Saturday, 23 November 2013

အတွေးလေးမျိုး

 ကျွန်တော်တို့ ကမ္ဘာလူသားတွေ ကောင်းစားဖို့ရန် ခရစ်တော်ဘုရားရှင် တရားတော်နှင့်အညီ ဘယ်လို ကူညီကြမလဲ။

    တစ်ခါက တောင်ကျချောင်းရေစီး ဆင်းသော ချောင်းတစ်ခုရှိတယ်။ အဲ့ဒီချောင်းဟာ မထင်မှတ်ဘဲ ရေနှင့်သဲ တဟုန်ထိုး စီးဆင်း လာတတ်တယ်။ နှစ်စဉ် ခရီးသည်များ ထိုချောင်းကိုဖြတ်စဉ် သဲလုံးရိုက်ပြီး နစ်မြုပ် သေဆုံးလေ့ ရှိတယ်။ ဒါ့ကြောင့် ချောင်းတစ်ဖက်ကမ်းရဲ့ မနီး မဝေးမှာ ရှိတဲ့ ရွာသူကြီးမှ တံတားဆောက်ပေး၍ ခရီးသည်များ လွယ်ကူစွာ တံတားပေါ်မှ ဖြတ်သန်း သွားလာနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာ လာတဲ့အခါမှာ တံတားကို ခင်းထားတဲ့ ပျဉ်ပြား နှစ်ချောင်း ဟာ ပြုတ်ထွက်ပြီး နှစ်ပေခန့် အကျယ်ပေါက်နေတယ်။ တစ်နေ့မှာ ခရီးသည် တစ်ယောက်ဟာ သဲနှင့်အတူ စီးဆင်းနေတဲ့ ရေလှိုင်းလုံးကြီး များကိုကြည့်ရင်း ထိုတံတားပေါ် တွင် ဖြတ်လျှောက်လာစဉ် နှစ်ပေခန့်ပေါက်နေသော နေရာမှပြုတ်ကျရာ သူလည်းကြောက်ကြောက် လန့်လန့်နှင့် လှန်းဆွဲလိုက်ရာ အပေါက်ရှေ့မှ ပျဉ်ပြားတစ်ချောင်းကို ဆွဲမိပြီး တန်းလန်းဖြစ် နေတယ်။ တံတားပေါ်ကိုလည်း ပြန်မတက်နိုင် သဖြင့် ““ကယ်ကြပါအုံး ခင်ဗျာ၊ ကယ်ကြပါအုံး”” ဆိုပြီး အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းနေတယ်။ ဒီအချိန်မှာ ခရီးသည်တစ်ဦး ရောက်လာတယ်။ တွဲလောင်း ကျနေတဲ့လူက ““မိတ်ဆွေ သူငယ်ချင်း ငါ့ကို ကယ်ပါ၊ ကယ်ပါ”” လို့ အကြိမ်ကြိမ် တောင်းဆို နေသော်လည်း မကူညီဘဲ၊ ““သင်သည် အရင် အတိတ်ဘ၀က မကောင်းတဲ့ အတွက်ကြောင့် ယခု မကောင်းတာ ခံစားရတာ၊ တူသော အကျိုးပေးတာလို့ပဲ မှတ်လိုက်ပြီး ရဲရဲကြီး လက်ခံလိုက်ပါ”” လို့ပြောကာ မကူညီဘဲ တံတားအပေါက်ကို ကျော်ပြီး ခရီးဆက် သွားခဲ့တယ်။ 
 
ဒုတိယခရီးသည်တစ်ဦး ရောက်လာပြန်တယ်။ ဒုက္ခရောက်နေသော သူက ““ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ၊ ကယ်ပါ”” လို့တောင်းဆိုနေသော်လည်း၊ ထိုသူက ““ငါ ကတော့ သူများရဲ့ပြဿနာထဲမှာ ၀င်မပါချင်ဘူး၊ မင်းလည်းဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်လိုက်ကာ ရဲရဲကြီး ဒုက္ခခံပြီး ပျော်ပျော် သီချင်းဆို သေလိုက်စမ်းပါ”” လို့ပြောပြီး ခရီး ဆက်သွားခဲ့တယ်။ ထို့နောက် တတိယခရီး သည် တစ်ဦးရောက်လာပြန်တယ်။ ဒုက္ခရောက် နေတဲ့လူကလည်း ပုံမှန်အတိုင်း အော်ဟစ်ခါ - ကျွန်တော့်ကို သနားပါ၊ သနားပါဟု အကူအညီ တောင်းနေတယ်။ ထိုအခါ ဒီခရီးသည်က ““ငါက ယခုမင်းကို ကယ်မယ်ဆိုရင် မင်းတစ်ယောက်ထဲကိုပဲ ငါကယ်တင်နိုင်မယ်။ ဒါပေမဲ့ ငါက ယခု မင်းကို မကယ်လိုက်ဘူးဆိုလျှင် မင်းဟာဒီ ချောင်းထဲမှာ ပြုတ်ကျပြီး၊ သဲလုံးလှိုင်းရိုက်ကာ နှစ်မြုပ်သေဆုံးသွားမယ်၊ အဲ့ဒီအချိန်ကျမှ ငါက ရွာသူကြီးထံသွားပြီး မင်းသေဆုံးရတဲ့ အကြောင်းနှင့် နောက်ထပ်ခရီးသည်များ မကျအောင် တံတားကိုပြင်ခိုင်း လိုက်မယ်ဆိုလျှင် ဒီတံတားကို ဖြတ်သွားတဲ့ ခရီးသည် အများစုကို ကယ်တင်နိုင်မယ်၊ အများကောင်းစားရေးအတွက် မင်းအသက်ကို စတေးလိုက်စမ်းပါလို့”” ပြောပြီး ခရီးကို ဆက်သွားခဲ့တယ်၊ တံတား အောက်တွင် တွဲလောင်း ကျနေသော လူက ““ဇွဲမ လျော့ဘဲ အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းနေတဲ့အတွက်ကြောင့် မလှမ်းမကမ်း တွင် တောင်ယာ လုပ်နေသော အဖိုးအိုဟာ အော်ဟစ်အကူအညီ တောင်းသံကို ကြားသွားပြီး အဖျားတွင် ချိတ်တတ်ထားသော ၀ါးလှေကားလေးကို ယူကာပြေးလာပြီး ထိုလူနားရောက်တဲ့ အခါမှာ ၀ါးလှေကားကို တံတား အပေါက်ထဲချပြီး အဖျားမှချိတ်နှင့် တံတားပျဉ်ပြား တစ်ချပ်ကို ချိတ်ထားလိုက်တယ်။ ထိုတွဲလောင်းကျနေ သောလူသည် ၀ါးလှေကားကို ဖမ်းဆွဲပြီး တံတား ပေါ်သို့ ပြန်တက် လာနိုင်ခဲ့တယ်၊ အပေါ်သို့ ရောက်တော့ ထိုလူက ““အဖိုးကို ကျေးဇူး အများ ကြီးတင်ပါတယ်၊ ကျွန်တော်က အမေပေးတဲ့ အသက် မရှိတော့ပါဘူး၊ အဖိုးပေးတဲ့ အသက်ပဲ ကျန်ပါတော့တယ်။ ကံကောင်းပေလို့၊ ဒီဝါးလှေကားလေးလည်း ချိတ်ကလေး တပ်ထားလို့ ပေါ့၊ ဒါနဲ့ အဖိုး၊ ဒီချိတ်ကလေးက ဘာအတွက် တပ်ထားတာလဲ။ ဒီအချိန်မှာ အဖိုးအိုက ““မင်း လို ဒီတံတားမှာ တွဲလောင်းကျနေလို့ ကယ်ခဲ့တာ မင်းနဲ့ဆိုရင် သုံးယောက်ရှိပြီ၊ ပထမလူကို ကယ်တုန်းက ဒုက္ခရောက်လို့ နောက် လူကို လွယ်လွယ်ကူကူနှင့် ကယ်နိုင်အောင် ဒီဝါးလှေကားထိပ်ဖျားမှာ ဒီချိတ်ကလေး တပ်ထားတယ်လို့ ဖြေ လိုက်တယ်။

    ယခု ကျွန်တော်တို့ ဒီခရီးသွား သုံးယောက်နှင့် အတူ အဖိုးအိုရဲ့ အတွေးတွေကို သခင် ခရစ်တော်ဘုရားရှင်၏ မေတ္တာတရားနှင့် ပြန်လည် သုံးသပ်ကြည့်ရအောင်၊ “မွေးစ ကတည်းက မျက်စိ မမြင်တဲ့ ကလေးတစ်ယောက်ကို ခရစ်တော်ဘုရားထံ ခေါ်လာပြီး ““ဒီကလေးရဲ့ အတိတ်က မကောင်းတဲ့ အပြစ်ကြောင့်လား၊ မိဘတွေရဲ့ အပြစ်ကြောင့်လား၊ ဒီကလေးဟာ ဘာကြောင့် မွေးစကတည်းက မျက်စိ မမြင်ဘဲ မွေးဖွားခဲ့ရတာလဲ။ ဒီအချိန်မှာ ခရစ်တော် ဘုရားရှင်က အတိတ်ဘ၀က မကောင်းခဲ့လို့ ယခု မကောင်းတာ ခံစားရတာလို့ မပြောပါဘူး။ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော် တိုးပွားဖို့ အတွက် ဖြစ်တယ်ဆိုပြီး မေတ္တာတရားပြကာ ဒီကလေးကို မျက်စိပြန်မြင်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ယခု ခံစားနေရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းသည် အတိတ်ဘ၀နှင့် လုံးဝ မသက်ဆိုင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အရင် အတိတ်ဘ၀ ဆိုတာ မရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမ ခရီးသွား တစ်ယောက်ရဲ့ အရင် အတိတ်ဘ၀က မကောင်းခဲ့လို့ ယခုမကောင်းတာ ခံစားရတာ ဆိုတဲ့အတွေးကို ကျွန်တော့် အနေနှင့် လက်မခံဘဲ၊ ခရစ်တော် ဘုရားရှင်လို မေတ္တာတရားကို ရှေ့တန်းတင်ပြီး ကူညီရမယ်။

