၂၈ကြိမ်မြောက် တနင်္ဂနွေနေ့ ကမ္မဌာန်းအကျဉ်း
မနက်ဖြန် ၂၈ကြိမ်မြောက်တနင်္ဂနွေမှာ ဖတ်ရှု့ရမည့် ဧ၀ံဂေလိတရားမှာ အနာကြီးရောဂါသည် ဆယ်ယောက်သည် ၎င်းတို့ရောဂါပျောက်ကင်းစင်ကြယ်ရန်အတွက် ခရစ်တော်အား ကျယ်လောင်သောအသံဖြင့် လျှောက်ကြသောကြောင့် ၎င်းတို့အား ရဟန်းအကြီးအကဲများရှေ့တွင် ကိုယ်ခန္တာကိုပြစေပြီး ပျောက်ကင်းစေခဲ့သော်လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းဖို့နှင့် ကျေးဇူးတင်ဖို့အတွက်တော့ ဘာသာခြားလိုလူမျိုးဖြစ်သည့် ဆာမရိတန်လူတစ်ဦးတည်းသာ ပြန်လာ၍ကျေးဇူးတော်ကိုချီးမွမ်းကြောင်း တွေ့ရှိရပါတယ်။ ထိုနောက် ခရစ်တော်က ၎င်းဆာမာရိတန်အား ခန္တာဝေဒနာပျောက်ကင်းစေရုံမကဘဲ ၀ိညာဉ်ဝေဒနာပါပျောက်ကင်းစေခဲ့တာကိုလည်း တွေ့ရှိရမည် ဖြစ်ပါတယ်။
ဆယ်ယောက်ထဲမှ ဒီတစ်ယောက်၊ အမျိုးနွယ်တူတွေကြားက လူမျိုးခြားဖြစ်တဲ့ဒီတစ်ယောက်၊ ဆာမာရိတန်ဟာ ဒီနေ့ ဧ၀ံဂေလိတရားတော်မှာ မှတ်တမ်းတင်ခံရသလို၊ အခြားသော ဆာမာရိတန်များစွာလည်း ဧ၀ံဂေလိတရားတော်မှာ ချီးမွမ်းခံရကြောင်း၊ ခရစ်တော်၏ ကယ်တင်ခြင်းပေးသနားခံရကြောင်း မှတ်တမ်းတင်ထားပါတယ်။ အထူးခြားဆုံးက ခရစ်တော်ပေးတဲ့ ပုံဥပမာပင် ဆာမာရိတန်ဟာ နေရာရတယ်လို့ပဲ ဆိုရလောက်အောင် ကောင်းသောဆာမာရိတန်ပုံဥပမာက သက်သေပြနေပါတယ်။
ဆာမာရိတန်တွေဟာ ဂျူးလူမျိုးနှင့်အခြားသောတိုင်းတစ်ပါးသားများ ရောစပ်ထားသည့် လူမျိုးဖြစ်ပြီး မျိုးမသန့်၊ မျိုးမစစ်ဟူ၍ အခြားဘာသာတိုင်းတစ်ပါးတို့ထက်ပင် ရွံရှာဖွယ်ကောင်းသည်ဟု ဂျူးလူမျိုးတွေက သပ်မှတ်ထားပြီး မခေါ်မပြောဘဲ ရန်သူအကြီးဆုံးလို ဆက်ဆံခံရသူတွေပါ။
ဂျူးတွေကိုကျော်ပြီး ဆာမာရိတန်တွေကို ချီးကျူးလိုက်သည့်အခါ ခရစ်တော်၏တရားတော်မှာ ဂျူးလူမျိုးများအတွက် ပို၍စဉ်းစားစရာဖြစ်စေပါတယ်။ဂျူးတွေရဲ့ အာရုံကို ပို၍ဖမ်းစားပါတယ်။ သို့ပေမယ့်လည်း ခရစ်တော်၏ကယ်တင်ခြင်းဟာ ဂျူးတွေအတွက်ပဲမဟုတ်ဘဲ အားလုံးသောသူများအတွက်ဖြစ်ကြောင်း သက်သေပြဖို့ လူမျိုးခြားတွေကိုပင် ချီးကျူးပြောဆိုပြီး ကုသပေးလေ့ရှိတာကို တွေ့ရှိရပါတယ်။ လူတစ်ရာတပ်မှုးကိုချီးကျူး၍ ၎င်းတောင်းဆိုသော အစေခံ၏ဝေဒနာပျောက်ကင်းခြင်းကိုလည်း ပေးခဲ့ဖူးပါတယ်. . .
ဒီတော့ ဒီနေ့သတင်းကောင်းဟာ အားလုံးသောသူများအတွက်ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ မှတ်ယူထားရပါမယ်။ ငါ၏နာမ၌ လူမျိုးတကာတို့အား ဆေးကြောခြင်းပေးလော့ ဟူ၍လည်း မိန့်ဆိုထားပါတယ်။ ဒီတော့ ခရစ်ယာန်ဆိုလျှင် တကမ္ဘာလုံးဆိုင်ရာဖြစ်နေရပါမယ်။ သင့်အသိုင်းအ၀ိုင်းအတွင်းမှာပင် အမြင်ကျဉ်းကျဉ်းမထားရပါဘူး။ ထိုကြောင့် တကမ္ဘာလုံးဆိုင်ရာဟူ၍ ခရစ်ယာန်တွေကို ကက်သလစ်အဖြစ် အန်တီအု့ခ်မြို့မှာ စတင်ခေါ်ဆိုခဲ့တာကိုလည်း မှတ်သားထားသင့်ပါတယ်။ ကက်သလစ်ဆိုသည်မှာ တကမ္ဘာလုံးဆိုင်ရာ ဖြစ်ပါတယ်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment