မစ္ဆားတရားတော်အတွင်းမှာ ရဟန်းတော်ဟာ ဘုရားသခင်ရဲ့ သိုးငယ်တော်ကို
ကျွန်တော်တို့အားပြပြီး ထာဝရအသက်ကို ဝေငှဖို့အတွက် စားပွဲသို့
ကျွန်တော်တို့အား ဖိတ်ခေါ်ပါတယ်။ ထာဝရအသက်ဆိုတာဟာ ခရစ်တော်သခင်ရဲ့အသက်တာကို
ဝေငှပေးခြင်း ဖြစ်ပါတယ်။ ထို့နောက်မှ အဖဘုရားသခင်ကို ကျေးဇူးတင်
ချီးမွမ်းကြပါတယ်။ တနင်္ဂနွေဘုရား ကျောင်းတော်ကြီးထဲမှာဆိုရင်
ကောင်းကင်ဘုံရဲ့ အသက်တာကို ကျွန်တော်တို့တတွေ ကြိုတင် မြည်းစမ်း
ခံစားကြရပါတယ်။ ကျွန်တော်တို့တတွေ မိမိနေရာက ထပြီး ကိုယ်တော်မြတ်ရှိရာ
ပလ္လင်ဆီသို့ စီတန်းပြီး သွားကြတဲ့ အချိန်ဟာ ကျွန်တော်တို့ဘ၀အတွက် တကယ်ကို
အသန့်ရှင်းဆုံးအချိန် တခဏဖြစ်ပါတယ်။ ဒီအချိန်ကလေးအတွက် သတိတရနဲ့
ကောင်းကောင်း ပြင်ဆင်ကြရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာရှိနေတဲ့ လူတွေကို
စောင့်နေစဉ်မှာပဲ ခရစ်တော်ယေဇူးဘုရားရှင်ကို အာရုံပြုပြီး
ဆုတောင်းကြရပါမယ်။
ကျွန်တော်တို့ရဲ့ ဘ၀တစ်ခုလုံးဟာ ခရစ်တော်ယေဇူးရှင်ထံ ဦးတည်သွားနေတဲ့
ခရီးတစ်ခု ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူရန် တန်းစီပြီး
သွားကြတဲ့လူစု၊ လူတန်းကြီးဟာ ၎င်းဘ၀ခရီး အသက်တာကို ဖော်ကျူးနေပါတယ်။
ကျွန်တော်တို့တတွေ ရပ်ပြီး စောင့်နေတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ
ခရစ်တော်ယေဇူးရဲ့ နောက်ဆုံး ညစာစားပွဲ၌ တပည့်တော်ကြီးများနှင့်
အတူရှိနေပြီး ကျွန်တော်တို့ဟာ ခရစ်တော် ယေဇူးရဲ့ကျွေးမွေးခြင်းကို
ခံကြရတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီး
ကမ်းခြေမှာ တပည့်တော်ကြီးများနဲ့ နံနက်စာ စားကြသလို ဒါမဟုတ်
မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများစေပြီး လူတွေကို ဝေငှ
ကျွေးသလိုမျိုး ခရစ်တော်ဘုရားရှင်က ကျွန်တော်တို့ကို ကျွေးမွေးခြင်း
ဖြစ်ပါတယ်။
ကျွန်တော်တို့တတွေ ကိုယ်တော်မြတ်ကို
ပင့်ယူခါနီးအချိန်မှာ ပလ္လင်ရှေ့၌ ဒူးထောက်တာပဲဖြစ်ဖြစ်
အခြားအမူအရာတစ်ခုခုကိုပဲဖြစ်ဖြစ် ပြုလုပ်ကြပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ
ကျွန်တော်တို့ဆီကြွလာမယ့် ခရစ်တော်ဘုရားရှင်ကို ချစ်တယ်ဆိုတဲ့အကြောင်း
ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါ “အာမင်”လို့
ပြောခြင်းဟာလည်း ခရစ်တော် ဘုရားရှင် အမှန်တကယ်တည်ရှိခြင်းကို ယုံကြည်တဲ့
အကြောင်း ၀န်ခံခြင်းသာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို
ပင့်ယူပြီးတဲ့အခါမှာလည်း ခရစ္စတူး အမှတ်အသားပြုလုပ်ပြီး ဘုရားရှင်ကို
ကျေးဇူးတင်ကြပါတယ်။ ဒီလို ခရစ္စတူးအမှတ်အသား ပြုလုပ်ခြင်းဟာလည်း
ခရစ်တော်ဘုရားရှင် ကျွန်တော်တို့အတွက် ရယူခဲ့တဲ့ ကယ်တင်ခြင်းမှာ
ကျွန်တော်တို့တတွေ ဝေငှ ခံစားကြရကြောင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါမှာ ကျွန်တော်တို့တတွေ
ခရစ်တော်ယေဇူးနဲ့ တစ်လုံးတ၀တည်း ပေါင်းစပ်ခွင့် ရကြပါတယ်။ ဒါဟာ
ကျွန်တော်တို့ လူသားတစ်ဦး တစ်ယောက်စီအတွက် ခရစ်တော်ယေဇူးက ပေးတဲ့
လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒီ ကျေးဇူးလက်ဆောင်အားဖြင့် ခရစ်တော်ယေဇူး၌
ကျွန်တော်တို့ဟာ အသင်းတော်ဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ ခန္ဓာကိုယ်
အဖွဲ့အစည်းမှာလည်း ပါဝင် ပေါင်းစပ်သွားပါတယ်။ ကျွန်တော်တို့ဘ၀မှာ
အရေးကြီးဆုံးအချိန် တစ်ချိန်ကတော့ ကိုယ်တော်မြတ်ပင့်ယူပြီး ကိုယ့်နေရာကို
ပြန်လာတဲ့ အချိန်ပါပဲ။ ဒီအချိန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို
ပြန်လည်စဉ်းစားပြီး ကျွန်တော်တို့ဆီကို ခရစ်တော်ယေဇူးကြွလာခြင်းအတွက်
ကျေးဇူးတင်ကြပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ယေဇူးရဲ့ ချစ်ခြင်းမေတ္တာ
စက္ကရမင်တူးကို ရကြပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကို လက်ခံ
ရရှိကြပါတယ်။ နောက်ပြီး အရှင်သခင်တို့ရဲ့အရှင် ဘုရင်တကာတို့ရဲ့ဘုရင်ကို
ကျွန်တော်တို့ လက်ခံရရှိကြပါတယ်။
ဒီ နက်နဲရာအချက်ကြီးကို ကျွန်တော်တို့ အကျိုးသက်ရောက် ခံစားနိုင်ဖို့ ကျွန်တော်တို့ စိတ်က
လက်ခံနိုင်ဖို့ဆိုတာ ဆုတောင်းခြင်းသာလျှင် တတ်နိုင်ပါတယ်။
ကျွန်တော်တို့တတွေ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ပိုပြီး လေးလေးနက်နက်
စဉ်းစားလေ ဘုရားသခင်ကို ပိုပြီး ကျေးဇူးတင်လေ၊ ပိုပြီး ချစ်လေ၊ ပိုပြီး
ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးအဖြစ် အခြေအနေကို
ဘုရားသခင်ထံ ဖွင့်ဟ ပြလေပါပဲ။ ဒါကြောင့် “ကိုယ်တော်မြတ် ပင့်ယူပြီးအချိန်ဟာ
ဝိညာဉ်အတွက် အရမ်းကို အကျိုးထူးဖြစ်စေတယ်ဆိုတာ သတိရကြပါ”လို့ အာဗီလာမှ
စိန်ထရေဇား (St. Teresa of Avila)
က ပြောခဲ့ဖူးပါတယ်။ ဒီအချိန်ကလေးမှာ ခရစ်တော်ယေဇူးကို အာရုံပြုပြီး
ကုန်လွန်စေမယ်ဆိုရင် သူ့ကို ကောင်းကောင်းအစေခံတာနဲ့ အတူတူ ပါပဲ။ ဒါကြောင့်
ဒီအချိန်ကလေးကို ဆုံးရှုံးမသွားအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဘုရားရှင်ကို ကျွန်တော်တို့ လက်ခံရရှိတဲ့အချိန်၊ ဘုရားရှင်နဲ့
ပေါင်းစပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာမျက်စိကိုပိတ်ပြီး
ဝိညာဉ်မျက်စိကို ဖွင့်ထားကာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို မြင်အောင်
ကြိုးစားကြည့်ရပါမယ်။
ကိုယ်တော်မြတ်ကို ပင့်ယူပြီးနောက်
ကျွန်တော်တို့တတွေဟာ ခရစ်တော်ဘုရားရှင်နဲ့ တပေါင်း တစည်းတည်းဖြစ်သလို
ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ပါဝင်တဲ့ အသင်းတော်ကြီးဖြစ်တဲ့
ခရစ်တော်ယေဇူးရဲ့ နက်နဲရာ ခန္ဓာတော်နှင့်လည်း တစ်လုံး တစ်စည်းတည်း
ဖြစ်သွားပါတယ်။ ကိုယ်တော်မြတ်ပင့် ယူချိန်မှာ သီဆိုကြတဲ့ ဓမ္မသီချင်းဟာလည်း
ကျွန်တော်တို့တတွေအကြား တပေါင်းတစည်းတည်းရှိခြင်းကို ပြန်လည် သတိရစေပြီး
အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့တတွေရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့
ကျေးဇူးဆပ်တင်ခြင်းတွေကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။
ကိုယ်တော်မြတ်ကို အားလုံးပင့်ယူပြီးတာနဲ့ တခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ
နေကြရပါတယ်။ ဒီ အချိန်ကလေးဟာ လူတစ်ဦးတစ်ယောက်စီအတွက် မိမိ လိုချင်တဲ့ဆုကို
တောင်းခံဖို့ လိုအပ်တဲ့ သန့်ရှင်းတဲ့ငြိမ်သက်ခြင်း ဖြစ်ပါတယ်။ ဒီလို
တိတ်ဆိတ်ငြိမ်သက်ခြင်း အားဖြင့် ကျွန်တော်တို့ ဘ၀တွေရဲ့ ဆူညံမှုတွေ
ပျောက်ကွယ်သွားပြီး ဘုရားသခင်က ကျွန်တော်တို့ကိုပြောတဲ့ စကားသံကို
ကြားနိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့အချိန် ကလေးပြီးတဲ့အခါမှာ
ကျွန်တော်တို့တတွေ ရရှိပြီးတဲ့ ကျေးဇူးတော်များအတွက် ဘုရားသခင်ကို
ကျေးဇူးတင်ကြပါတယ်။ ကယ်တင်ရှင် ခရစ်တော်ယေဇူးရဲ့ တည်ရှိတော်မူခြင်းအားဖြင့်
ကျွန်တော်တို့ရဲ့ ဘ၀တွေ အကျိုးကျေးဇူး ပိုမို ရရှိဖို့ရန်နှင့်
ပေါင်းစပ်သလို နောင်တစ်နေ့မှာလည်း ကောင်းကင်ဘုံ၌ ခရစ်တော်
ယေဇူးဘုရင်နှင့်အတူ ပေါင်းစပ်ဖို့ ဆုတောင်း ကြပါတယ်။
မစ္ဆားတရား ပြီးတဲ့အခါမှာလည်း ခရစ်တော် ယေဇူးဟာ ကျွန်တော်တို့အထဲ၌
တက်တက်ကြွကြွ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို ခွန်အား
ပေးပါလိမ့်မယ်။ နောက်ပြီး ခရစ်ယာန်အသက်တာနဲ့ အညီ နေထိုင်နိုင်အောင်
ကူညီပါလိမ့်မယ်။ ကျွန်တော်တို့ တတ်နိုင်တယ်ဆိုရင် မစ္ဆားတရားအပြီး ဘုရားရှင်
ကျွန်တော်တို့နှင့် အတူရှိဖို့ အထူးသဖြင့် လာမည့်အပတ်အတွင်းမှာ
တွေ့ကြုံရမယ့် ဒုက္ခ အခက်အခဲ ပြဿနာများ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊
ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်များ၌
ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ နတ်ဆိုးရဲ့ အပြစ်ဒုစရိုက်မှ
ကာကွယ်ပေးဖို့ရန် ဆုကျေးဇူးတော်များကို တောင်းခံ သင့်ပါတယ်။ ဒါမှသာ
ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာ တစ်ခုလုံးမှာ ခရစ်တော်ယေဇူးရှင်နဲ့ အစဉ်အမြဲ
ပေါင်းစပ် သွားနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့တစ်တွေ
ဆုတောင်းနိုင်ဖို့၊ သဒ္ဓါ ကြည်ညိုခြင်း ပြုနိုင်ဖို့အတွက် ခရစ်တော်ယေဇူးဟာ
ကိုယ်တော်မြတ် စက္ကရမင်တူး၌ အပြည့်အ၀ အမှန်တကယ် တည်ရှိနေပါတယ်။
ကျွန်တော်တို့ရဲ့ သဒ္ဓါ ကြည်ညိုခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော်ယေဇူးထံ
သီးခြား အလည်အပတ်သွားခြင်းနှင့် ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ချစ်ခြင်း
မေတ္တာတွေအားဖြင့် မစ္ဆားတရားအတွင်းမှာ ကိုယ်တော်မြတ်ကို ပင့်ယူခြင်းမှ
စတင်ခဲ့တဲ့ ခရစ်တော် ယေဇူးဘုရားရှင်နဲ့ ပေါင်းစည်းခြင်းကို ဆက်လက်ပြီး
ရှင်သန်စေပါတယ်။ ကျွန်တော်တို့တတွေ ဘုရားရှင်ရဲ့အပေါ်မှာထားရှိတဲ့
ချစ်ခြင်းမေတ္တာကိုလည်း တိုးပွားစေပါတယ်။ ဆက်လက်ပြီး ကိုယ်တော်မြတ်
ပင့်ယူခြင်း၌ ခရစ်တော် ယေဇူးဘုရားရှင် ကျွန်တော်တို့ဆီကို ကြွလာခြင်း၏
အကျိုးကျေးဇူးများကိုလည်း ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ဆထက်တပိုး ပိုမိုပြီး
တိုးပွားစေပါတယ်။
No comments:
Post a Comment