Sunday, 29 June 2014

သံပေတရူးနှင့် သံပေါလူးတို့ပွဲနေ့ကြီး။


ဇွန်လ ၂၉ ရက်နေ့၊ သံပေတရူးနှင့် သံပေါလူးတို့ပွဲနေ့ကြီး။
ဤပွဲနေ့ကြီးတွင် သံပေတရူးနှင့် သံပေါလူးကို တွေ့ဆုံခဲ့ရသော စိန်ဒေါမီနစ်၏ ရူပါရုံလေးကို ဝေမျှလိုပါတယ်။
ပုပ်ရဟန်းမင်းကြီးက အသစ်တည်ထောင်မည့် တရားဟောသူများအသင်းဂိုဏ်းအား ကမ္ဘာတဝှမ်းလုံးတွင် တိုးချဲ့မည်ဆိုလျှင် တရားဟောရဟန်းတော်များ နည်းပါးခြင်းကြောင့် စိန်ဒေါမီနစ်ဟာ စိတ်သောက ရောက်ခဲ့ရပါတယ်။ ညတစ်ညတွင် ဒေါမီနစ်သည် စိန်ပီတာဘုရားကျောင်းထဲ၌ ဆုတောင်းနေစဉ်၊ စိန်ပီတာနှင့် စိန်ပေါလ် တို့သည် သူ့အား ကိုယ်ထင်ပြကာ လှုံ့ဆော်ပေးခဲ့တယ်။ စိန်ပီတာသည် သူ့အား တောင်ဝှေးတစ်ချောင်းပေးခဲ့ပြီး စိန်ပေါလ်သည် သမ္မာကျမ်းစာအုပ်တစ်အုပ် ပေးခဲ့သည်။ ထိုနောက် သူ့အား “သင့်အား ဘုရားသခင် ရွေးချယ်တော်မူ၏ သွား၍ ဟောပြောလော” ဟုဆိုခဲ့ကြတယ်။
ဒေါမီနစ်သည်သူ့၌အပေါင်းဖော် အနည်းငယ်သာရှိသည်ဟု ညည်းတွား နေချိန်တွင်၊ သူ၏အပေါင်းဖော်များသည် နှစ်ယောက်တတွဲ, တွဲ၍ ဘုရားသခင်၏ နာမတော်၌ ကမ္ဘာတဝှမ်းလုံးအား တရားဟောရန် ပြင်ဆင်နေကြောင်း ရုတ်တရက် တွေ့မြင်ခဲ့ရသည်။
ယနေ့ ကျွန်ုပ်တို့အသင်းတော်ကြီးအတွင်း သံပေတရူးနှင့် သံပေါလူးပွဲတော်ကို အတူတကွ ပူးတွဲ၍ ကျင်းပလေ့ရှိပါတယ်။ ထိုတမန်တော်ကြီးနှစ်ပါးမှာ သန့်ရှင်းသောဌာန (သို့မဟုတ်) ရောမအသင်းတော်ကို ၎င်းတို့၏စိတ်အား၊ ညဏ်အား၊ သာမကဘဲ သွေးစက်တို့ဖြင့် တည်ထောင်ခဲ့ကြပါတယ်။
သံပေတရူးနှင့် သံပေါလူး - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။
Øverst i skjemaet
Nederst i skjemaet

Monday, 16 June 2014

မိုးကလည်းရွာ ထီးကလည်းမပါ

လူတစ်ယောက် ခရစ်ယာန် ဘုန်တော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။ 
လူ ။ ။ဖားသား တပည့်တော်အပြစ်ဝန်ခံချင်လို့ပါ။
ဘုန်တောကြီး။ ။ပြော ငါ့သား 
လူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတယောက်အိမ်သွားလည်တာ သူငယ်ချင်လည်းမရှိဘူး
သူ့မိန်းမပဲရှိတယ်။ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်
မိုးကရွာပါလေရော။ခက်တာက ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာ
ထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့ သိပ်ပြီး အပြစ်မရှိပါဘူး
လူ ။ ။တနေ့က ခယ်မအိမ်သွားအလုပ်ရှိလို့သွားတာ
ခယ်မခင်ပွန်းကလည်းမရှိဘူး။ဒါနဲ့ပြန်မယ်လည်းလုပ်ရော
မိုးကရွာပါလေရော။ကျွန်တော်မလည်း ထီးလည်းမပါဘူး။ဒီတော့
မိုးကလည်းရွာထီးကလည်းမပါနဲ့ခယ်မနဲ့ မှားခဲ့ပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့
သိပ်ပြီး အပြစ်မရှိပါဘူး။
လူ ။ ။ဟိုနေ့ကလည်း ယောက်ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး
ဘယ်သူမှမရှိဘူး ။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်း
မိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မိပြန်ရော။
ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။
ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား....
လူ ။ ။မပါဘူးလေ ဘာဖြစ်လို့လည်း။
ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့။

ဝန်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့လာကြလော့


  အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 
ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့်အောက်ရပ်လူ့ပြည်မှအပ်ငယ်နှစ်ချောင်းထိပ်ခြင်းတိုက်ပါသော်မှလူအဖြစ်ကားရခဲစွတည်း၊အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။
လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။
တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။
`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။
ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

၁။ သြကာသလောက။

အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊

၂။ သတ္တလောက။

တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။

၃။ နိစ္စလောက။

ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။
ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။

၎။ အနိစ္စလောက။

“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။
ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။
ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။

၅။ နိစ္စဘုံသို့သွားရာလမ်း။

ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။
အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။
ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။
ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။
“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။
“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။
ခရစ်တော်၏ အမှုတော်မြတ်၌

Sunday, 6 April 2014

ခရစ်ယာန်ဂိုဏ်းကွဲများ စတင်ပေါ်ပေါက်လာပုံ

KCC Austin's Video မှ အင်္ဂလိပ်စာတန်းထိုးကို မြန်မာလိုဘာသာပြန်ဆိုထား
သော (ခရစ်ယာန်ဂိုဏ်းကွဲများ ပေါ်ပေါက်လာပုံ အကြောင်း)ကိုဝေငှပါရစေ။

