော်လည်း ထိုအဖြစ်အပျက်လေးကိုတော့ ယနေ့နှစ်ပေါင်း နှစ်ထောင်ကျော်သွားသည့်တိုင် မရိုးနိုင်ဘဲ ပြော၍မဆုံး ဖြစ်နေသလို၊ ၎င်း၏နက်ရှိုင်းမှု့မှာလည်း ယနေ့တိုင် ဓမ္မသဂြိုလ်ပညာရှင်တို့ အပြည့်အ၀ နားမလည်နိုင်ကြသေးဘဲ ဖြစ်နေလျက်ပါ။ ထိုအဖြစ်အပျက်လေးကို ယနေ့မှာတော့ အီစတာပွဲတော်ဟု လူသားတို့သိရှိနေကြပါပြီ။ ထိုအီစတာပွဲတော်မှာ နာဇရက်မြို့သား ယေဇူးခရစ်တော်၏ အသေခံယူခြင်း၊ သင်္ဂြိုလ်ခံယူခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းတို့ပါပဲ။
ခရစ်တော်သခင်ဟာ ငရဲတံခါးတို့ကိုဖြိုခွင်းပြီး ငရဲမှကျေးကျွန်များအားလုံးကို လွတ်မြှောက်ပေးလိုက်ပါပြီ။ သူအရှေ့မှ လူသားတို့သမိုင်းကြွေးများကို ပေးဆပ်လိုက်ပြီ။ မိုးဇယ်၏ဥပဒေအချုပ်အနှောင်မှ လွတ်မြောက်စေပြီး ချစ်ခြင်းမေတ္တာအားဖြင့် သေဆုံးခြင်းမရှိ၊ ထာဝရအသက်နှင့် ဖြောင့်မတ်ခြင်းတရားတို့ တည်ရှိသော ကောင်းကင်နိုင်ငံခရီးလမ်းသို့ ခရစ်တော်ဦးဆောင်ခေါ်နေပါပြီ။ ထို့ကြောင့် ခရစ်တော်၏သေခြင်းတရားမှာ ကျွန်တော်တို့အတူတကွပါဝင်ကြလျှင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းမှာလည်း အတူတကွပါဝင်နိုင်ကြပါလိမ့်မယ် (ရောမ ၆း၈)။ သို့ဖြစ်၍ ကျွန်တော်တို့ ခရစ်ယာန်များဟာ ဆေးကြောခြင်းမင်္ဂလာခံယူစဉ်ကတည်းကစပြီး မိမိတို့၏ဘ၀အဟောင်း၊ အပြစ်များအားလုံးနှင့်အတူ ခရစ်တော်နှင့်အတူတကွ အသေခံခဲ့ကြပြီးဖြစ်၍ ယနေ့ ခရစ်တော်နှင့်အတူ ရှင်သန်နေကြပြီး နောင်တမလွန်မှာလည်း ခရစ်တော်နှင့်အတူတကွ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်ကျင့်ကြံစောင့်တည်နေကြသည်မှာ ဧကန်မုချပင် ဖြစ်ပါတယ်။
ခရစ်တော်နှင့်အတူ ကျွန်တော်တို့ခရစ်ယာန်တွေ ဘယ်လိုအသေခံပြီး ဘယ်လိုအသက်ရှင်နေကြပါသလဲ။
