Saturday, 23 November 2013

အတွေးလေးမျိုး

 ကျွန်တော်တို့ ကမ္ဘာလူသားတွေ ကောင်းစားဖို့ရန် ခရစ်တော်ဘုရားရှင် တရားတော်နှင့်အညီ ဘယ်လို ကူညီကြမလဲ။

    တစ်ခါက တောင်ကျချောင်းရေစီး ဆင်းသော ချောင်းတစ်ခုရှိတယ်။ အဲ့ဒီချောင်းဟာ မထင်မှတ်ဘဲ ရေနှင့်သဲ တဟုန်ထိုး စီးဆင်း လာတတ်တယ်။ နှစ်စဉ် ခရီးသည်များ ထိုချောင်းကိုဖြတ်စဉ် သဲလုံးရိုက်ပြီး နစ်မြုပ် သေဆုံးလေ့ ရှိတယ်။ ဒါ့ကြောင့် ချောင်းတစ်ဖက်ကမ်းရဲ့ မနီး မဝေးမှာ ရှိတဲ့ ရွာသူကြီးမှ တံတားဆောက်ပေး၍ ခရီးသည်များ လွယ်ကူစွာ တံတားပေါ်မှ ဖြတ်သန်း သွားလာနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာ လာတဲ့အခါမှာ တံတားကို ခင်းထားတဲ့ ပျဉ်ပြား နှစ်ချောင်း ဟာ ပြုတ်ထွက်ပြီး နှစ်ပေခန့် အကျယ်ပေါက်နေတယ်။ တစ်နေ့မှာ ခရီးသည် တစ်ယောက်ဟာ သဲနှင့်အတူ စီးဆင်းနေတဲ့ ရေလှိုင်းလုံးကြီး များကိုကြည့်ရင်း ထိုတံတားပေါ် တွင် ဖြတ်လျှောက်လာစဉ် နှစ်ပေခန့်ပေါက်နေသော နေရာမှပြုတ်ကျရာ သူလည်းကြောက်ကြောက် လန့်လန့်နှင့် လှန်းဆွဲလိုက်ရာ အပေါက်ရှေ့မှ ပျဉ်ပြားတစ်ချောင်းကို ဆွဲမိပြီး တန်းလန်းဖြစ် နေတယ်။ တံတားပေါ်ကိုလည်း ပြန်မတက်နိုင် သဖြင့် ““ကယ်ကြပါအုံး ခင်ဗျာ၊ ကယ်ကြပါအုံး”” ဆိုပြီး အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းနေတယ်။ ဒီအချိန်မှာ ခရီးသည်တစ်ဦး ရောက်လာတယ်။ တွဲလောင်း ကျနေတဲ့လူက ““မိတ်ဆွေ သူငယ်ချင်း ငါ့ကို ကယ်ပါ၊ ကယ်ပါ”” လို့ အကြိမ်ကြိမ် တောင်းဆို နေသော်လည်း မကူညီဘဲ၊ ““သင်သည် အရင် အတိတ်ဘ၀က မကောင်းတဲ့ အတွက်ကြောင့် ယခု မကောင်းတာ ခံစားရတာ၊ တူသော အကျိုးပေးတာလို့ပဲ မှတ်လိုက်ပြီး ရဲရဲကြီး လက်ခံလိုက်ပါ”” လို့ပြောကာ မကူညီဘဲ တံတားအပေါက်ကို ကျော်ပြီး ခရီးဆက် သွားခဲ့တယ်။ 
 
ဒုတိယခရီးသည်တစ်ဦး ရောက်လာပြန်တယ်။ ဒုက္ခရောက်နေသော သူက ““ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ၊ ကယ်ပါ”” လို့တောင်းဆိုနေသော်လည်း၊ ထိုသူက ““ငါ ကတော့ သူများရဲ့ပြဿနာထဲမှာ ၀င်မပါချင်ဘူး၊ မင်းလည်းဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်လိုက်ကာ ရဲရဲကြီး ဒုက္ခခံပြီး ပျော်ပျော် သီချင်းဆို သေလိုက်စမ်းပါ”” လို့ပြောပြီး ခရီး ဆက်သွားခဲ့တယ်။ ထို့နောက် တတိယခရီး သည် တစ်ဦးရောက်လာပြန်တယ်။ ဒုက္ခရောက် နေတဲ့လူကလည်း ပုံမှန်အတိုင်း အော်ဟစ်ခါ - ကျွန်တော့်ကို သနားပါ၊ သနားပါဟု အကူအညီ တောင်းနေတယ်။ ထိုအခါ ဒီခရီးသည်က ““ငါက ယခုမင်းကို ကယ်မယ်ဆိုရင် မင်းတစ်ယောက်ထဲကိုပဲ ငါကယ်တင်နိုင်မယ်။ ဒါပေမဲ့ ငါက ယခု မင်းကို မကယ်လိုက်ဘူးဆိုလျှင် မင်းဟာဒီ ချောင်းထဲမှာ ပြုတ်ကျပြီး၊ သဲလုံးလှိုင်းရိုက်ကာ နှစ်မြုပ်သေဆုံးသွားမယ်၊ အဲ့ဒီအချိန်ကျမှ ငါက ရွာသူကြီးထံသွားပြီး မင်းသေဆုံးရတဲ့ အကြောင်းနှင့် နောက်ထပ်ခရီးသည်များ မကျအောင် တံတားကိုပြင်ခိုင်း လိုက်မယ်ဆိုလျှင် ဒီတံတားကို ဖြတ်သွားတဲ့ ခရီးသည် အများစုကို ကယ်တင်နိုင်မယ်၊ အများကောင်းစားရေးအတွက် မင်းအသက်ကို စတေးလိုက်စမ်းပါလို့”” ပြောပြီး ခရီးကို ဆက်သွားခဲ့တယ်၊ တံတား အောက်တွင် တွဲလောင်း ကျနေသော လူက ““ဇွဲမ လျော့ဘဲ အဆက်မပြတ် အော်ဟစ် အကူအညီ တောင်းနေတဲ့အတွက်ကြောင့် မလှမ်းမကမ်း တွင် တောင်ယာ လုပ်နေသော အဖိုးအိုဟာ အော်ဟစ်အကူအညီ တောင်းသံကို ကြားသွားပြီး အဖျားတွင် ချိတ်တတ်ထားသော ၀ါးလှေကားလေးကို ယူကာပြေးလာပြီး ထိုလူနားရောက်တဲ့ အခါမှာ ၀ါးလှေကားကို တံတား အပေါက်ထဲချပြီး အဖျားမှချိတ်နှင့် တံတားပျဉ်ပြား တစ်ချပ်ကို ချိတ်ထားလိုက်တယ်။ ထိုတွဲလောင်းကျနေ သောလူသည် ၀ါးလှေကားကို ဖမ်းဆွဲပြီး တံတား ပေါ်သို့ ပြန်တက် လာနိုင်ခဲ့တယ်၊ အပေါ်သို့ ရောက်တော့ ထိုလူက ““အဖိုးကို ကျေးဇူး အများ ကြီးတင်ပါတယ်၊ ကျွန်တော်က အမေပေးတဲ့ အသက် မရှိတော့ပါဘူး၊ အဖိုးပေးတဲ့ အသက်ပဲ ကျန်ပါတော့တယ်။ ကံကောင်းပေလို့၊ ဒီဝါးလှေကားလေးလည်း ချိတ်ကလေး တပ်ထားလို့ ပေါ့၊ ဒါနဲ့ အဖိုး၊ ဒီချိတ်ကလေးက ဘာအတွက် တပ်ထားတာလဲ။ ဒီအချိန်မှာ အဖိုးအိုက ““မင်း လို ဒီတံတားမှာ တွဲလောင်းကျနေလို့ ကယ်ခဲ့တာ မင်းနဲ့ဆိုရင် သုံးယောက်ရှိပြီ၊ ပထမလူကို ကယ်တုန်းက ဒုက္ခရောက်လို့ နောက် လူကို လွယ်လွယ်ကူကူနှင့် ကယ်နိုင်အောင် ဒီဝါးလှေကားထိပ်ဖျားမှာ ဒီချိတ်ကလေး တပ်ထားတယ်လို့ ဖြေ လိုက်တယ်။