သင်ရဲ့အသင်းတော်ကို ဘယ်သူတည်ထောင်ထားခဲ့ပါသလဲ………
သင်ရဲ့အသင်းတော်ကို ဘုရားရှင်တည်ထောင်ထားခဲ့တာလား……….
ဒါမှမဟုတ
် လူဂ္ဂိုလ်ကသာ ဖွဲ့စည်းတည်ထောင်ခဲ့တာလား………….
ခရစ်တော်ရဲ့ စစ်မှန်သောအသင်းတော်ဆိုတာ တစ်ခုတည်းသာရှိနိုင်ပါသည်။
ဘာကြောင့်လဲဆိုတော့ များပြားလှသောအသင်းတော်ဂိုဏ်းဂဏများဟာ စစ်မှန်သော ယုံကြည်ချက်နဲ့မှန်ကန်စွာ သမ္မာကျမ်းစာတော်ကို အဓိပ္ပါယ်ဆိုဖွင့်ချက်တို့ကိုပြ ဌာန်းနေ ကြလို့ပါဘဲ။ ပြဌာန်းချက်တွေအားလုံးဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုရှိချင်ရှိပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကရှုပ်ထွေးမှုတွေဖြစ်စေမဲ့သူ တစ်ဦးတော့မဟုတ်တာတော့သေချာပါတယ်။ ဒီအသင်းတော်တွေအားလုံး မမှန် ကန်နိုင်ပါဘူး။ မစစ်မှန်တဲ့အသင်းတော်ထဲ သင်ရောက်နေမယ်ဆိုရင်ရော… စစ်မှန်တဲ့အသင်းတော်ကို သင်မသိချင်ဘူးလား…ရှင်းလင်းသေချာတာ တစ်ခု ကတော့ ခရစ်တော်သ္ခင်ကိုယ်တော်တိုင် တည်ထောင်ထားတဲ့အသင်းတော်
သာ တကယ်စစ်မှန်တဲ့ တစ်ခုတည်းသော အမိအသင်းတော်ဖြစ်ပါတယ်။ သမိုင်းကြောင်း ခေတ်အဆက်ဆက်မှာ လွဲမှားဆိုးသွမ်းတဲ့သူတချို့ပေါ်ပေါက်ခဲ့ပြီး အတုအယောင်အသင်းတော်တွေတည်ထောင်ခဲ့သလို မိစ္ဆာဒိဌိအယူဝါဒတွေကို လည်းသွန်သင်ခဲ့ပါတယ်။ ကျွန်ုပ်တို့သ္ခင်ခရစ်တော်ဟာ ဘယ်အသင်း တော်ကို တည်ထောင်ထားခဲ့ပြီး လူပုဂ္ဂိုလ်တွေကတော့ ဘယ်အသင်းတော်တွေကိုတည်ထောင် ထားခဲ့ တယ်ဆိုတာသိရအောင် ကျွန်ုပ်တို့အားလုံး ပြီးခဲ့တဲ့အချိန်ကာလတွေကိုလေ့ လာကြည့်ကြရအောင်….. အမှန်တရားကိုသင်လက်ခံနိုင်မယ်ဆိုရင်….

၁။ Assyrian Church of the East အသင်းတော်ဆိုရင် AD 431, Ephesus မှာကျင်း ပတဲ့ Council of Ephesus ကိုလက်မခံငြင်းပယ်ခဲ့တဲ့ Assyrian ဆရာတော်များ ဦးဆောင်ပြီး ကက်သလစ်အသင်းတော်မှ ခွဲထွက်သွားခဲ့တာဖြစ်ပါတယ်။

၂။ Oriental Orthodox Church အသင်းတော်ဟာ AD 451 မှာကျင်းပတဲ့ Council of Chalcedon ဆုံးဖြတ်ချက်ကို ငြင်းပယ်ပြီး အရှ့ပိုင်းဆရာတော်အချို့ဦးဆောင်မှုဖြင့် ကက်သလစ်အသင်းတော်မှ ခွဲထွက်သွားခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။

၃။ Eastern Orthodox Church ဆိုတာလည်း AD 1054 မှာကက်သလစ် အသင်း တော်မှ ခွဲထွက်ခဲ့တဲ့အသင်းတော်ပဲဖြစ်ပါတယ်။

၎။ Lutheran Church (လူသာရင် အသင်းတော်)ဆိုရင် AD 1517 မှာ Fr. Martin Luthre ဦးဆောင်ပြီး ကက်သလစ်အသင်းတော်မှ ခွဲထွက်သွားခဲ့တဲ့ အသင်းတော်ဖြစ် ပါတယ်။ Fr. Martin Luther ဟာ Augustinian ရသေ့ဂိုဏ်းဝင် ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး Protestant ဂိုဏ်းကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါ တယ်။ အသင်းတော်နဲ့ခွဲထွက်ပြီးနောက် အိမ်ထောင်သားမွေးအလုပ်မပြုခြင်းကတိ ကိုဖောက်ဖျက်ပြီး သီလရှင်တစ်ပါးနဲ့လက်ထပ်ခဲ့ပါတယ်။ ယုံကြည်ချက်(ယုံကြည်ခြင်း) တစ်ခုတည်းဖြင့်သာ အမှန်တရားဖြစ်စေသည်ဟူသော လွဲမှားသောအယူဝါဒကို သွန် သင်ခဲ့ပြီး (ရောမ ၃း၂၈)တွင် ယုံကြည်ခြင်းဆိုတဲ့စာသားကို “တစ်ခုတည်းဖြင့်သာလျှင်” ထပ်ပေါင်းထည့်တာသာမက (ယာကုပ် ၂း ၂၄)တွင်လည်း ရှင်ယာကုပ်ကျမ်းမှ “ ယုံကြည်ခြင်းတစ်ခုတည်းသာလျှင်မဟုတ်” ဆိုတဲ့ စာသားကို ဖြုတ်ချင်ခဲ့သူတစ်ဦး လဲဖြစ်ပါတယ်။

၅။ အင်္ဂလီကန်အသင်းတော်ဟာ AD 1534 မှာ အင်္ဂလန်နိုင်ငံ၌ ဟင်နရီဘုရင်VIII တည်ထောင်ခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။ ဟင်နရီဘုရင်VIIIသည် ရှင်မသဲ 19: 9 ၌ပါသော လင်မယားကွာရှင်းခြင်း ပြသနာကို ပုပ်ရဟန်းမင်းကြီးမှအခွင့်မပေး တာ ကြောင့် ကက်သလစ်အသင်းတော်မှခွဲထွက်ပြီး အင်္ဂလီကန်အသင်းတော်ကို စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

၆။ သင်ဟာ Calvin အသင်းတော်ကဆိုရင် ဘာသာရေးယုံကြည်ချက်အယူဝါဒကို AD 1555မှာ John Calvin ကစတင်တီထွင်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ ပ-တီမောသေ 2: 4 အရ ဘုရားသ္ခင်သည် လူသားအားလုံးကိုကယ်တင်လိုသည်ဟု ဆိုထားသော်လည်း သူဟာ “ခရစ်တော်သည် လူသားအားလုံး အတွက်အသေခံခဲ့သည် မဟုတ် ဘဲ ရွေးကောက်ထားသောသူများအတွက်သာဖြစ်သည်”ဟု မှားယွင်းစွာသွန် သင် ခဲ့ပါတယ်။ (၁ကော 9: 27. ဟေဗြဲ 6: 4-6. ၂ပေတရု 2: 20-22. စသဖြင့်များစွာ …
ကျမ်းစာတော်ဆိုလိုချက်ကို ဆန့်ကျင်လျက် Calvin အသင်းတော်ဟာ “လူသားသည် ကယ်တင်ခြင်းမဆုံးရှုံးနိုင်”ဟုမှားယွင်းစွာသွန်သင်ကြေငြာခဲ့ပါတယ်။(လွဲမှားသောအယူဝါဒ၊ အယောင်ဆောင်များ နှင့်ပတ်သက်၍ ကောရိန္တု ပထမစောင် 11: 19 ကိုဖတ်ပါ။)