တစ်နေ့က ဗုဒဘာသာဝင်လူငယ်တစ်ဦးက ကျွန်တော်ရဲ့စာလုံးပေါင်းအမှား ဒုက္ခစရိယာကို ဒုက္ကစရိယာ ရေးမိခြင်းအား ဖတ်မိပြီး ဒုက္ကစရိယာတော့ မဖြစ်နိုင်ဘူး ဒုက္ကရစရိယာပဲ ဖြစ်ရမယ်လို့ ယူဆပြီး ထိုဝေါဟာရအကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။ ဒုက္ကရစရိယာဆိုတာ ဗုဒ္ဓဘာသာမှာ ပြင်းထန် အစွန်းရောက်သည့်လမ်းစဉ်မှားလို့ အနက်ဖွင့်ဆိုပါတယ်တဲ့။ ထို့နောက် ခရစ်ယာန်မှာလည်း ဒုက္ကရစရိယာရှိပါသလားဟု မေးမြန်းပါတယ်။ ကျွန်တော်လည်း ဒုက္ခစရိယာရေးခြင်းဖြစ်၍ ဒုက္ကစရိယာမဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ ထို့နောက် ခရစ်ယာန်ဘာသာတရားမှာ ဒုက္ကရစရိယာဟူသော ပြင်းထန်သည့်လမ်းစဉ်မှားဆိုတာလည်း မရှိသလို၊ အခြားသော မဇ္မိပဋိပဌာဆိုသည့် အလယ်လတ်လမ်းစဉ်ဆိုတာလည်း ခွဲမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုလမ်းစဉ်တွေဆိုတာ ဒဿနတစ်ခုခုသာ ဖြစ်တယ်လို့မြင်ပါတယ်။ အစွန်းရောက်ခြင်းဟာ မကောင်းပါ။ ခရစ်တော်သွန်သင်ချက်မှာတော့ မေတ္တာတရားပါပဲ ဘုရားသခင်ကို ကိုယ်စိတ်နှလုံးဖြင့် အစွမ်းကုန်ချစ်ရမယ်၊ မိမိနှင့်နီးစပ်သူ တစ်ပါးသူကိုလည်း မိမိကိုယ်ကိုချစ်သကဲ့သို့ ချစ်ခင်ရမယ်၊ ထို့အပြင် ရန်သူကိုပင် ချစ်ခင်ရမယ်ဟူ၍ မေတ္တာတရားမှာ အရင်းတည်ကာ မေတ္တာတရားမှာ အကျဉ်းချုပ်နိုင်သည့် တရားလမ်းစဉ်ပင် ဖြစ်ပါတယ်။
အစွန်းရောက်ခြင်းဟာ ဘာသာတရားတိုင်းမှာလိုလို၊ နိုင်ငံရေးတိုင်းမှာလိုလို၊ အတွေးအခေါ်အယူဝါဒတိုင်းမှာလိုလို ရှိတတ်စမြဲပါ။အကြောင်းရင်းကတော့ တရားကို ညဏ်ဖြင့် တွဲပြီး မကျင့်ကြံဘဲ တစ်ဘက်ဘက်မှာ အယူသန်ပြီး ၀ါဒဆွဲတွေဖြစ်သွား၍ကြောင့်သာ ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့တတွေဟာ အမှန်တရားနှင့်  မေတ္တာတရားကို သက်သေခံကြရမည့်သူများ ဖြစ်ပါတယ်။ ထို့ကြောင့် ခရစ်ယာန်ဟုခေါ်ခံထိုက်ပါတယ်။ 

ထို့ကြောင့်၊ ချစ်စွာသော ခရစ်ယာန်ညီအစ်ကိုမောင်နှမများ၊ ခရစ်တော်နောက်တော်သို့လိုက်နေလျက် ခရစ်တော်၏သွန်သင်ချက်တွေကို မမေ့ကြပါနှင့်။ အထူးသဖြင့် မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာခြင်းကို မမေ့ကြဘဲ ထိုတရားများအား ကမ္ဘာလောကကြီးတစ်ခုလုံးအား ဝေမျှဖို့ တာဝန်ကိုယ်စီ ရှိနေတာကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပါ။ 
ဤနေ့ပါစကားပွဲတော်နေ့။ ခရစ်သခင်ဟာ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် လောကသား အားလုံးအတွက် ပျောက်ဆုံးနေသော ကောင်းကင်နိုင်ငံတော်အနာဂတ်မျှော်လင့်ချက်ကို ပေးစွမ်းခဲ့ပါပြီ။ ကျွန်တော်တို့တတွေဟာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းကျေးဇူးတော်များကို  မေတ္တာတရားနှင့် ကျင့်ဆောက်တည်နိုင်ပါပြီ။ ဘ၀ဆိုတာ တစ်ခုခုကို အမြဲရှာဖွေနေခြင်းပါပဲ။ ဘ၀မှာ ရှာဖွေစရာမရှိတော့ဘူး ဆိုတာနဲ့ ကျွန်တော်တို့တတွေဟာ စိတ်လေပြီး ငြီးငွေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ဘ၀ကို အမြဲရှင်သန်နေဖို့ ရှာဖွေခြင်းတစ်ခုခုကို အမြဲပြုလုပ်နေရပါလိမ့်မယ်။ 
မာရိယာမာဒလေနားလည်း ကိုယ်တော်ဘုရားကို ရှာဖွေနေပါတယ်။ သူမ၏စိတ်ထဲမှာ ကိုယ်တော်ဘုရားကို အခြားလူတစ်စုက အဝေးတစ်နေရာသို့ ယူဆောင်သွားကြပြီလို့ ထင်မှတ်နေပါတယ်။ သို့သော်လည်း ဘယ်ကို သယ်ဆောင်သွားကြသလဲဆိုတာ သူမ မသိပါ။ ထို့ကြောင့် သူမလည်း ကိုယ်တော်ဘုရား၏အလောင်းတော် သွင်းထားရာ ကျောက်ဂူဝမှာ ထိုင်ငိုနေပါတယ်။ ၎င်းကိုသိ၍ ကိုယ်တော်ဘုရား ကြွလာပြီး သူမအား မည်သူ့ကို ရှာဖွေနေပါသလဲလို့ မေးမြန်းပါတော့တယ်။အမှန်တကယ်တော့ ကိုယ်တော်ဘုရားကို ရှာဖွေဖို့ ကိုယ်တော်ဘုရားကိုယ်တော်တိုင် ပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤရှာဖွေခြင်းမှာပဲ ကျွန်တော်တို့ဘ၀၏ ရှင်သန်ရာ အကြောင်းအရင်း ဖြစ်နေလို့ပါ။ ဘုရားကို ရှာဖွေတယ်ဆိုတာ ဘ၀မှာ အကြီးမြတ်ဆုံး ရှင်သန်ရာအကြောင်းရင်းပါပဲ။ ကိုယ်တော်ဘုရားကို တွေ့ရှိ သိမှတ်ချိန်မှာတော့ မာရိယာတစ်ယောက် "ရာဘောနီ" ဟုဝမ်းသာအားရဖြင့် ခေါ်ဆိုလိုက်ပါတော့တယ်။ ရာဘောနီဆိုသည်မှာ ဆရာသခင်ဟု ဆိုလိုပါတယ်။ 
မိတ်ဆွေခရစ်ယာန်အပေါင်းတို့၊ ဒီနေ့ ကျွန်တော်တို့တတွေလည်း မာရိယာမာဒလေနားလို ကိုယ်တော်ကို ရှာဖွေနေတဲ့ ဘ၀ခရီးရှာပုံတော်မှ ရှာဖွေနေသူတွေပါပဲ။ ရာဘောနီ (ဆရာသခင်)ကို တွေ့ကြပြီလား။ ထိုဆရာသခင်ကို ဘယ်မှာရှာဖွေနေကြပါသလဲ။ ခရစ်တော်သခင် အသေအချာမှာခဲ့တာတော့ - အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင် ပြုစုကြပြီ (မာတေဦး ၂၅း၄၀)။ ထို့ကြောင့် ကျွန်တော်တို့တတွေလည်း ကိုယ်တော်သခင် ရာဘောနီ ယေဇူးခရစ်တော်အား အသိမ်ငယ်ဆုံးသော ကျွန်တော်တို့၏ညီအစ်ကိုများဖြစ်သည့် ဆင်းရဲသောသူများ၊ ဒုက္ခရောက်နေသူများ၊ ဝေဒနာခံစားနေရသူများ၊ နာမကျန်းသူများ၊ အစွန့်ပစ်ပယ်ခံရသူများ၊ လူ့အသိုင်းဝိုင်းမှ ပစ်ပယ်ခံရသူများ၊ အကျဉ်းခံနေရသူများ၊ စသည့် အကူအညီလိုအပ်နေသူများကြားမှာ ရှာဖွေရင် ပြီးပြည့်စုံလင်သော ပါစကားပွဲတော်၏ အနှစ်သာရကို ခံစားရရှိကာ ခရစ်တော်ဘုရားအား ဖူးမျှော်နိုင်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . . 