    ယခု ကျွန်တော်တို့ ဒီခရီးသွား သုံးယောက်နှင့် အတူ အဖိုးအိုရဲ့ အတွေးတွေကို သခင် ခရစ်တော်ဘုရားရှင်၏ မေတ္တာတရားနှင့် ပြန်လည် သုံးသပ်ကြည့်ရအောင်၊ “မွေးစ ကတည်းက မျက်စိ မမြင်တဲ့ ကလေးတစ်ယောက်ကို ခရစ်တော်ဘုရားထံ ခေါ်လာပြီး ““ဒီကလေးရဲ့ အတိတ်က မကောင်းတဲ့ အပြစ်ကြောင့်လား၊ မိဘတွေရဲ့ အပြစ်ကြောင့်လား၊ ဒီကလေးဟာ ဘာကြောင့် မွေးစကတည်းက မျက်စိ မမြင်ဘဲ မွေးဖွားခဲ့ရတာလဲ။ ဒီအချိန်မှာ ခရစ်တော် ဘုရားရှင်က အတိတ်ဘ၀က မကောင်းခဲ့လို့ ယခု မကောင်းတာ ခံစားရတာလို့ မပြောပါဘူး။ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော် တိုးပွားဖို့ အတွက် ဖြစ်တယ်ဆိုပြီး မေတ္တာတရားပြကာ ဒီကလေးကို မျက်စိပြန်မြင်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ယခု ခံစားနေရတဲ့ ကောင်းခြင်း၊ ဆိုးခြင်းသည် အတိတ်ဘ၀နှင့် လုံးဝ မသက်ဆိုင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အရင် အတိတ်ဘ၀ ဆိုတာ မရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမ ခရီးသွား တစ်ယောက်ရဲ့ အရင် အတိတ်ဘ၀က မကောင်းခဲ့လို့ ယခုမကောင်းတာ ခံစားရတာ ဆိုတဲ့အတွေးကို ကျွန်တော့် အနေနှင့် လက်မခံဘဲ၊ ခရစ်တော် ဘုရားရှင်လို မေတ္တာတရားကို ရှေ့တန်းတင်ပြီး ကူညီရမယ်။

    နူနာရောဂါ စွဲနေသော လူဆယ်ယောက်ဟာ သခင်ခရစ်တော် ဘုရားရှင်ထံ အော်ဟစ်ပြီး သူတို့ရဲ့ရောဂါကို ကုသပျောက်ကင်းဖို့ တောင်းဆိုတဲ့အခါမှာ ခရစ်တော်ဘုရားရှင်က ““ဖြစ်သမျှ အကြောင်း အကောင်းပဲ ခံယူလိုက်ပါလို့ မပြောခဲ့ပါဘူး။ မေတ္တာတရားကို ရှေ့တန်းတင်ပြီး ကုသပေးခဲ့ပါတယ်။ ကျွန်တော် တို့ကို လူတစ်ယောက်က အဆိပ်ရေ လာတိုက်တယ်ဆိုလျှင် ကျွန်တော်တို့ သောက်မှာလား၊ အဆိပ်ရေသည် လူကိုသေစေသည်ဆိုတဲ့ ဉာဏ်ပညာကို ဘုရားကပေးထားတယ်။ ဒီနေရာမှာ ဘုရားကို ယုံတယ် မသေဘူးလို့ တွေးပြီး သောက်မယ်ဆိုလျှင် ဘုရားသခင်ကို စုံစမ်းခြင်း မပြုရ ဆိုတဲ့ ကျမ်းချက်ကို ချိုးဖောက်ရာရောက်တယ်။ ဘုရားပေးတဲ့ အသိဉာဏ်ကို စော်ကားရာ ရောက်တယ်။ ဒါကြောင့် ဒုတိယ ခရီးသည်ရဲ့ ““ဖြစ်သမျှ အကြောင်း အကောင်းပဲ”” ဆိုတဲ့ အတွေးကိုလည်း ကျွန်တော့် အနေနှင့် လက်မခံဘဲ ခရစ်တော် ဘုရားရှင်လို မေတ္တာတရားရှေ့တန်းတင်ပြီး ကူညီရမယ်။