    နူနာရောဂါ စွဲနေသော လူဆယ်ယောက်ဟာ သခင်ခရစ်တော် ဘုရားရှင်ထံ အော်ဟစ်ပြီး သူတို့ရဲ့ရောဂါကို ကုသပျောက်ကင်းဖို့ တောင်းဆိုတဲ့အခါမှာ ခရစ်တော်ဘုရားရှင်က ““ဖြစ်သမျှ အကြောင်း အကောင်းပဲ ခံယူလိုက်ပါလို့ မပြောခဲ့ပါဘူး။ မေတ္တာတရားကို ရှေ့တန်းတင်ပြီး ကုသပေးခဲ့ပါတယ်။ ကျွန်တော် တို့ကို လူတစ်ယောက်က အဆိပ်ရေ လာတိုက်တယ်ဆိုလျှင် ကျွန်တော်တို့ သောက်မှာလား၊ အဆိပ်ရေသည် လူကိုသေစေသည်ဆိုတဲ့ ဉာဏ်ပညာကို ဘုရားကပေးထားတယ်။ ဒီနေရာမှာ ဘုရားကို ယုံတယ် မသေဘူးလို့ တွေးပြီး သောက်မယ်ဆိုလျှင် ဘုရားသခင်ကို စုံစမ်းခြင်း မပြုရ ဆိုတဲ့ ကျမ်းချက်ကို ချိုးဖောက်ရာရောက်တယ်။ ဘုရားပေးတဲ့ အသိဉာဏ်ကို စော်ကားရာ ရောက်တယ်။ ဒါကြောင့် ဒုတိယ ခရီးသည်ရဲ့ ““ဖြစ်သမျှ အကြောင်း အကောင်းပဲ”” ဆိုတဲ့ အတွေးကိုလည်း ကျွန်တော့် အနေနှင့် လက်မခံဘဲ ခရစ်တော် ဘုရားရှင်လို မေတ္တာတရားရှေ့တန်းတင်ပြီး ကူညီရမယ်။

    တတိယ ခရီးသည်ကတော့ လူအများ ကောင်းစားဖို့၊ လူတစ်ယောက်ကို စတေးသင့်တယ်ဆိုတဲ့ အတွေးဖြစ်တယ်။ ကျွန်တော်တို့ သတိထားရမှာက လူအများသည် လူတစ်ဦးစီ ပေါင်းစပ်ထားခြင်းဖြစ်တယ်။ လူအများစုကို ကူညီဖို့အတွက် လူတစ်ဦး တစ်ယောက်ကို မေတ္တာတရားထား ကူညီဖို့ မေ့သွားတတ်ကြ တယ်။

    ခရစ်တော်ဘုရားရှင်သည် သဲကန္တရတွင် လူပေါင်း ငါးထောင်ကျော်ကို ကျွေးမွေးခဲ့စဉ်က လူငယ်တစ်ဦးထံမှ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို လက်ခံယူပြီး၊ လူပေါင်း ငါးထောင်ကျော်ကို ကျွေးမွေးခဲ့ရာမှာ ထိုလူငယ်လည်း လူ ပေါင်း ငါးထောင်ကျော်ထဲမှာ အပါအ၀င် စားသုံးရတယ်၊ ဒါကြောင့် တတိယ ခရီးသွားတစ်ယောက်ရဲ့ လူအများ ကောင်းစားဖို့၊ လူတစ်ယောက်ကို စတေးသင့်တယ်ဆိုတဲ့ ယုံကြည်ချက် ကိုလည်းပဲ ကျွန်တော့်အနေနဲ့ လက်မခံဘဲ ခရစ်တော်ဘုရားရှင်ကဲ့သို့ မေတ္တာတရားကို ရှေ့တန်းတင်ပြီး လူတစ်ဦး တစ်ယောက်နှင့် အတူ၊ လူအများကိုလည်း ကယ်တင်ရမှာဖြစ်တယ်။

    စတုတ္ထ အဖိုးအိုကတော့ ဒုက္ခရောက် နေတဲ့ လူတွေကို ကူညီဖို့ပဲ စဉ်းစားပြီး၊ လူတွေ ဒုက္ခ မရောက်အောင်၊ တံတားပေါ်က ပြုတ်မကျ အောင်ကိုတော့ မစဉ်းစားတဲ့သူဖြစ်တယ်။ ဒါပေမဲ့ ခရစ်တော်ဘုရားရှင်သည် ငရဲမှာတွဲ လောင်းဖြစ်နေတဲ့ သူတွေကိုလည်း သူ၏ ကျေးဇူးတော်ဖြင့် ကယ်တင်ပြီး၊ ငရဲမှာ ဒုက္ခ မခံစားရအောင်လည်း နည်းလမ်းတွေ ပေးခဲ့တယ်။ ခရစ်တော် ဘုရားရှင်ပေးခဲ့တဲ့ နည်းလမ်းကတော့ ““သင်၏ ဘုရားရှင်ကို စိတ်နှလုံး အကြွင်းမဲ့၊ စွမ်းအားရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ် နှင့် နီးစပ်သော သူကို ကိုယ့်ကိုယ်ကို ချစ်သလို ချစ်ပါ””ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ခရစ်တော်ဘုရားရှင်ကို အတုယူပြီး၊ ဒုက္ခရောက်နေတဲ့ လူတွေကို မေတ္တာတရားကို ရှေ့တန်းတင်ကာ ကူညီပေး သလို၊ လူတွေ ဒုက္ခမရောက်အောင်လည်း နည်းလမ်းတွေ ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ ငြိမ်းချမ်း သာယာသော၊ ပျော်ရွှင်စရာ ကောင်းသော ကမ္ဘာကြီး ဖြစ်လာပါလိမ့်မယ်။
            
             ဘုန်းတော်ကြီး
         ဂျွန်ဘောစကိုစိုးလင်း

၃၃ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့


သင်တို့သည် လှည့်ဖျားခြင်းမခံရစေရန် သတိပြုကြလော့။
လုကာ (၂၁း ၅-၁၉)

ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်က ကျွန်ုပ်တို့ကမ္ဘာမှာ ပျက်စီးခြင်းများ၊ နိမိတ်လက္ခဏာများ၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊ စစ်ပွဲများဖြစ်ခြင်း၊ နှင့်ကပ်ဘေးများစွာ ဖြစ်ပျက်မည့်အကြောင်းကို ကြိုတင်ဟောကြားကြောင်းတွေ့ရပါတယ်။ ထိုသို့သောကပ်ဘေးများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ အကြားကပင် ကျွန်ုပ်တို့တတွေ - ခရစ်တော်၏နောက်လိုက်တွေဟာ သူ၏ဧ၀ံဂေလိ သတင်းကောင်းကို သက်သေခံဖို့အခွင့်အခါကောင်းပဲဟုလည်း မိန့်ဆိုခဲ့ကြောင်းတွေ့ရပါတယ်။ ဤတရားတော်သည် ကျွန်ုပ်တို့ခရစ်ယာန်များနှင့် လူပေါင်းများစွာတို့ကြားမှာ ကမ္ဘာကုန်မည့်နေ့ကို ကြိုတင်ဟောပြောသည်ဟု တွင်တွင်ကျယ်ကျယ် အသိများပါတယ်။ ထို့အပြင် ခရစ်တော်၏ဒုတိယ ကြွလာခြင်းနှင့်လည်း စပ်လျဉ်းနေသည်ဟု သိမှတ်ကြပါတယ်။ ထိုကြောင့် ခရစ်တော်ကိုပင် သူ့ခေတ်အချိန်ကာလက လူများစွာက ဤနိမိတ်လက္ခဏာများဘယ်တော့ ဖြစ်ပျက်မည်နည်းဟု မေးလျှောက်ကြပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့လောက၏အချိန်အကန့်သပ်ဖြင့် ခရစ်တော်မဖြေကြားခဲ့ပါ။

ခရစ်တော်ရှင်ပြန်ထမြောက်ပြီး တမန်တော်ကြီးများခေတ် -ရှေးဦးခရစ်ယာန်တို့အကြားမှာလည်း ထိုသို့တွေးခေါ်ယုံကြည်မှု့များရှိနေပြီး လူတွေဟာ အလုပ်မလုပ်ကြတော့ဘဲ လုပ်သမျှအရာတွေကို ရပ်တန့်ပြီး ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း (သို့) ကမ္ဘာကုန်မည်ကိုစောင့်နေကြပါတော့တယ်။ ထိုကြောင့် ဒုတိယဖတ်ရှု့ရမည့်ကျမ်းတွင်တွေ့မြင်သည့်အတိုင်း သံပေါလူးက အလုပ်မလုပ်ချင်သူများဟာ မစားသင့်ကြောင်း၊ အလုပ်ကို ခရစ်တော်၌တိတ်တဆိတ်လုပ်ကြပြီး ကိုယ့်ထမင်းကိုစားကြဖို့ တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကုန်ခြင်း (သို့) ခရစ်တော်၏ဒုတိယမြောက် ကြွလာခြင်းဟာ ကျွန်ုပ်တို့လောက၏အချိန်အကန့်သပ်ဖြင့် မပြောနိုင်သောကြောင့်ပါ။

ဒီတော့ - ကျွန်ုပ်တို့တတွေလည်း ခရစ်တော်ကိုမေးလျှောက်ကြတဲ့ လူအုပ်ကြီးလိုပဲ - ထိုနိမိတ်လက္ခဏာတွေ နှင့်ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်တော့ဖြစ်ပျက်မလဲ - ကမ္ဘာဘယ်တော့ကုန်မလဲ - ခရစ်တော်၏ ဒုတိယမြောက်ကြွလာခြင်းဘယ်တော့ဖြစ်မလဲ စသဖြင့်သိချင်နေကြပါလိမ့်မယ်။
ဤကဲ့သို့သောမေးခွန်းကို ပုံဥပမာများမှပေးသော သတင်းကောင်းအကြောင်းကို ဓမ္မသင်္ဂြီုလ်ဗေဒမှာ တွေ့မိပါတယ်။ ယေဇူးခရစ်တော်၏သတင်းကောင်းဟာ “ကောင်းကင်နိုင်ငံတော်” အကြောင်းပင် ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီ - လူပေါင်းများစွာက ကောင်းကင်နိုင်ငံတော်ရောက်လုနီးပြီ ဆိုသည်ကို တကယ့်ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပေါ်လာခြင်းဖြင့် မှတ်ယူနေကြတဲ့အတွက် ယနေ့ကမ္ဘာကုန်မယ် - မနက်ဖြန် ကမ္ဘာကြီးချုပ်ငြိမ်းတော့မယ် စသဖြင့်ပြောဆိုကြပါတယ်။ အမှန်တကယ်တော့ ကောင်းကင်နိုင်ငံတော် ဤသို့ရောက်မလာပါဘူး။ တကယ်တော့ ကောင်းကင်နိုင်ငံတော်သည် ယေဇူးခရစ်တော်၌ သူကိုယ်တော်တိုင် ကယ်တင်ရှင်မက်စီးယား၊ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား (ဧမာနွေလ) စသဖြင့် သူ၏တရားဒေသနာများမှာ ထင်ထင်ရှားရှားဖော်ပြနေပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ “နားရှိသော်လည်းမကြားကြ၊ မျက်စိရှိသော်လည်း မမြင်ကြ” ဖြစ်နေနိုင်ပါတယ်။ ထိုကြောင့် ခရစ်တော်က “ကြည့်သော်လည်း သိမြင်ကြလိမ့်မည်မဟုတ်၊ ကြားသော်လည်း နားလည်သဘောပေါက်ကြလိမ့်မည် မဟုတ်” ဟုမိန့်ဆိုခဲ့ပါတယ်။

ယနေ့ကျွန်ုပ်တို့တတွေလည်း ဤတရားကိုကြားကြပြီ။ ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ နိမိတ်လက္ခဏာတွေကို မြင်တွေ့နေကြပြီ။ ကျွန်ုပ်တို့ဘယ်လိုနားလည်ကြသလဲ။ ကျွန်ုပ်တို့ဘယ်လို သိမြင်ကြသလဲ။ ကျွန်ုပ်တို့တတွေ ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပျက်မှု့တွေနှင့်ပဲ နားလည်နေကြသလား။ စဉ်းစားထောက်ရှု့သင့်ပါတယ်။

ယခုဧ၀ံဂေလိတရားတော်အား ပိုမိုနားလည်နိုင်ရန် ပထမကျမ်းအဖြစ်ပေးထားသည့် မာလခိကျမ်းတွင် မောက်မာသူများနှင့် မကောင်းမှု့ပြုသူများအား ဘုရားသခင်စီရင်ရန် နေ့ရက်သည်ရောက်လာပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ဘုရားသခင်၏နာမတော်အား ကြောက်ရွံ့ရိုသေသူများအဖို့မူကား တရားမျှတခြင်းနှင့် ကုသခြင်းအလင်းတန်းများ နေနှင့်အတူတောက်ပမည်ဖြစ်ကြောင်း ဟောပြောထားပါတယ်။ ယခုဧ၀ံဂေလိတရားတော်တွင်လည်း အချို့သောသူများက ဗိမာန်တော်ကြီး၏လှပမှု့၊ လှုဖွယ်ပစ္စည်းများဖြင့် တန်ဆာဆင်ထားခြင်းတွေမှာသာ ဂုဏ်ယူနေကြပြီး ဘုရားသခင်ကိုမေ့ပျောက်နေကြ၍လည်ကောင်း၊ ဒါမှမဟုတ် ဘုရားသခင်အားဘေးမှာထားပြီး အပြင်ပန်းရုပ်ဝတ္ထုများမှာသာ စိတ်ရောက်နေခြင်းကြောင့် သော်လည်ကောင်း ခရစ်တော်က ဤရုပ်ဝတ္ထုတွေထက် ဘုရားဆီမှာ အမှန်တကယ် စိတ်ရောက်နေဖို့ ယခုလိုတရားကို ဟောပြောပါတယ်။ ရုပ်ဝတ္ထုတွေဆိုတာ အပြောင်းအလဲတွေနဲ့တည်ရှိနေရပါတယ်။ ဒါတွေကို အသုံးချပြီး ဘုရားသခင်ကိုသာ အမှန်တကယ်စိတ်နှလုံးသားထဲမှာ ထားနိုင်ဖို့ လိုအပ်ကြောင်း ဟောကြားခြင်း ဖြစ်ပါတယ်။ “သင်၏ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအစွမ်းရှိသမျှ၊ စိတ်အား ညဏ်အားရှိသမျှနှင့် ချစ်လော့” ဟုသော ပထမပညတ်တော်ကို သတိပေးခြင်းလည်း ဖြစ်ပါတယ်။

ထို့အပြင်ခရစ်တော်က နိမိတ်လက္ခဏာများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်အချိန်ဖြစ်မလဲဆိုတာထက် သူ့၌ယုံကြည်သည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း သွေဖယ်မသွားဖို့ ထိန်းသိမ်းရန်နှင့် လှည့်ဖျားခြင်း မခံကြစေရန် သတိပေးပါတယ်။ ယခုလို ပြောင်းလဲပျက်စီးတတ်သည့် ရုပ်ဝတ္ထုတွေရဲ့လောကမှာ အသက်ရှင်ချိန် ကပ်ဘေး၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကြုံသည့်တိုင်အောင် ကျွန်ုပ်တို့တတွေရဲ့ မပျက်စီးနိုင်သည့် ယုံကြည်ခြင်းနှင့် ပထမပညတ်တော်ကို စောင့်ထိန်းခြင်းဟာ မဆုံးရှုံးစေဖို့လိုပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှပင် ပျက်စီးဆုံးမှု့မရှိစေရဟု ခရစ်တော် အာမခံထားပါတယ်။

ကောင်းကင်နိုင်ငံတော်ရောက်လာသည့် အကြောင်းကို ပိုမိုနားလည်နိုင်စေရန် အောက်ပါ အကြောင်းအရာဖြင့် စဉ်းစားကြည့်စေချင်ပါတယ်။