ဒိုမီနီကန် (ကိုရင်)

Sunday, 29 June 2014

သံပေတရူးနှင့် သံပေါလူးတို့ပွဲနေ့ကြီး။


ဇွန်လ ၂၉ ရက်နေ့၊ သံပေတရူးနှင့် သံပေါလူးတို့ပွဲနေ့ကြီး။
ဤပွဲနေ့ကြီးတွင် သံပေတရူးနှင့် သံပေါလူးကို တွေ့ဆုံခဲ့ရသော စိန်ဒေါမီနစ်၏ ရူပါရုံလေးကို ဝေမျှလိုပါတယ်။
ပုပ်ရဟန်းမင်းကြီးက အသစ်တည်ထောင်မည့် တရားဟောသူများအသင်းဂိုဏ်းအား ကမ္ဘာတဝှမ်းလုံးတွင် တိုးချဲ့မည်ဆိုလျှင် တရားဟောရဟန်းတော်များ နည်းပါးခြင်းကြောင့် စိန်ဒေါမီနစ်ဟာ စိတ်သောက ရောက်ခဲ့ရပါတယ်။ ညတစ်ညတွင် ဒေါမီနစ်သည် စိန်ပီတာဘုရားကျောင်းထဲ၌ ဆုတောင်းနေစဉ်၊ စိန်ပီတာနှင့် စိန်ပေါလ် တို့သည် သူ့အား ကိုယ်ထင်ပြကာ လှုံ့ဆော်ပေးခဲ့တယ်။ စိန်ပီတာသည် သူ့အား တောင်ဝှေးတစ်ချောင်းပေးခဲ့ပြီး စိန်ပေါလ်သည် သမ္မာကျမ်းစာအုပ်တစ်အုပ် ပေးခဲ့သည်။ ထိုနောက် သူ့အား “သင့်အား ဘုရားသခင် ရွေးချယ်တော်မူ၏ သွား၍ ဟောပြောလော” ဟုဆိုခဲ့ကြတယ်။
ဒေါမီနစ်သည်သူ့၌အပေါင်းဖော် အနည်းငယ်သာရှိသည်ဟု ညည်းတွား နေချိန်တွင်၊ သူ၏အပေါင်းဖော်များသည် နှစ်ယောက်တတွဲ, တွဲ၍ ဘုရားသခင်၏ နာမတော်၌ ကမ္ဘာတဝှမ်းလုံးအား တရားဟောရန် ပြင်ဆင်နေကြောင်း ရုတ်တရက် တွေ့မြင်ခဲ့ရသည်။
ယနေ့ ကျွန်ုပ်တို့အသင်းတော်ကြီးအတွင်း သံပေတရူးနှင့် သံပေါလူးပွဲတော်ကို အတူတကွ ပူးတွဲ၍ ကျင်းပလေ့ရှိပါတယ်။ ထိုတမန်တော်ကြီးနှစ်ပါးမှာ သန့်ရှင်းသောဌာန (သို့မဟုတ်) ရောမအသင်းတော်ကို ၎င်းတို့၏စိတ်အား၊ ညဏ်အား၊ သာမကဘဲ သွေးစက်တို့ဖြင့် တည်ထောင်ခဲ့ကြပါတယ်။
သံပေတရူးနှင့် သံပေါလူး - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။
Øverst i skjemaet
Nederst i skjemaet

Monday, 16 June 2014

မိုးကလည်းရွာ ထီးကလည်းမပါ

လူတစ်ယောက် ခရစ်ယာန် ဘုန်တော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။ 
လူ ။ ။ဖားသား တပည့်တော်အပြစ်ဝန်ခံချင်လို့ပါ။
ဘုန်တောကြီး။ ။ပြော ငါ့သား 
လူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတယောက်အိမ်သွားလည်တာ သူငယ်ချင်လည်းမရှိဘူး
သူ့မိန်းမပဲရှိတယ်။ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်
မိုးကရွာပါလေရော။ခက်တာက ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာ
ထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့ သိပ်ပြီး အပြစ်မရှိပါဘူး
လူ ။ ။တနေ့က ခယ်မအိမ်သွားအလုပ်ရှိလို့သွားတာ
ခယ်မခင်ပွန်းကလည်းမရှိဘူး။ဒါနဲ့ပြန်မယ်လည်းလုပ်ရော
မိုးကရွာပါလေရော။ကျွန်တော်မလည်း ထီးလည်းမပါဘူး။ဒီတော့
မိုးကလည်းရွာထီးကလည်းမပါနဲ့ခယ်မနဲ့ မှားခဲ့ပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့
သိပ်ပြီး အပြစ်မရှိပါဘူး။
လူ ။ ။ဟိုနေ့ကလည်း ယောက်ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး
ဘယ်သူမှမရှိဘူး ။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်း
မိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မိပြန်ရော။
ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။
ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား....
လူ ။ ။မပါဘူးလေ ဘာဖြစ်လို့လည်း။
ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့။

ဝန်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့လာကြလော့


  အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 
ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့်အောက်ရပ်လူ့ပြည်မှအပ်ငယ်နှစ်ချောင်းထိပ်ခြင်းတိုက်ပါသော်မှလူအဖြစ်ကားရခဲစွတည်း၊အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။
လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။
တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။
`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။
ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

၁။ သြကာသလောက။

အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊

၂။ သတ္တလောက။

တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။

၃။ နိစ္စလောက။

ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။
ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။

၎။ အနိစ္စလောက။

“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။
ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။
ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။

၅။ နိစ္စဘုံသို့သွားရာလမ်း။

ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။
အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။
ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။
ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။
“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။
“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။
ခရစ်တော်၏ အမှုတော်မြတ်၌

Sunday, 6 April 2014

ခရစ်ယာန်ဂိုဏ်းကွဲများ စတင်ပေါ်ပေါက်လာပုံ

KCC Austin's Video မှ အင်္ဂလိပ်စာတန်းထိုးကို မြန်မာလိုဘာသာပြန်ဆိုထား
သော (ခရစ်ယာန်ဂိုဏ်းကွဲများ ပေါ်ပေါက်လာပုံ အကြောင်း)ကိုဝေငှပါရစေ။

သင်ရဲ့အသင်းတော်ကို ဘယ်သူတည်ထောင်ထားခဲ့ပါသလဲ………
သင်ရဲ့အသင်းတော်ကို ဘုရားရှင်တည်ထောင်ထားခဲ့တာလား……….
ဒါမှမဟုတ
် လူဂ္ဂိုလ်ကသာ ဖွဲ့စည်းတည်ထောင်ခဲ့တာလား………….
ခရစ်တော်ရဲ့ စစ်မှန်သောအသင်းတော်ဆိုတာ တစ်ခုတည်းသာရှိနိုင်ပါသည်။
ဘာကြောင့်လဲဆိုတော့ များပြားလှသောအသင်းတော်ဂိုဏ်းဂဏများဟာ စစ်မှန်သော ယုံကြည်ချက်နဲ့မှန်ကန်စွာ သမ္မာကျမ်းစာတော်ကို အဓိပ္ပါယ်ဆိုဖွင့်ချက်တို့ကိုပြ ဌာန်းနေ ကြလို့ပါဘဲ။ ပြဌာန်းချက်တွေအားလုံးဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုရှိချင်ရှိပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကရှုပ်ထွေးမှုတွေဖြစ်စေမဲ့သူ တစ်ဦးတော့မဟုတ်တာတော့သေချာပါတယ်။ ဒီအသင်းတော်တွေအားလုံး မမှန် ကန်နိုင်ပါဘူး။ မစစ်မှန်တဲ့အသင်းတော်ထဲ သင်ရောက်နေမယ်ဆိုရင်ရော… စစ်မှန်တဲ့အသင်းတော်ကို သင်မသိချင်ဘူးလား…ရှင်းလင်းသေချာတာ တစ်ခု ကတော့ ခရစ်တော်သ္ခင်ကိုယ်တော်တိုင် တည်ထောင်ထားတဲ့အသင်းတော်
သာ တကယ်စစ်မှန်တဲ့ တစ်ခုတည်းသော အမိအသင်းတော်ဖြစ်ပါတယ်။ သမိုင်းကြောင်း ခေတ်အဆက်ဆက်မှာ လွဲမှားဆိုးသွမ်းတဲ့သူတချို့ပေါ်ပေါက်ခဲ့ပြီး အတုအယောင်အသင်းတော်တွေတည်ထောင်ခဲ့သလို မိစ္ဆာဒိဌိအယူဝါဒတွေကို လည်းသွန်သင်ခဲ့ပါတယ်။ ကျွန်ုပ်တို့သ္ခင်ခရစ်တော်ဟာ ဘယ်အသင်း တော်ကို တည်ထောင်ထားခဲ့ပြီး လူပုဂ္ဂိုလ်တွေကတော့ ဘယ်အသင်းတော်တွေကိုတည်ထောင် ထားခဲ့ တယ်ဆိုတာသိရအောင် ကျွန်ုပ်တို့အားလုံး ပြီးခဲ့တဲ့အချိန်ကာလတွေကိုလေ့ လာကြည့်ကြရအောင်….. အမှန်တရားကိုသင်လက်ခံနိုင်မယ်ဆိုရင်….

၁။ Assyrian Church of the East အသင်းတော်ဆိုရင် AD 431, Ephesus မှာကျင်း ပတဲ့ Council of Ephesus ကိုလက်မခံငြင်းပယ်ခဲ့တဲ့ Assyrian ဆရာတော်များ ဦးဆောင်ပြီး ကက်သလစ်အသင်းတော်မှ ခွဲထွက်သွားခဲ့တာဖြစ်ပါတယ်။

၂။ Oriental Orthodox Church အသင်းတော်ဟာ AD 451 မှာကျင်းပတဲ့ Council of Chalcedon ဆုံးဖြတ်ချက်ကို ငြင်းပယ်ပြီး အရှ့ပိုင်းဆရာတော်အချို့ဦးဆောင်မှုဖြင့် ကက်သလစ်အသင်းတော်မှ ခွဲထွက်သွားခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။

၃။ Eastern Orthodox Church ဆိုတာလည်း AD 1054 မှာကက်သလစ် အသင်း တော်မှ ခွဲထွက်ခဲ့တဲ့အသင်းတော်ပဲဖြစ်ပါတယ်။

၎။ Lutheran Church (လူသာရင် အသင်းတော်)ဆိုရင် AD 1517 မှာ Fr. Martin Luthre ဦးဆောင်ပြီး ကက်သလစ်အသင်းတော်မှ ခွဲထွက်သွားခဲ့တဲ့ အသင်းတော်ဖြစ် ပါတယ်။ Fr. Martin Luther ဟာ Augustinian ရသေ့ဂိုဏ်းဝင် ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး Protestant ဂိုဏ်းကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါ တယ်။ အသင်းတော်နဲ့ခွဲထွက်ပြီးနောက် အိမ်ထောင်သားမွေးအလုပ်မပြုခြင်းကတိ ကိုဖောက်ဖျက်ပြီး သီလရှင်တစ်ပါးနဲ့လက်ထပ်ခဲ့ပါတယ်။ ယုံကြည်ချက်(ယုံကြည်ခြင်း) တစ်ခုတည်းဖြင့်သာ အမှန်တရားဖြစ်စေသည်ဟူသော လွဲမှားသောအယူဝါဒကို သွန် သင်ခဲ့ပြီး (ရောမ ၃း၂၈)တွင် ယုံကြည်ခြင်းဆိုတဲ့စာသားကို “တစ်ခုတည်းဖြင့်သာလျှင်” ထပ်ပေါင်းထည့်တာသာမက (ယာကုပ် ၂း ၂၄)တွင်လည်း ရှင်ယာကုပ်ကျမ်းမှ “ ယုံကြည်ခြင်းတစ်ခုတည်းသာလျှင်မဟုတ်” ဆိုတဲ့ စာသားကို ဖြုတ်ချင်ခဲ့သူတစ်ဦး လဲဖြစ်ပါတယ်။

၅။ အင်္ဂလီကန်အသင်းတော်ဟာ AD 1534 မှာ အင်္ဂလန်နိုင်ငံ၌ ဟင်နရီဘုရင်VIII တည်ထောင်ခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။ ဟင်နရီဘုရင်VIIIသည် ရှင်မသဲ 19: 9 ၌ပါသော လင်မယားကွာရှင်းခြင်း ပြသနာကို ပုပ်ရဟန်းမင်းကြီးမှအခွင့်မပေး တာ ကြောင့် ကက်သလစ်အသင်းတော်မှခွဲထွက်ပြီး အင်္ဂလီကန်အသင်းတော်ကို စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

၆။ သင်ဟာ Calvin အသင်းတော်ကဆိုရင် ဘာသာရေးယုံကြည်ချက်အယူဝါဒကို AD 1555မှာ John Calvin ကစတင်တီထွင်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ ပ-တီမောသေ 2: 4 အရ ဘုရားသ္ခင်သည် လူသားအားလုံးကိုကယ်တင်လိုသည်ဟု ဆိုထားသော်လည်း သူဟာ “ခရစ်တော်သည် လူသားအားလုံး အတွက်အသေခံခဲ့သည် မဟုတ် ဘဲ ရွေးကောက်ထားသောသူများအတွက်သာဖြစ်သည်”ဟု မှားယွင်းစွာသွန် သင် ခဲ့ပါတယ်။ (၁ကော 9: 27. ဟေဗြဲ 6: 4-6. ၂ပေတရု 2: 20-22. စသဖြင့်များစွာ …
ကျမ်းစာတော်ဆိုလိုချက်ကို ဆန့်ကျင်လျက် Calvin အသင်းတော်ဟာ “လူသားသည် ကယ်တင်ခြင်းမဆုံးရှုံးနိုင်”ဟုမှားယွင်းစွာသွန်သင်ကြေငြာခဲ့ပါတယ်။(လွဲမှားသောအယူဝါဒ၊ အယောင်ဆောင်များ နှင့်ပတ်သက်၍ ကောရိန္တု ပထမစောင် 11: 19 ကိုဖတ်ပါ။)

၇။ Presbyterian Church ကို AD 1560 မှာ John Knox က တည်ထောင်ထားခဲ့ တာဖြစ်ပါတယ်။

၈။ Baptist Church (နှစ်ခြင်းအသင်းတော်) ဟာ AD 1609 မှာ John Smyth ကတည်ထောင်ထားခဲ့တာဖြစ်ပါတယ်။

၉။ Methodist Church (မက်သဒစ်အသင်းတော်)ဟာ AD 1739 မှာ အင်္ဂလီကန် အသင်းတော်မှခွဲထွက်ပြီး John နှင့် Charles Wesley တို့ကဦးဆောင်ကာ တည်ထောင်ထားခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။

၁၀။ Episcopalian အသင်းတော်ဟာ AD 1789 မှာ Sam Seabury ကစတင် တည် ထောင်ခဲ့တာဖြစ်ပြီးအင်္ဂလီကန်အသင်းတော်ရဲ့အမေရိကန်စနစ်(ဝါ)စတိုင်လည်း ဖြစ်ပါတယ်။ အဆိုပါအသင်းတော်ဟာ လိင်တူပေါင်းသင်းဆက်ဆံခြင်းအပါအဝင် အခြားသောကိုယ်ကျင့်တရားပျက်ပြားမှုများကိုခွင့်ပြုထားတဲ့ အလွတ်လပ်ဆုံး အသင်းတော်များထဲက တစ်ခုဖြစ်ပါတယ်။

၁၁။ The Mormon Church ဆိုတဲ့ The Church of Jesus Christ of Latter-Day Saints (ခရစ်တော်၏နောက်ပေါ် ရဟန္တာများအသင်းတော်)ကို AD 1830 အမေရိ ကန်နိုင်ငံမှာ Joseph Smith ကတည် ထောင်ခဲ့တာဖြစ်ပါတယ်။ ဘုရားသ္ခင်က အခြား ဂြိုလ်တစ်ခုမှာ လူသားအဖြစ်ကနေ ဘုရားအဖြစ်ရရှိခဲ့တယ်လို့သွန်သင်ခဲ့သူလည်း ဖြစ် ပါတယ်။ လူသားတွေဟာ ဘုရားဖြစ်နိုင်ကြပြီး သူတို့ကိုယ်ပိုင်ဂြိုလ်တွေမှာ အုပ်စိုးမင်း မူနိုင်တယ်လို့ သွန်သင်ခဲ့သလို ဘုရားဖြစ်ဖို့လည်း မိန်းမတွေအများကြီးယူရမယ်လို့ ပြောဆိုကျင့်ကြံခဲ့သူလည်းဖြစ်ပါတယ်။ (အိဇာအိယ ၄၃း ၁၀ ၏ ဘုရားတစ်ဆူးတည်း ရှိသည်ကိုဆန့်ကျင်ထားတာပဲဖြစ်ပါတယ်။)

၁၂။ Church of Christ (ခရစ်တော်ရဲ့အသင်းတော်) ဟာ AD 1836 တွင် Warren Stone နှင့် Alexander Cambell တို့မှ တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ ခရစ်တော် ကိုယ်တော်တိုင် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀၀ ကျော်ကတည်းက သူကိုယ်တိုင် အသင်း တော်ကိုတည်ထောင်ထားခဲ့တာဖြစ်ပြီး ဘာလို့ခရစ်တော်ရဲ့ အသင်းတော် လို့ခေါ်ဆိုရသလဲဆိုတာ မေးခွန်းထုတ်စရာပါ။

၁၃။ Seven Day Adventist (သတ္တမနေ့ဥပုသ်အသင်းတော် (ဝါ) စနေအသင်း)ကို AD 1844 တွင် Ellen G. White မှတည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ Ellen ဟာ “Vicarius Fili Dei” ဟူသော ခေါင်းစဉ်ဟာ လာတင်းဘာသာအရ ၆၆၆ ဂဏန်းဖြစ် တာကြောင့် ပုပ်ရဟန်းမင်းကြီးကို AntiChrist (ခရစ်တော်ကိုဆန့်ကျင်သူ)လို့ နာမည် တပ်သွန်သင်ခဲ့ပါတယ်။ တကယ်တော့ ပုပ်ရဟန်းမင်းကြီးရဲ့နာမက “Vicar of Christ” (ခရစ်တော်၏အသင်းတော်ကို ဦးဆောင်သူ)ဖြစ်ပြီး “Vicarius Fili Dei” မဟုတ်တဲ့ အတွက် ၆၆၆ ပေါင်းထည့်တာမှားပါတယ်။ တကယ်တော့ Ellen G. White ဆိုတာ 
လာတင်းဘာသာအရ ၆၆၆ ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအပြင် ဓမ္မသစ်ကျမ်းကို လာတင်းဘာသာနဲ့ရေးသားခဲ့တာမဟုတ်ဘဲဂရိဘာသာနဲ့ရေးခဲ့တာဖြစ်သလို ရေးသားသူတွေကလည်းပဲ လာတင်းဘာသာစကားကို ပြောဆိုတတ်သူတွေမဟုတ်ဘဲ အရမတ်(Aramaic) စကားကိုပြောသူ တွေပဲဖြစ်ပါတယ်။ အဆိုပါအသင်းတော် ဟာ ရှေးဦးခရစ်ယာန်တွေ ကျင့်ကြံခဲ့တာကိုဆန့်ကျင်ပြီး တနင်္ဂနွေအစား စနေနေ့မှာ ဝတ်ပြုကိုးကွယ်ကြပါတယ်။

၁၄။ Jehovah အသင်းတော် (ယေဟိုးဝါးအသင်းတော်)ဟာ AD 1874 မှာ Charles Taze Russel မှ တည်ထောင်ထားခဲ့ပါတယ်။ သူတို့က ခရစ်တော်ကို ဘုရားအဖြစ် လက်မခံဘဲ စိန့်မိုင်ကယ် ရဟန္တာလို့သာလက်ခံသွန်သင်ကြပါတယ်။ (ဒါပေမဲ့ ဟေဗြဲ ၁း၅ မှာတော့ သားတော်ဘုရားကို ရဟန္တာလို့မခေါ်တွင်ရလို့ရေးသားထားပါသေးတယ် ။ ) ယေဟိုးဝါးအသင်းတော်ဟာ သမ္မာကျမ်းစာတော်ကို လွဲမှားစွာသူတို့ပုံစံနဲ့ အသစ် ဘာသာပြန်ခဲ့တာလည်းရှိပါတယ်။

