တခါက မြန်မာပြည်၊ ဝေးခေါင်ဒေသက ခရစ်ယာန်ရွာလေးတစ်ရွာမှာ ဘုန်းတော်ကြီးတပါး တာဝန်ကျသတဲ့။ ဘုန်းတော်ကြီးဆီလာပြီး အာပတ်ဖြေ၊ အပြစ်ဝန်ချတောင်းပန်ပြီး ဘုရားရှင်ဆီက ခွင့်လွှတ်ခြင်းကို လာတောင်းခံတဲ့ လူတွေအထဲမှာ ထုံးစအတိုင်း အမျိုးသမီးများစွာရှိတယ်။ အမျိုးသမီးများ သူတို့ခင်ပွန်းမဟုတ်သူတွေနဲ့ မှားယွင်းမှုများကို ခဏခဏ ကြားရဖန်များတော့ ဘုန်းတော်ကြီးက သြဇာရှိတဲ့အမျိုးသမီးတစ်ဦးကိုရွေးပြီးပြောတယ်။ "ညည်းတို့ရော၊ ဘုန်းတော်ကြီးရော၊ ကြားကောင်းအောင် နောက်ဆို မှားယွင်းဖေါက်ပြန်မိတယ်..လို့ မပြောနဲ့။ ... ချော်လဲမိတယ် .. လို့ ပြောပါ" အမိန့်ပေးလိုက်လို့ အမျိုးသမီးများက နာခံကြပါတယ်။
တနေ့တော့ သာသနာပိုင်ဆရာတော်က ဒီဘုန်းတော်ကြီးကို လိုအပ်တဲ့တနေရာအတွက် အရေးပေါ် လှမ်းခေါ်လိုက်တယ်။ ဒီရွာအတွက်တော့ နောက်ထပ် ဘုန်းတော်ကြီး အသစ်တပါးကို လွှတ်လိုက်တယ်။ ဘုန်းတော်ကြီးအဟောင်းက ဘုန်းတော်ကြီးအသစ်အတွက် မှာစရာတွေကို ရွာသူကြီးကတဆင့် မှာလိုက်ရတယ်။ " မိန်းမ တွေက ချော်လဲမိတယ် ပြောရင် လင်မဟုတ်သူနဲ့ မှားယွင်းဖေါက်ပြန်မိတာကို လို့ဆိုလိုတယ် ..." ဆိုတဲ့အကြောင်းပေါ့။
ဘုန်းတော်ကြီးအသစ် ရောက်ပြီး သိပ်မကြာဘူး။ ရွာသူကြီးနဲ့ တွေ့တဲ့အချိန် ရွာသူကြီးကို ပြောတယ်။ ခင်ဗျားတို့ရွာက အမျိုးသမီးတွေ တော်တော့်ကို ချော်လဲနေကြတယ်။ ရွာက လမ်းတွေ သေချာပြန် ပြုပြင်ဖို့ လိုနေပြီထင်တယ် .. လို့ သတိပေးလိုက်တော့ ..
ရွာသူကြီးက ပြုံးပြီးပြန်ပြောတယ်...။
ဘုန်းတော်ကြီးခင်ဗျား .. ချော်လဲတယ်ဆိုတာ တကယ်ချော်လဲတာမဟုတ်ပါဘူး .. ။ ပြောရင်း ခဏရပ်လိုက်တယ်။ ဒီဘုန်းကြီး မသိသေးဘူး .. ဆိုတဲ့ သူကြီးအပြုံးနဲ့ပေါ့။
မစောင့်နိုင်တဲ့ ဘုန်းတော်ကြီးက "သူကြီးရယ် တကယ်ပြောတာပါ၊ ဒီတပါတ်ထဲမှာ သူကြီးမိန်မ ချော်လဲတာ ၃ခါတောင် ရှိသွားပြီ " .. လို့ ပြောလိုက်တယ်။
မှတ်ချက်။ အပြစ်ဝန်ခံခြင်း နည်းသော ယောင်္ကျားများအား ရည်ရွယ်ပါသည်။
Ko Htun
No comments:
Post a Comment