ယေဇူးခရစ်တော်၏ပုံဥပမာများကို သံမာကု ၄း၁-၂၀မှ မျိုးစေ့ကြဲသောသူ၏ပုံဥပမာမှ စတင်၍ ထောက်ရှု့ကြည့်မိသော် ကောင်းကင်နိုင်ငံတော်အကြောင်းကိုဟောပြောပြီး ထိုကောင်းကင်နိုင်ငံဟာ မျိုးစေ့အသွင်ပုံစံမှာရှိနေပြီး (မုန့်ညှင်းစေ့မျှသေးသော်လည်း တပင်လုံးအသီးဝေစေပါတယ်)။ သို့သော်လည်း ထိုကဲ့သို့မျိုးစေ့ပုံစံအသွင်မှ အသီးများစွာသီးနိုင်ရန် ထိုမျိုးစေ့ဟာ မြေပေါ်ကျရောက်ပြီး အသက်ပေးဖို့လိုအပ်ပါတယ်။ ၎င်းမျိုးစေ့အသေခံမှအပင်ပေါက်နိုင်မှာဖြစ်ပါတယ်။ ဤသည်ပင်ခရစ်တော်အား အတိအကျဖြစ်ပွားခဲ့ပါတယ်။ သခင်ခရစ်တော်ဟာထိုမျိုးစေ့ဖြစ်ပြီး ကားတိုင်တော်ပေါ်မှာ ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းအသီးအပွင့်များသီးပွင့်နိုင်ရန် အသေခံခဲ့ပြီး အသီးအပွင့်များ သီးပွင့်စေခဲ့တာပါ။ ထိုကြောင့် ခရစ်တော်က သံယောဟန် ၁၃း၃၂မှာ ငါသည်မြေကြီးမှထမြောက်သောအခါ လူများစွာအား ငါ့ထံသို့ဆွဲခေါ် ဆွဲယူမည်ဟု မိန့်ဆိုပါတယ်။ 
ထိုကြောင့် ကောင်းကင်နိုင်ငံတော်နှင့် ၎င်း၏ရောက်ရှိလာခြင်းဟာ ကျွန်ုပ်တို့ဘ၀၊ ကျွန်ုပ်တို့ကမ္ဘာမှာ ရှိနေပါပြီ။ ထိုနေ့ဟာလည်း ကျွန်ုပ်တို့နေ့စဉ်ရှင်သန်နေတဲ့ဘ၀မှာ သတိထားမိခြင်း (အလင်းပွင့်ခြင်း) ဖြစ်စဉ်မှာ ရှိပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ခရစ်တော်၏တရားတော်များဖြင့် ထိုကောင်းကင်နိုင်ငံတော်ကို မြင်နိုင်ရန်၊ သိနိုင်ရန် အလင်းပွင့်ရမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေ မျက်စိရှိသော်လည်း မသိမြင်နိုင်ကြ၊ နားရှိသော်လည်း မကြားနိုင်ကြဘ၀မှ လွတ်ကင်း၍ ခရစ်တော်၏တရားတော်အားဖြင့် အလင်းများပွင့်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)

Thursday, 21 November 2013

ခရစ်တော်ယေဇူး၏ ခန္ဓာတော်

မစ္ဆားတရားတော်အတွင်းမှာ ရဟန်းတော်ဟာ ဘုရားသခင်ရဲ့ သိုးငယ်တော်ကို ကျွန်တော်တို့အားပြပြီး ထာဝရအသက်ကို ဝေငှဖို့အတွက် စားပွဲသို့ ကျွန်တော်တို့အား ဖိတ်ခေါ်ပါတယ်။ ထာဝရအသက်ဆိုတာဟာ ခရစ်တော်သခင်ရဲ့အသက်တာကို ဝေငှပေးခြင်း ဖြစ်ပါတယ်။ ထို့နောက်မှ အဖဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းကြပါတယ်။ တနင်္ဂနွေဘုရား ကျောင်းတော်ကြီးထဲမှာဆိုရင် ကောင်းကင်ဘုံရဲ့ အသက်တာကို ကျွန်တော်တို့တတွေ ကြိုတင် မြည်းစမ်း ခံစားကြရပါတယ်။ ကျွန်တော်တို့တတွေ မိမိနေရာက ထပြီး ကိုယ်တော်မြတ်ရှိရာ ပလ္လင်ဆီသို့ စီတန်းပြီး သွားကြတဲ့ အချိန်ဟာ ကျွန်တော်တို့ဘ၀အတွက် တကယ်ကို အသန့်ရှင်းဆုံးအချိန် တခဏဖြစ်ပါတယ်။ ဒီအချိန်ကလေးအတွက် သတိတရနဲ့ ကောင်းကောင်း ပြင်ဆင်ကြရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာရှိနေတဲ့ လူတွေကို စောင့်နေစဉ်မှာပဲ ခရစ်တော်ယေဇူးဘုရားရှင်ကို အာရုံပြုပြီး ဆုတောင်းကြရပါမယ်။
    ကျွန်တော်တို့ရဲ့ ဘ၀တစ်ခုလုံးဟာ ခရစ်တော်ယေဇူးရှင်ထံ ဦးတည်သွားနေတဲ့ ခရီးတစ်ခု ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူရန် တန်းစီပြီး သွားကြတဲ့လူစု၊ လူတန်းကြီးဟာ ၎င်းဘ၀ခရီး အသက်တာကို ဖော်ကျူးနေပါတယ်။ ကျွန်တော်တို့တတွေ ရပ်ပြီး စောင့်နေတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ ခရစ်တော်ယေဇူးရဲ့ နောက်ဆုံး ညစာစားပွဲ၌ တပည့်တော်ကြီးများနှင့် အတူရှိနေပြီး ကျွန်တော်တို့ဟာ ခရစ်တော် ယေဇူးရဲ့ကျွေးမွေးခြင်းကို ခံကြရတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီး ကမ်းခြေမှာ တပည့်တော်ကြီးများနဲ့ နံနက်စာ စားကြသလို ဒါမဟုတ် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများစေပြီး လူတွေကို ဝေငှ ကျွေးသလိုမျိုး ခရစ်တော်ဘုရားရှင်က ကျွန်တော်တို့ကို ကျွေးမွေးခြင်း ဖြစ်ပါတယ်။