၁၅။ Pentacostal အသင်းတော်ဟာ AD 1901 မှာ Charles F. Parkham မှ တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။

၁၆။ တကယ်လို့သင်က Assemblies of God, United Church of Christ, Calvary Chapel, Born Again movement ဒါမှမဟုတ် မရေတွက်နိုင်တဲ့ အသင်းတော် အမျိုးမျိုးထဲကဆိုရင်တော့ သင့်အသင်းတော်ဟာ လွန်ခဲ့သောနှစ် ၁၀၀ အတွင်းကသာ များစွာသောဆန့်ကျင်သူတွေကနေပြီး တည်ထောင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။

၁၇။ တကယ်လို့ သင်က (Catholic)တစ်ဦးဆိုရင်တော့ သင့်အသင်းတော်ကို သ္ခင်ခရစ်တော်ကိုယ်တော်တိုင် AD 33 မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမိအသင်းတော်ဟာ ခရစ်တော်ရဲ့သွန်သင်မှုများကို နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ သည့်တိုင် ယုံကြည်စွာအမြစ်တွယ်ခဲ့ပါတယ်။(၁တီ ၃း ၁၅) ဘုရားသ္ခင်၏အိမ်တော် သည်ကား အသက်ရှင်သောဘုရားသ္ခင်၏အသင်းတော်၊ သမ္မာတရား၏ မဏ္ဍိုင်နှင့် 
ကျောထောက်နောက်ခံဖြစ်သတည်း။ သ္ခင်ခရစ်တော်သည် သူ၏စစ်မှန်သောအသင်း
တော်(ဝါ) ကက်သလစ်အသင်းတော်သို့ပါဝင်ကြရန် ကျွန်ုပ်တို့အားလုံးကိုခေါ်နေပါ သည်။ သန့်ရှင်းသောကိုယ်တော်မြတ်စက္ကရ်မင်တူးတွင်ပါဝင်ဖို့ သင့်ကိုခရစ်တော်
စောင့်နေပါတယ်။ (၂ သက်ဆာလောနိတ် ၂း ၁၅) ငါတို့၏နှုတ်စကားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့သင်ယူခဲ့ကြပြီးသော ထုံးတမ်းစဉ်လာများကိုထိန်းသိမ်း ကြလော့။ (မာတေဦး ၁၆း ၁၈) သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာငါ၏ အသင်း တော်ကိုငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏနိုင်ငံ၏ တံခါးတို့ သည် မအောင်နိုင်ရာ။ 
(ခရစ်တော်ကအသင်းတော်လို့သာ မိန့်မှာခဲ့ပြီး အသင်းတော်များလို့ မပြောခဲ့ပါဘူး။) သားတော်မြတ်ကို အမြဲလမ်းညွှန်ပြနေတဲ့အတွက် အမိမယ်တော်မာရိယာထံသို့ နေ့ တိုင်းဆုတောင်းပါ။ အားလုံး ခရစ်တော်ရဲ့ပြီးပြည့်စုံတဲ့အမှန်တရားနဲ့ သူ့ရဲ့ ကက်သ လစ်အသင်းတော်ကို ရှာဖွေနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။(ကော်လောဆေ ၁း ၁၈) ကိုယ်တော်သည် အသင်းတော်တည်းဟူသော ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၏။ (ဧဖက် ၄း ၄-၅) သ္ခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး ၊ဆေးကြောခြင်း တစ်ပါးတည်း သာ ဖြစ်သတည်း။
(ဂျုဒ ၁း ၃) ချစ်ဆွေတို့ ငါတို့အားလုံးနှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို သင်တို့ထံစာရေးရန် စိတ်အားထက်သန်လျက်ရှိသည်ဖြစ်၍ သူတော်သူမြတ်တို့အား အပြီးအပိုင်ပေးသနားတော်မူခဲ့သော ယုံကြည်ခြင်းအတွက် ခုခံကာကွယ်စေခြင်းငှါ သင်တို့အားစာရေး၍တိုက်တွန်းနှိုးဆော်ရန်လိုအပ်သည်ဟု ငါခံယူခဲ့၏။

မှတ်ချက်။ ။ မလေးရှားရောက် Fr, Michael ဘာသာပြန်ပေးခြင်းဖြစ်ပါသည်။