၇။ Presbyterian Church ကို AD 1560 မှာ John Knox က တည်ထောင်ထားခဲ့ တာဖြစ်ပါတယ်။

၈။ Baptist Church (နှစ်ခြင်းအသင်းတော်) ဟာ AD 1609 မှာ John Smyth ကတည်ထောင်ထားခဲ့တာဖြစ်ပါတယ်။

၉။ Methodist Church (မက်သဒစ်အသင်းတော်)ဟာ AD 1739 မှာ အင်္ဂလီကန် အသင်းတော်မှခွဲထွက်ပြီး John နှင့် Charles Wesley တို့ကဦးဆောင်ကာ တည်ထောင်ထားခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။

၁၀။ Episcopalian အသင်းတော်ဟာ AD 1789 မှာ Sam Seabury ကစတင် တည် ထောင်ခဲ့တာဖြစ်ပြီးအင်္ဂလီကန်အသင်းတော်ရဲ့အမေရိကန်စနစ်(ဝါ)စတိုင်လည်း ဖြစ်ပါတယ်။ အဆိုပါအသင်းတော်ဟာ လိင်တူပေါင်းသင်းဆက်ဆံခြင်းအပါအဝင် အခြားသောကိုယ်ကျင့်တရားပျက်ပြားမှုများကိုခွင့်ပြုထားတဲ့ အလွတ်လပ်ဆုံး အသင်းတော်များထဲက တစ်ခုဖြစ်ပါတယ်။

၁၁။ The Mormon Church ဆိုတဲ့ The Church of Jesus Christ of Latter-Day Saints (ခရစ်တော်၏နောက်ပေါ် ရဟန္တာများအသင်းတော်)ကို AD 1830 အမေရိ ကန်နိုင်ငံမှာ Joseph Smith ကတည် ထောင်ခဲ့တာဖြစ်ပါတယ်။ ဘုရားသ္ခင်က အခြား ဂြိုလ်တစ်ခုမှာ လူသားအဖြစ်ကနေ ဘုရားအဖြစ်ရရှိခဲ့တယ်လို့သွန်သင်ခဲ့သူလည်း ဖြစ် ပါတယ်။ လူသားတွေဟာ ဘုရားဖြစ်နိုင်ကြပြီး သူတို့ကိုယ်ပိုင်ဂြိုလ်တွေမှာ အုပ်စိုးမင်း မူနိုင်တယ်လို့ သွန်သင်ခဲ့သလို ဘုရားဖြစ်ဖို့လည်း မိန်းမတွေအများကြီးယူရမယ်လို့ ပြောဆိုကျင့်ကြံခဲ့သူလည်းဖြစ်ပါတယ်။ (အိဇာအိယ ၄၃း ၁၀ ၏ ဘုရားတစ်ဆူးတည်း ရှိသည်ကိုဆန့်ကျင်ထားတာပဲဖြစ်ပါတယ်။)

၁၂။ Church of Christ (ခရစ်တော်ရဲ့အသင်းတော်) ဟာ AD 1836 တွင် Warren Stone နှင့် Alexander Cambell တို့မှ တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ ခရစ်တော် ကိုယ်တော်တိုင် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀၀ ကျော်ကတည်းက သူကိုယ်တိုင် အသင်း တော်ကိုတည်ထောင်ထားခဲ့တာဖြစ်ပြီး ဘာလို့ခရစ်တော်ရဲ့ အသင်းတော် လို့ခေါ်ဆိုရသလဲဆိုတာ မေးခွန်းထုတ်စရာပါ။

၁၃။ Seven Day Adventist (သတ္တမနေ့ဥပုသ်အသင်းတော် (ဝါ) စနေအသင်း)ကို AD 1844 တွင် Ellen G. White မှတည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ Ellen ဟာ “Vicarius Fili Dei” ဟူသော ခေါင်းစဉ်ဟာ လာတင်းဘာသာအရ ၆၆၆ ဂဏန်းဖြစ် တာကြောင့် ပုပ်ရဟန်းမင်းကြီးကို AntiChrist (ခရစ်တော်ကိုဆန့်ကျင်သူ)လို့ နာမည် တပ်သွန်သင်ခဲ့ပါတယ်။ တကယ်တော့ ပုပ်ရဟန်းမင်းကြီးရဲ့နာမက “Vicar of Christ” (ခရစ်တော်၏အသင်းတော်ကို ဦးဆောင်သူ)ဖြစ်ပြီး “Vicarius Fili Dei” မဟုတ်တဲ့ အတွက် ၆၆၆ ပေါင်းထည့်တာမှားပါတယ်။ တကယ်တော့ Ellen G. White ဆိုတာ 
လာတင်းဘာသာအရ ၆၆၆ ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအပြင် ဓမ္မသစ်ကျမ်းကို လာတင်းဘာသာနဲ့ရေးသားခဲ့တာမဟုတ်ဘဲဂရိဘာသာနဲ့ရေးခဲ့တာဖြစ်သလို ရေးသားသူတွေကလည်းပဲ လာတင်းဘာသာစကားကို ပြောဆိုတတ်သူတွေမဟုတ်ဘဲ အရမတ်(Aramaic) စကားကိုပြောသူ တွေပဲဖြစ်ပါတယ်။ အဆိုပါအသင်းတော် ဟာ ရှေးဦးခရစ်ယာန်တွေ ကျင့်ကြံခဲ့တာကိုဆန့်ကျင်ပြီး တနင်္ဂနွေအစား စနေနေ့မှာ ဝတ်ပြုကိုးကွယ်ကြပါတယ်။

၁၄။ Jehovah အသင်းတော် (ယေဟိုးဝါးအသင်းတော်)ဟာ AD 1874 မှာ Charles Taze Russel မှ တည်ထောင်ထားခဲ့ပါတယ်။ သူတို့က ခရစ်တော်ကို ဘုရားအဖြစ် လက်မခံဘဲ စိန့်မိုင်ကယ် ရဟန္တာလို့သာလက်ခံသွန်သင်ကြပါတယ်။ (ဒါပေမဲ့ ဟေဗြဲ ၁း၅ မှာတော့ သားတော်ဘုရားကို ရဟန္တာလို့မခေါ်တွင်ရလို့ရေးသားထားပါသေးတယ် ။ ) ယေဟိုးဝါးအသင်းတော်ဟာ သမ္မာကျမ်းစာတော်ကို လွဲမှားစွာသူတို့ပုံစံနဲ့ အသစ် ဘာသာပြန်ခဲ့တာလည်းရှိပါတယ်။