    ကျွန်တော်တို့တတွေ ကိုယ်တော်မြတ်ကို ပင့်ယူခါနီးအချိန်မှာ ပလ္လင်ရှေ့၌ ဒူးထောက်တာပဲဖြစ်ဖြစ် အခြားအမူအရာတစ်ခုခုကိုပဲဖြစ်ဖြစ် ပြုလုပ်ကြပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ဆီကြွလာမယ့် ခရစ်တော်ဘုရားရှင်ကို ချစ်တယ်ဆိုတဲ့အကြောင်း ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါ “အာမင်”လို့ ပြောခြင်းဟာလည်း ခရစ်တော် ဘုရားရှင် အမှန်တကယ်တည်ရှိခြင်းကို ယုံကြည်တဲ့ အကြောင်း ၀န်ခံခြင်းသာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူပြီးတဲ့အခါမှာလည်း ခရစ္စတူး အမှတ်အသားပြုလုပ်ပြီး ဘုရားရှင်ကို ကျေးဇူးတင်ကြပါတယ်။ ဒီလို ခရစ္စတူးအမှတ်အသား ပြုလုပ်ခြင်းဟာလည်း ခရစ်တော်ဘုရားရှင် ကျွန်တော်တို့အတွက် ရယူခဲ့တဲ့ ကယ်တင်ခြင်းမှာ ကျွန်တော်တို့တတွေ ဝေငှ ခံစားကြရကြောင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါမှာ ကျွန်တော်တို့တတွေ ခရစ်တော်ယေဇူးနဲ့ တစ်လုံးတ၀တည်း ပေါင်းစပ်ခွင့် ရကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လူသားတစ်ဦး တစ်ယောက်စီအတွက် ခရစ်တော်ယေဇူးက ပေးတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒီ ကျေးဇူးလက်ဆောင်အားဖြင့် ခရစ်တော်ယေဇူး၌ ကျွန်တော်တို့ဟာ အသင်းတော်ဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ ခန္ဓာကိုယ် အဖွဲ့အစည်းမှာလည်း ပါဝင် ပေါင်းစပ်သွားပါတယ်။ ကျွန်တော်တို့ဘ၀မှာ အရေးကြီးဆုံးအချိန် တစ်ချိန်ကတော့ ကိုယ်တော်မြတ်ပင့်ယူပြီး ကိုယ့်နေရာကို ပြန်လာတဲ့ အချိန်ပါပဲ။ ဒီအချိန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ပြန်လည်စဉ်းစားပြီး ကျွန်တော်တို့ဆီကို ခရစ်တော်ယေဇူးကြွလာခြင်းအတွက် ကျေးဇူးတင်ကြပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ယေဇူးရဲ့ ချစ်ခြင်းမေတ္တာ စက္ကရမင်တူးကို ရကြပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကို လက်ခံ ရရှိကြပါတယ်။ နောက်ပြီး အရှင်သခင်တို့ရဲ့အရှင် ဘုရင်တကာတို့ရဲ့ဘုရင်ကို ကျွန်တော်တို့ လက်ခံရရှိကြပါတယ်။

    ဒီ နက်နဲရာအချက်ကြီးကို ကျွန်တော်တို့ အကျိုးသက်ရောက် ခံစားနိုင်ဖို့ ကျွန်တော်တို့ စိတ်က
လက်ခံနိုင်ဖို့ဆိုတာ ဆုတောင်းခြင်းသာလျှင် တတ်နိုင်ပါတယ်။ ကျွန်တော်တို့တတွေ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ပိုပြီး လေးလေးနက်နက် စဉ်းစားလေ ဘုရားသခင်ကို ပိုပြီး ကျေးဇူးတင်လေ၊ ပိုပြီး ချစ်လေ၊ ပိုပြီး ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးအဖြစ် အခြေအနေကို ဘုရားသခင်ထံ ဖွင့်ဟ ပြလေပါပဲ။ ဒါကြောင့် “ကိုယ်တော်မြတ် ပင့်ယူပြီးအချိန်ဟာ ၀ိညာဉ်အတွက် အရမ်းကို အကျိုးထူးဖြစ်စေတယ်ဆိုတာ သတိရကြပါ”လို့ အာဗီလာမှ စိန်ထရေဇား (St. Teresa of Avila) က ပြောခဲ့ဖူးပါတယ်။ ဒီအချိန်ကလေးမှာ ခရစ်တော်ယေဇူးကို အာရုံပြုပြီး ကုန်လွန်စေမယ်ဆိုရင် သူ့ကို ကောင်းကောင်းအစေခံတာနဲ့ အတူတူ ပါပဲ။ ဒါကြောင့် ဒီအချိန်ကလေးကို ဆုံးရှုံးမသွားအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘုရားရှင်ကို ကျွန်တော်တို့ လက်ခံရရှိတဲ့အချိန်၊ ဘုရားရှင်နဲ့ ပေါင်းစပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာမျက်စိကိုပိတ်ပြီး ၀ိညာဉ်မျက်စိကို ဖွင့်ထားကာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို မြင်အောင် ကြိုးစားကြည့်ရပါမယ်။

    ကိုယ်တော်မြတ်ကို ပင့်ယူပြီးနောက် ကျွန်တော်တို့တတွေဟာ ခရစ်တော်ဘုရားရှင်နဲ့ တပေါင်း တစည်းတည်းဖြစ်သလို ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ပါဝင်တဲ့ အသင်းတော်ကြီးဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ နက်နဲရာ ခန္ဓာတော်နှင့်လည်း တစ်လုံး တစ်စည်းတည်း ဖြစ်သွားပါတယ်။ ကိုယ်တော်မြတ်ပင့် ယူချိန်မှာ သီဆိုကြတဲ့ ဓမ္မသီချင်းဟာလည်း ကျွန်တော်တို့တတွေအကြား တပေါင်းတစည်းတည်းရှိခြင်းကို ပြန်လည် သတိရစေပြီး အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့တတွေရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ ကျေးဇူးဆပ်တင်ခြင်းတွေကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။

    ကိုယ်တော်မြတ်ကို အားလုံးပင့်ယူပြီးတာနဲ့ တခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ နေကြရပါတယ်။ ဒီ အချိန်ကလေးဟာ လူတစ်ဦးတစ်ယောက်စီအတွက် မိမိ လိုချင်တဲ့ဆုကို တောင်းခံဖို့ လိုအပ်တဲ့ သန့်ရှင်းတဲ့ငြိမ်သက်ခြင်း ဖြစ်ပါတယ်။ ဒီလို တိတ်ဆိတ်ငြိမ်သက်ခြင်း အားဖြင့် ကျွန်တော်တို့ ဘ၀တွေရဲ့ ဆူညံမှုတွေ ပျောက်ကွယ်သွားပြီး ဘုရားသခင်က ကျွန်တော်တို့ကိုပြောတဲ့ စကားသံကို ကြားနိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့အချိန် ကလေးပြီးတဲ့အခါမှာ ကျွန်တော်တို့တတွေ ရရှိပြီးတဲ့ ကျေးဇူးတော်များအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါတယ်။ ကယ်တင်ရှင် ခရစ်တော်ယေဇူးရဲ့ တည်ရှိတော်မူခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဘ၀တွေ အကျိုးကျေးဇူး ပိုမို ရရှိဖို့ရန်နှင့် ပေါင်းစပ်သလို နောင်တစ်နေ့မှာလည်း ကောင်းကင်ဘုံ၌ ခရစ်တော် ယေဇူးဘုရင်နှင့်အတူ ပေါင်းစပ်ဖို့ ဆုတောင်း ကြပါတယ်။

    မစ္ဆားတရား ပြီးတဲ့အခါမှာလည်း ခရစ်တော် ယေဇူးဟာ ကျွန်တော်တို့အထဲ၌ တက်တက်ကြွကြွ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို ခွန်အား ပေးပါလိမ့်မယ်။ နောက်ပြီး ခရစ်ယာန်အသက်တာနဲ့ အညီ နေထိုင်နိုင်အောင် ကူညီပါလိမ့်မယ်။ ကျွန်တော်တို့ တတ်နိုင်တယ်ဆိုရင် မစ္ဆားတရားအပြီး ဘုရားရှင် ကျွန်တော်တို့နှင့် အတူရှိဖို့ အထူးသဖြင့် လာမည့်အပတ်အတွင်းမှာ တွေ့ကြုံရမယ့် ဒုက္ခ အခက်အခဲ ပြဿနာများ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်များ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ နတ်ဆိုးရဲ့ အပြစ်ဒုစရိုက်မှ ကာကွယ်ပေးဖို့ရန် ဆုကျေးဇူးတော်များကို တောင်းခံ သင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာ တစ်ခုလုံးမှာ ခရစ်တော်ယေဇူးရှင်နဲ့ အစဉ်အမြဲ ပေါင်းစပ် သွားနိုင်ပါလိမ့်မယ်။

    ကျွန်တော်တို့တစ်တွေ ဆုတောင်းနိုင်ဖို့၊ သဒ္ဓါ ကြည်ညိုခြင်း ပြုနိုင်ဖို့အတွက် ခရစ်တော်ယေဇူးဟာ ကိုယ်တော်မြတ် စက္ကရမင်တူး၌ အပြည့်အ၀ အမှန်တကယ် တည်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ သဒ္ဓါ ကြည်ညိုခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော်ယေဇူးထံ သီးခြား အလည်အပတ်သွားခြင်းနှင့် ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတွေအားဖြင့် မစ္ဆားတရားအတွင်းမှာ ကိုယ်တော်မြတ်ကို ပင့်ယူခြင်းမှ စတင်ခဲ့တဲ့ ခရစ်တော် ယေဇူးဘုရားရှင်နဲ့ ပေါင်းစည်းခြင်းကို ဆက်လက်ပြီး ရှင်သန်စေပါတယ်။ ကျွန်တော်တို့တတွေ ဘုရားရှင်ရဲ့အပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း တိုးပွားစေပါတယ်။ ဆက်လက်ပြီး ကိုယ်တော်မြတ် ပင့်ယူခြင်း၌ ခရစ်တော် ယေဇူးဘုရားရှင် ကျွန်တော်တို့ဆီကို ကြွလာခြင်း၏ အကျိုးကျေးဇူးများကိုလည်း ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ဆထက်တပိုး ပိုမိုပြီး တိုးပွားစေပါတယ်။