၁၅။ Pentacostal အသင်းတော်ဟာ AD 1901 မှာ Charles F. Parkham မှ တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။

၁၆။ တကယ်လို့သင်က Assemblies of God, United Church of Christ, Calvary Chapel, Born Again movement ဒါမှမဟုတ် မရေတွက်နိုင်တဲ့ အသင်းတော် အမျိုးမျိုးထဲကဆိုရင်တော့ သင့်အသင်းတော်ဟာ လွန်ခဲ့သောနှစ် ၁၀၀ အတွင်းကသာ များစွာသောဆန့်ကျင်သူတွေကနေပြီး တည်ထောင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။

၁၇။ တကယ်လို့ သင်က (Catholic)တစ်ဦးဆိုရင်တော့ သင့်အသင်းတော်ကို သ္ခင်ခရစ်တော်ကိုယ်တော်တိုင် AD 33 မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမိအသင်းတော်ဟာ ခရစ်တော်ရဲ့သွန်သင်မှုများကို နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ သည့်တိုင် ယုံကြည်စွာအမြစ်တွယ်ခဲ့ပါတယ်။(၁တီ ၃း ၁၅) ဘုရားသ္ခင်၏အိမ်တော် သည်ကား အသက်ရှင်သောဘုရားသ္ခင်၏အသင်းတော်၊ သမ္မာတရား၏ မဏ္ဍိုင်နှင့် 
ကျောထောက်နောက်ခံဖြစ်သတည်း။ သ္ခင်ခရစ်တော်သည် သူ၏စစ်မှန်သောအသင်း
တော်(ဝါ) ကက်သလစ်အသင်းတော်သို့ပါဝင်ကြရန် ကျွန်ုပ်တို့အားလုံးကိုခေါ်နေပါ သည်။ သန့်ရှင်းသောကိုယ်တော်မြတ်စက္ကရ်မင်တူးတွင်ပါဝင်ဖို့ သင့်ကိုခရစ်တော်
စောင့်နေပါတယ်။ (၂ သက်ဆာလောနိတ် ၂း ၁၅) ငါတို့၏နှုတ်စကားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့သင်ယူခဲ့ကြပြီးသော ထုံးတမ်းစဉ်လာများကိုထိန်းသိမ်း ကြလော့။ (မာတေဦး ၁၆း ၁၈) သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာငါ၏ အသင်း တော်ကိုငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏနိုင်ငံ၏ တံခါးတို့ သည် မအောင်နိုင်ရာ။ 
(ခရစ်တော်ကအသင်းတော်လို့သာ မိန့်မှာခဲ့ပြီး အသင်းတော်များလို့ မပြောခဲ့ပါဘူး။) သားတော်မြတ်ကို အမြဲလမ်းညွှန်ပြနေတဲ့အတွက် အမိမယ်တော်မာရိယာထံသို့ နေ့ တိုင်းဆုတောင်းပါ။ အားလုံး ခရစ်တော်ရဲ့ပြီးပြည့်စုံတဲ့အမှန်တရားနဲ့ သူ့ရဲ့ ကက်သ လစ်အသင်းတော်ကို ရှာဖွေနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။(ကော်လောဆေ ၁း ၁၈) ကိုယ်တော်သည် အသင်းတော်တည်းဟူသော ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၏။ (ဧဖက် ၄း ၄-၅) သ္ခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး ၊ဆေးကြောခြင်း တစ်ပါးတည်း သာ ဖြစ်သတည်း။
(ဂျုဒ ၁း ၃) ချစ်ဆွေတို့ ငါတို့အားလုံးနှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို သင်တို့ထံစာရေးရန် စိတ်အားထက်သန်လျက်ရှိသည်ဖြစ်၍ သူတော်သူမြတ်တို့အား အပြီးအပိုင်ပေးသနားတော်မူခဲ့သော ယုံကြည်ခြင်းအတွက် ခုခံကာကွယ်စေခြင်းငှါ သင်တို့အားစာရေး၍တိုက်တွန်းနှိုးဆော်ရန်လိုအပ်သည်ဟု ငါခံယူခဲ့၏။

မှတ်ချက်။ ။ မလေးရှားရောက် Fr, Michael ဘာသာပြန်ပေးခြင်းဖြစ်ပါသည်။

Wednesday, 2 April 2014

ကက်သလစ်တွေကို ခရစ်ယာန်တွေလို့ အမှန်တကယ်ခေါ်ဆိုနိုင်ပါသလား?


ကက်သလစ်တွေကို ခရစ်ယာန်တွေလို့ အမှန်တကယ်ခေါ်ဆိုနိုင်ပါသလား?

တမန်တော်ဝတ္ထု ၁၁း၂၆ မှာကြည့်မယ်ဆိုရင်...

"သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့နှစ်ဦးသည် (ပေါလ်နှင့် ဘာနာဘ) တစ်နှစ်ပတ်လုံး အသင်းတော်ဝင်တို့နှင့် တွေ့ဆုံ၍ များစွာသောလူပရိတ်သတ်တို့ကိုသွန်သင်ကြ၏။ တပ့်တော်တို့သည် ပထမဆုံးအကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံကြရသည့် အရပ်မှာ အန္တိအုတ်မြို့ဖြစ်သတည်း။"

ဒီကျမ်းပိုဒ်အရ အန္တိအုတ်မြို့မှာ ခရစ်ယာန်ဆိုတဲ့ အမည်ကို စတင်ခေါ်ခဲ့ပါတယ်။
အန္တိအုတ်မြို့ဆိုတာဘာလဲ?

အန္တိအုတ်မြို့ဆိုတာ သာသနာတော်ရဲ့ရှေးဦးဖခင် (early Church Father) လည်းဖြစ်တဲ့ ရဟန္တာ သံအင်ညားစီအူး (St.Ignatius)က Bishop အနေနဲ့နေထိုင်သီတင်းသုံးတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်။ 

A.D 110 လောက်တုန်းက သူဟာ ဓမ္မအာဇာနည်အဖြစ် အသက်တော်စွန့်ရန် အန္တိအုတ်မြို့ကနေ ရောမမြို့ကိုထွက်လာတဲ့အချိန်မှာ စာခုနှစ်စောင် ရေးသားခဲ့ပါတယ်။ 

အဲဒီစာတွေထဲက တစ်စောင်မှာရေးသားထားတာကတော့
“Wheresoever the bishop appears, there let the people be, even as wheresoever Christ is, there is the Catholic Church.” တဲ့။
Bishop (ဆရာတော်) ရှိတဲ့နေရာတိုင်းမှာ (ခရစ်တော်ရှိသကဲ့သို့) လူတွေရှိ တယ်။ အဲဒီမှာ ကက်သလစ်သာသနာဆိုတာရှိတယ်။

ဒါကြောင့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင် “Catholic” ဆိုတဲ့ ဝေါဟာရ ပထမဆုံးသုံးခဲ့တဲ့ Ignatius ဟာ ခရစ်တော်နောက်လိုက်တဲ့သူတွေကို “Christians” ဆိုတဲ့ ဝေါဟာရ စသုံးခဲ့တဲ့ မြို့မှာ Bishop (ဆရာတော်) အဖြင့် နေထိုင်သီတင်းသုံးတော်မူခဲ့ပါတယ်။ 
ဒါကြောင့် Catholic တွေကို Christian တွေလို့ ခေါ်ဆိုနိုင်ပါတယ်။

(Ignatius ဟာ တပည့်တော်ကြီး ဆယ့်နှစ်ပါးထဲက ဧ၀ံဂေလိကျမ်းရေးသားသူ သံယောဟန်ရဲ့ တပည့်တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။)

We stand with the One Holy Catholic and Apostolic Church.

A.M.D.G

 

သမ္မာကျမ်းစာအစ ကက်သလစ်သာသနာတော်က


သမ္မာကျမ်းစာအစ ကက်သလစ်သာသနာတော်က

A.D 30 မှ ၃၃ ခုနှစ်သည် ခရစ်တော်ဘုရားရှင်၏ ဟောပြောခြင်း
A.D 33 တွင် ခရစ်တော်ဘုရားရှင် ကက်သလစ်သာသနာတော်ကိုတည်ထောင်သည်

ဓမ္မသစ်ကျမ်းစာကို ပထမရာစုနောက်ဆုံးချိန်အထိ ပြီးဆုံးအောင်ရေးသားခြင်းမရှိသေး။
A.D 42 တွင် သံမာတေဦး ဧ၀ံဂေလိကျမ်း ရေးသားခဲ့သည်။
A.D 52 တွင် သံမာကု ဧ၀ံဂေလိကျမ်း ရေးသားခဲ့သည်။
A.D 63 တွင် သံလုကာ ဧ၀ံဂေလိကျမ်းကို ရေးသားခဲ့သည်။
A.D 97 တွင် သံယောဟန် ဧ၀ံဂေလိကျမ်းကို ရေးသားခဲ့သည်။
A.D 100 တွင် ဓမ္မသစ်ကျမ်းစာ ပြီးမြောက်အာင် ရေးသားနိုင်ခဲ့ခြင်းမရှိသေးပေ။
A.D 393 တွင် Hippo ကောင်စီ၌ ဓမ္မသစ်တွင်ပါဝင်မည့် ကျမ်းစာစာရင်းကို ဆုံးဖြတ်သည်။
ကက်သလစ်သာသနာတော်သည် Hippo ကောင်စီမှ ဆုံးဖြတ်လိုက်သော ဓမ္မသစ်ကျမ်းစာတွင်ပါဝင်မည့် ကျမ်းစာ စာရင်းကို A.D 397 တွင်ကျင်းပသော Carthage ကောင်စီက အတည်ပြုခဲ့သည်။

A.D 397 တွင်ပြုလုပ်ကျင်းပသော Carthage ကောင်စီအစည်းအဝေးတွင်လည်း ဓမ္မသစ်ကျမ်းစာကို ပုံနှိပ်ထုတ်ဝေရန် မပြုလုပ်နိုင်ခဲ့သေးပါ။

A.D 1450 တွင် စာပုံနှိပ်ခြင်း စတင်တီထွင်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ် ပုံနှိပ်ခဲ့သည်။
(A.D 626 တွင် ကက်သလစ်သမ္မာကျမ်းစာကို ဘာသာစကား မျိုးစုံသို့ ဘာသာပြန်ထုတ်ဝေပြီးခဲ့လေသည်။ ထိုပုံနှိပ်ထုတ်ဝေမှုများထဲမှ ဂျာမနီတွင် ၁၇ ကြိမ်ထုတ်ဝေမှုကို လူသာ၏ ဘာသာပြန်ခြင်းပြုလုပ်ခဲ့သည့် A.D 1522 မတိုင်ခင် ပင်ဖြစ်ပေါ်ခဲ့သည်။ လူသာမမွေးခင်တွင်လည်း ၉ကြိမ်ထုတ်ဝေမှုပြုလုပ်ခဲ့ပြီးဖြစ်သည်။)

A.D 1582 တွင် DOUAY-RHEIMS ဟုခေါ်သော အင်္ဂလိပ်ဘာသာဖြင့် ကက်သလစ်သာနာက ဓမ္မသစ်ကျမ်းကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

ခရစ်တော်မိုးကောင်ကင်ပေါ်တက်ကြွသွားပြီးနောက် ၁၆ ရာစုမျှကြာမှသာလျှင် ပရိုတက်စတန်ဂိုဏ်းမှ အင်္ဂလိပ်ဘာသာ King James Version ဓမ္မသစ်ကျမ်းစာကို A.D 1611 တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

A.D 1941 တွင် ကက်သလစ်သာသနာမှ ကျမ်းစာပညာရှင်များက ဓမ္မသစ်ကျမ်းကို ပြန်လည်၍ စီစစ်တည်းဖြတ်ခဲ့သည်။

credit to JOHN O' BRIEN PhD, LLD

We stand with the One Holy Catholic and Apostolic Church.
A.M.D.G





 

Saturday, 1 February 2014

ပုပ်ရဟန်းမင်းကြီး Francis & မြန်မာနိုင်ငံကက်သလစ် သာသနာခရစ်ယာန် ရောက်ရှိခြင်း နှစ် (၅၀၀)ပွဲတော် 21-23 Nov 2014

ပုပ်ရဟန်းမင်းကြီး မြန်မာ နိုင်ငံ လာရောက်ဖို့ ကက်သလစ် အသင်းတော် ဖိတ်ကြား

ပုပ်ရဟန်းမင်းကြီး Francis
မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကြွရောက်ဖို့ ဖိတ်ကြားထားတာကို သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့  ပူးပေါင်းဆောင်ရွက်ပေးဖို့ CBCM လို့ခေါ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က လိုလားကြောင်း ပြောခွင့်ရ ခရစ်ယာန်ဆရာတော် တဦးက ဗွီအိုအေ ကိုပြောပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်က ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ သုံးရက်တာ ကျင်းပမယ့် ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်း မင်းကြီး ကြွရောက်ပေးဖို့ CBCM ဖိတ်ကြားထားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြထားပါတယ်။

အခုလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို ကြွဖို့ ဖိတ်ကြား ကမ်းလှမ်း ထားပေမယ့် လာဖြစ် မလာဖြစ်ကိုတော့ အခုချိန်ထိ ဗာတီကန် နန်းတော် ဘက်က အကြောင်းမပြန်သေးဘူးလို့ CBCM ခေါ် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရ  Father မောရစ်ညွန့်ဝေက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ဖိတ်ကြားထားတာ မှန်ပေမဲ့လို့ ဟိုဘက် ဗာတီကန်ကနေပြီးတော့မှ တရားဝင်လာပါမယ်ဆိုတဲ့ အကြောင်းပြန်ချက်တော့ ကျနော်တို့ မရသေးဘူး ခင်ဗျ။ မနှစ် အောက်တိုဘာလကတည်းက ကျနော်တို့ ဖိတ်ထားပါတယ်။ နောက် ဒုတိယတကြိမ်လည်း ကျနော်တို့ ထပ်ဖိတ်ပါတယ်။ ဒါပေမဲ့လို့ ရဟန်းမင်းကြီး အနေနဲ့က သူ့ခရီးစဉ်တွေက အများကြီးရှိနေတဲ့အခါကျတော့ ကျနော်တို့ကို သူပေးနိုင်၊ မပေးနိုင်ကတော့ ကျနော်တို့ အတိအကျပြောလို့မရသေးပါဘူး။

ရဟန်းမင်းကြီးအနေနဲ့ကတော့ အာရှဘက်ကို လာဖို့ သူစိတ်ဝင်စားတယ်။ ဆန္ဒရှိတယ်ဆိုတာကိုပဲ သူပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပိုင်းနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ကြေညာခြင်း ဘာမှ မရှိသေးပါဘူး။"

မြန်မာနိုင်ငံကို ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး ကြွရောက်ပေးဖို့ဖိတ်ကြားထားတဲ့ကိစ္စမှာ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့လိုလားကြောင်း Father ကပြောပြပါတယ်။

"တကယ်လို့သာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့လည်းပဲ သူတို့က စိတ်ဝင်စားပြီးတော့ကာ သူတို့ဘက်က လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျနော်တို့ လုံခြုံရေးကိစ္စတွေ ဘာတွေ အတွက်ပါ။ ပိုပြီးတော့ စိတ်ချရတာပေါ့လေ။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ ဗုဒ္ဓ ဘာသာရဲ့ သဘောထားကြီးမှုနဲ့ သူတို့ရဲ့ မျက်နှာစာအမှန်ကိုလည်းပဲ သူများတွေ သိသွားတာပေါ့လေ။"

ဆက်လက်ပြီးတော့ နှစ် (၅၀၀) ပြည့်ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ကို အခုလိုရှင်းပြပါတယ်။

" အခုလို နှစ်(၅၀၀)ပြည့် ဆိုတာကတော့ ကက်သလစ် ဘာသာဝင်တွေ မြန်မာပြည် ကို စပြီးခြေချတဲ့ အချိန်ကို အဓိက ထားပြီးတော့ကာ ပြန်ပြီးတော့ ကျင်းပတာပါ။ သာသနာလာပြုတဲ့နှစ်တွေကို ကျင်းပတာမဟုတ်ပဲနဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ မြန်မာပြည်ကို စတင်ရောက်ရှိတဲ့ နှစ်(၅၀၀)ရှိပြီ။ မြန်မာပြည်မှာ ရှိတဲ့သူတွေနဲ့ လည်း နှစ်ပေါင်းများစွာ တွဲပြီးတော့မှ အသက်ရှင်နေထိုင်ခဲ့ တယ်ဆိုတဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကို ပိုပြီးတော့သိလာရလေအောင် အတိတ်တုန်းက ဘာသာဝင်တွေအနေနဲ့ အမှားတွေ ရှိခဲ့ရင်လည်း တောင်းပန်ဖို့ပေါ့လေ။ ကောင်းတာလေးတွေ ရှိလို့ရှိရင် လည်း နောင်လာနောင်သားတွေက အတုယူပြီးတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ တတပ်တအားနဲ့ ပါဝင်ပြီးတော့ကာ လုပ်ဆောင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲတော်ကျင်းပခြင်းဖြစ်ပါတယ်။"

နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် မလာရောက်နိုင်ဘူးဆိုရင်  ကိုယ်စားလှယ်အဖြစ် အခြား ဆရာတော် တစ်ပါးကို စေလွှတ်မှာဖြစ်တယ်လို့ ဗာတီကန် နန်းတော် ဘက်က ပြောဆိုထားကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ကဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်ဆုံး ဥပရောပခရီးစဉ်အတွင်းမှာလည်း  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို  ဗာတီကန် နန်းတော်မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။ အလားတူ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်န၀ပ်ကလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ရာမှာ ထိုင်းနိုင်ငံကို ကြွရောက်ချီးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ဖိတ်ကြားခဲ့ တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖေါ်ပြခဲ့ပါတယ်။
VOA Burmese News


ဘုရားသခင်ကိုကြောက်ရွံလေးစားခြင်းမရှိသူများအကြောင်း

မထီမဲ့မြင်ပြုခြင်း
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဂလာတိ ၆း၇
ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။ ဟေဗြဲ ၁၂း၂၉
ခရစ်ယာန်အသင်းတော်တပါးတွင် လူငယ်အသင်းအုပ်ဆရာတပါးရှိသည်။ အမှုတော်ဆောင်ဘ၀ရောက် သော်လည်းလူငယ်ဘ၀တွင်ရှိတတ်သော ဇာတိပကတိ သဘောအပြည့်အ၀ ရှိဆဲပင်။သူ့အကြောင်းသိ သောအသင်းသူအသင်းသားများသည် သူ့ကိုမလေးစား။ တနေ့- တနင်္ဂနွေဝတ်ပြုစည်းဝေး တွင် ဆရာသည် ခရစ်တော်၏သွေးတော်အကြောင်းကိုဟောပြောပါသည်။ ပရိတ်သပ်ထဲထိုင်နေသူ အ ကြောင်းသိအမျိုးသမီး တစ်ဦးသည် ဘေးမှာထိုင်နေသာ သူငယ်ချင်းတစ်ဦးကို ကပ်ပြီးဆရာဟောပြော သောတရားစကားကို တိုး တိုးလေးကပ်ပြီးလှောင်နေပါသသည်။ ၀တ်ပြုခြင်းမပြီးမှီ ထိုအမျိုးသမီး၏ပါးပြင် အနာကွက်များချက် ခြင်းပေါ်လာပါတော့သည်။ သို့သော်သူ့ကိုသူမသိလိုက်။
ထို့နောက် အမျိုးသမီးသည် သူမ၏မျက်နှာပြင်မှအနာကို တတ်ကျွမ်းသောဆရာဝန်နှင့်ကုသခဲ့ပါသည်။ မ ပျောက်၊ ထို့ကြောင့်အရေပြားအထူးကုဆရာဝန်များနှင့်ဆေးကုသမှုကိုခံယူသော်လည်းပျောက်ကင်းခြင်း မရှိ။ အထူးကုဆရာဝန်ပြောင်းပြီးကုသပြန်၏။ ဒီတစ်ခါဆရာဝန်က ခရစ်ယာန်ယုံကြည်သူ။ ဆရာဝန်သည် သူ၏ ဆေးကုသခဲ့သောမှတ်တမ်းများကိုလေ့လာပြီးသူ့ကိုမေးလိုက်သည်။
ဆရာဝန်= သမီးဘာတွေလုပ်ခဲ့မလဲ
အမျိုးသမီး သည်ဆရာဝန်ရည်ရွယ်သောမေးခွန်းကိုနားမလည်ခဲ့
ဆရာဝန်= ဘုရားသခင်မကြိုက်တဲ့အရာ၊ အမင်္ဂလာဖြစ်တဲ့အရာတွေလုပ်ခဲ့မိတာရှိလား။
ဆရာဝန်၏မေးခွန်းကို တဖြည်းဖြည်းစဉ်းစားလိုက်၏။ နောက်ဆုံးတွင် လူငယ်အသင်းအုပ်ဆရာ တရား ဟောစဉ်က တိုးတိုးလေးလှောင်ပြောင်ခဲ့ကြေား သတိရလိုက်ပြီး ဆရာဝန်ကိုပြောပြလိုက်ပါသည်။ ဆရာဝန် ကဆက်ပြောသည်မှာ- သင်းအုပ်ဆရာ၊ တရားဟောဆရာများသည် လူသားဖြစ်သည့်အလျောက် မည်သူမှ မပြည့်စုံနိုင် မတူညီသောအားနည်းချက်များကိုယ်စီရှိကြပါသည်။ ဘုရားကျောင်းထဲတွင်တရားဟောသည့် အခါ တခါတရံတွင် ဆရာသမားများဟောသည်ထက် သန့်ရှင်းသောဝိညာဉ်တော်မှ ၀င်ရောက်ပြောဆိုခြင်း ဖြစ်သည်။ တရားဟောချက်ကိုလှောင်ပြောင်ခြင်းသည် သင်းအုပ်ဆရာကို လှောင်ပြောင်ရာမရောက် နှုတ်က ပတ်တော်ကိုမထီမဲ့မြင်ပြုခြင်းဖြစ်သလို သန့် ရှင်းသောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုရာရောက်၏။ ဆေးပညာ အရ ဒီလောက်ကုထားသည်မှာ ပျောက်ရ မည်။ မပျောက်ရသည့်အကြောင်းသည် ဘုရားသခင်အလိုမရှိ သောကြောင့်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ကိုတောင်းပန်ပြီး အသင်းအုပ်ဆရာကိုတောင်းပန်ရန် လို ကြောင်း ဆရာဝန်မှပြောလိုက်ပါသည်။
သို့သော်လည်းအမျိုးသမီးသည် ဆရာကိုသွားမတောင်ပန်ခဲ့သလို သူ၏မျက်နှာမှအနာသည်လည်းရှိနေခဲ့ပါ သည်။ ကျန်းမာရေးချို့တဲ့လာသော လူငယ်သင်းအုပ်ဆရာသည် ဆေးရုံတွင်ဆေးကုသခံယူရပါသည်။ ဆရာ ၀န်များ၏ အဆိုရ သူ၏နောက်ဆုံးအချိန်ကိုရောက်ခဲ့ပါသည်။ အမျိုးသမီးသည် ဆေးရုံပေါ်တွင် ဆရာကို သွားတောင်းပန်ခဲ့ပါသည်။ နောက်ပိုင်းတွင် အမျိုးသမီး၏ မျက်နှာမှ အနာသည် လုံးဝပျောက်ကင်းခဲ့ပါ သည်။

အဆိုတော်ဂျွန်လင်နွန် (John Lenon)
The Beatle တေးဂီတအဖွဲ့မှ နံမည်ကြီးအဆိုတော်ဖြစ်သည်။ ခရစ်ယောန်လောကသည် မကြာခင် အဆုံး သပ်တော့မည်။ သခင်ယေရှုကတော့အဆင်ပြေပါတယ်၊ ဒါပေမဲ့သူ့သွန်သင်ချက်တွေက ရိုးလွန်းပါတယ်။ ဒီကနေ့ကျနော်တို့အဖွဲ့ဟာ သူ့ထက်ပိုပြီးကျော်ကြားတယ်။ ဤစကားကို ဂျွန်လင်နွန်သည် အမေရိကန် မဂ္ဂဇင်းတခုနှင့် အင်တာဗျုးလုပ်သည့်အခါပြောသွားခြင်းဖြစ်သည်။ ထိုစကားပြောပြီး ၆လအကြာတွင် စိတ်မ နှံ့သူတစ်ဦးက ဂျွန်လင်နွန်ကိုသေနတ်ဖြင့် ၆ချက်ပစ်ခဲ့သဖြင့် အသက်ဆုံးပါးခဲ့ရပြီး The Beatle တေးဂီတအ ဖွဲ့လည်းပျက်သုန်းခဲ့ရပါသည်။
လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။ လုကာ၁း၅၁


တန်ခရိဒို Tancredo Neves ဘရာဇီးနိုင်ငံ၏ ၃၄ ဦးမြှောက်သမ္မတ
သမ္မတရွေးကောက်ပွဲတွက် မဲဆွဲပွဲတွင် သူပြောခဲ့သောစကားတစ်ခွန်းမှာ-  “သူ့ပါတီမှ မဲ ၅၀၀ ရခဲ့ရင် ဘုရားသခင်တောင်သူ့ကိုဖြုတ်လို့မရပါ”။    သူပြောသည့်အတိုင်း မဲရခဲ့ပြီး သမ္မတ အဖြင့်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သို့သော်သမ္မတရာထူးစတင်မထမ်းဆောင်ခင် ၁ရက်အလို တွင် ဖျားပြီးသေဆုံးခဲ့ပါသည်။
ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
ထိုကြောင့်သူတို့သည် ကိုယ်ကျင့် ခြင်း၏ အကျိုးအပြစ်ကို စား၍၊ ကိုယ်ကြံသောအကြံတို့နှင့် ဝကြလိမ့်မည်၊၊  သုတ္တံ ၁း၃၀-၃၁


ခါဇူဇာ Cazuza ဘရာဇီးလူမျိုး တေးရေး အဆိုတော် ကဗျာဆရာ
ဂီတပြပွဲတစ်ခုတွင် စင်မြင့်ပေါ်မှာ စီးကရက်သောက်ရင်း စီးကရက်မီးခိုးကိုလေထဲမှုတ်ထုတ်လျှက်  “ဒါကတော့ဘုရားသခင်အတွက်ပါ”
သူသည် အသက် ၃၂ အရွယ်တွင် ခုခံအားဆင်းခြင်းရောဂါ AIDS ဖြင့်အလွန်ဆိုးဝါးသောအခြေအနေဖြင့် သေဆုံးခဲ့ရပါသည်။
ထောင်လွှားစော်ကားသော သူတို့ကိုဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။ ယာကုပ် ၄း၆


တိုင်တန်းနစ်သင်္ဘော
တိုင်တန်းနစ်သင်္ဘောတည်ဆောက်ခဲ့သောသူက စိတ်ကြိုက် တည်ဆောက်ခဲ့သော သင်္ဘောအကြောင်းနှင့် ပတ်သက်ပြီး ခက်ထန်မာကြောသောလေသံဖြင့် ပြောခဲ့သည့်မှာ-                                   “ဒီသဘောင်္ကိုဘုရားသခင်တောင်ဆွဲနစ်လို့မနစ်ဘူး”                                                                                 သဘောင်္၏ပထမဆုံးခရီးစဉ်တွင် သမုဒ္ဒရာရှိရေခဲတုံးကိုတိုက်ပြီးအချိန်တိုတွင်းနစ်မြုပ်ခဲ့သဖြင့် ကမ္ဘာကျော်လူ ပုဂ္ဂိုလ်များအပါအ၀င် လူပေါင်း ၁၅၉၅ သေဆုံးခဲ့ပါသည်။
အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ တရားဟောရာကျမ်း ၁၄း၂၄

မာရီလင်မွန်ရိုး (Marylyn Monroe)
နံမည်ကြီးကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါသည်။    တရားဟောဆရာ  Billy Graham  သည် သန့်ရှင်းသောဝိညာဉ်တော်ဖေါ်ပြချက်ဖြင့် ပွဲစဉ်တစ်ခုအပြီးတွင် မင်းသမီးမွန်ရိုးအား ကယ်တင်ခြင်းနှင့် သခင်ယေရှုအကြောင်းကို သွားပြောခဲ့ပါသည်။ မင်းသမီးက ပြန်လည်ပြောခဲ့သည်မှာ-                 “ကျမအတွက် ရှင်ပြောတဲ့သခင်ယေရှုကိုမလိုအပ်ပါဘူး”
နောက်တစ်ပတ်တွင် မင်းသမီးမွန်ရိုးသည် သူ့အခန်းတွင်သေလျှက်ရှိကြောင်းတွေခဲ့ရပါသည်။
ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။ သက်သာလောနိတ်သြဝါဒစာပဌမစောင်: ၅း ၂၀
နှုတ်ကပတ်ဟော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ သုတ္တံ ၁၃း၁၃


ဘွန်စကော့ Bon Scott
အေစီဒီစီ ၏တေးသံရှင်ဟောင်း (AC/DC Ex-vocolist) ဖြစ်ပြီး ၁၉၇၉ တွင်သူသီဆိုခဲ့သည့်သီချင်းတစ်ပုဒ်၏ စာသားမှာ-
“ငါ့ကိုမတားနှင့်၊ ငါအဝေးပြေးလမ်းမှတဆင့် ငရဲပြည်ကိုတခါတည်းဆင်းမယ်”
ဖေဖေါ်ဝါရီလ ၁၉ရက် ၁၉၈၀ တွင်သူသည် အံဖတ်ဆို့လျှက်ကားထဲတွင်သေဆုံးခဲ့ပါသည်။ “Highway to Hell” အယ်လ်ဘန်သည် သူ၏နောက်ဆုံးသီချင်းစီးရီးဖြစ်ခဲ့ပါသည်။
မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ သုတ္တံ ၈း၁၃ံ


ခရစ်တင်းဟူးဝစ် Christine Hewitt
ဂျမေကာနိုင်ငံမှ သတင်းထောက်နှင့်ဖျော်ဖြေတင်ဆက်သူဖြစ်သည်။ သူမ၏စကားတစ်ခွန်းမှာ-
“ သမ္မာကျမ်းစာသည် ရှိသမျှစာအုပ်ထဲတွင် အဆိုးဝါးဆုံးဖြစ်သည်”
ဇွန်လ ၂၀၀၆ တွင် သူသည်မမှတ်မိနိုင်လောက်အောင် သူမ၏ကားထဲတွင်မီးလောင်သေဆုံးခဲ့ပါသည်။
မထီမဲ့မြင်ပြုသောသူတို့ အဘို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ ကျောအဘို့ဒဏ်ပေးခြင်း သည်အသင့်ရှိ၏၊၊ သုတ္တံ ၁၉း၂၉


ဘရာဇီးနိုင်ငံ ကန်ဖီနပ်စ်မြို့ ၂၀၀၅ ခုနှစ်
အရက်မူးနေသောလူငယ်တစ်စု သူငယ်ချင်းတစ်ဦးကို ကားဖြင့်သွားခေါ်ရန်ပြင်ဆင်နေစဉ် အမေဖြစ်သူက ကားဆီလိုက်ပို့ရင်း စိုးရိမ်စွာဖြင့် ကားထဲမှာထိုင်နေသော သမီးဖြစ်သူ၏လက်ကိုကိုင်လျှက်-   “သမီးဘုရားနှင့်သွားပါ။ သမီးကိုဘုရားသခင်စောင့်ရှောက်ပါစေ”               သမီးဖြစ်သူပြန်ပြောလိုက်သည်မှာ- “ဘုရားသခင်လိုက်ခြင်ရင်တော့ကားနောက်ဖုံးထဲမှာလိုက်နိုင်ပါတယ်။ ဒီမှာတော့ပြည့်နေပြီ”ဟုပြန်ပြောလိုက်ပါသည်။  နာရီအနည်းငယ်အကြာတွင်  သတင်းဆိုးပြန်ရောက်လာ သည်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ကားထဲတွင်လိုက်ပါလာသူအားလုံးပွဲချင်းပြီးသေဆုံးသွားပါသည်။ မော်တော် ကားသည် အမျိုးအစားမမှတ်မိနိုင်လောက်အောင် ပျက်ဆီးသွားသော်လည်း နောက်ဖုံးမှာလုံးဝပျက်ဆီးခြင်း မရှိဘဲ အကောင်းပကတိဖြစ်နေပါသည်။ အမှုစစ်ရဲကပြောသည်မှာနောက်ဖုံးမပျက်ဆီးခြင်းသည်လုံးဝမဖြစ် နိုင်သောအရာတစ်ခုဖြစ်ပြီး ပိုပြီးထူးဆန်းသည်မှာ နောက်ဖုံးထဲတွင် ကြက်ဥတစ်ဘန်းရှိပြီး တစ်လုံးမှမကွဲဘဲ အားလုံးပကတိအကောင်းဖြစ်နေခြင်းပေ။
ဆုံးမခြင်း စကားကို ပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏၊၊ သုတ္တံ ၁၅း ၃၂
ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
ထိုကြောင့်သူတို့သည် ကိုယ်ကျင့် ခြင်း၏ အကျိုးအပြစ်ကို စား၍၊ ကိုယ်ကြံသောအကြံတို့နှင့် ဝကြလိမ့်မည်၊၊ သုတ္တံ ၁း၃၀-၃၁

မေတ္တာဖြင့်
လောမဲ