    တတိယ ခရီးသည်ကတော့ လူအများ ကောင်းစားဖို့၊ လူတစ်ယောက်ကို စတေးသင့်တယ်ဆိုတဲ့ အတွေးဖြစ်တယ်။ ကျွန်တော်တို့ သတိထားရမှာက လူအများသည် လူတစ်ဦးစီ ပေါင်းစပ်ထားခြင်းဖြစ်တယ်။ လူအများစုကို ကူညီဖို့အတွက် လူတစ်ဦး တစ်ယောက်ကို မေတ္တာတရားထား ကူညီဖို့ မေ့သွားတတ်ကြ တယ်။

    ခရစ်တော်ဘုရားရှင်သည် သဲကန္တရတွင် လူပေါင်း ငါးထောင်ကျော်ကို ကျွေးမွေးခဲ့စဉ်က လူငယ်တစ်ဦးထံမှ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို လက်ခံယူပြီး၊ လူပေါင်း ငါးထောင်ကျော်ကို ကျွေးမွေးခဲ့ရာမှာ ထိုလူငယ်လည်း လူ ပေါင်း ငါးထောင်ကျော်ထဲမှာ အပါအ၀င် စားသုံးရတယ်၊ ဒါကြောင့် တတိယ ခရီးသွားတစ်ယောက်ရဲ့ လူအများ ကောင်းစားဖို့၊ လူတစ်ယောက်ကို စတေးသင့်တယ်ဆိုတဲ့ ယုံကြည်ချက် ကိုလည်းပဲ ကျွန်တော့်အနေနဲ့ လက်မခံဘဲ ခရစ်တော်ဘုရားရှင်ကဲ့သို့ မေတ္တာတရားကို ရှေ့တန်းတင်ပြီး လူတစ်ဦး တစ်ယောက်နှင့် အတူ၊ လူအများကိုလည်း ကယ်တင်ရမှာဖြစ်တယ်။

    စတုတ္ထ အဖိုးအိုကတော့ ဒုက္ခရောက် နေတဲ့ လူတွေကို ကူညီဖို့ပဲ စဉ်းစားပြီး၊ လူတွေ ဒုက္ခ မရောက်အောင်၊ တံတားပေါ်က ပြုတ်မကျ အောင်ကိုတော့ မစဉ်းစားတဲ့သူဖြစ်တယ်။ ဒါပေမဲ့ ခရစ်တော်ဘုရားရှင်သည် ငရဲမှာတွဲ လောင်းဖြစ်နေတဲ့ သူတွေကိုလည်း သူ၏ ကျေးဇူးတော်ဖြင့် ကယ်တင်ပြီး၊ ငရဲမှာ ဒုက္ခ မခံစားရအောင်လည်း နည်းလမ်းတွေ ပေးခဲ့တယ်။ ခရစ်တော် ဘုရားရှင်ပေးခဲ့တဲ့ နည်းလမ်းကတော့ ““သင်၏ ဘုရားရှင်ကို စိတ်နှလုံး အကြွင်းမဲ့၊ စွမ်းအားရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ် နှင့် နီးစပ်သော သူကို ကိုယ့်ကိုယ်ကို ချစ်သလို ချစ်ပါ””ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ခရစ်တော်ဘုရားရှင်ကို အတုယူပြီး၊ ဒုက္ခရောက်နေတဲ့ လူတွေကို မေတ္တာတရားကို ရှေ့တန်းတင်ကာ ကူညီပေး သလို၊ လူတွေ ဒုက္ခမရောက်အောင်လည်း နည်းလမ်းတွေ ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ ငြိမ်းချမ်း သာယာသော၊ ပျော်ရွှင်စရာ ကောင်းသော ကမ္ဘာကြီး ဖြစ်လာပါလိမ့်မယ်။
            
             ဘုန်းတော်ကြီး
         ဂျွန်ဘောစကိုစိုးလင်း

၃၃ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့


သင်တို့သည် လှည့်ဖျားခြင်းမခံရစေရန် သတိပြုကြလော့။
လုကာ (၂၁း ၅-၁၉)

ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်က ကျွန်ုပ်တို့ကမ္ဘာမှာ ပျက်စီးခြင်းများ၊ နိမိတ်လက္ခဏာများ၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊ စစ်ပွဲများဖြစ်ခြင်း၊ နှင့်ကပ်ဘေးများစွာ ဖြစ်ပျက်မည့်အကြောင်းကို ကြိုတင်ဟောကြားကြောင်းတွေ့ရပါတယ်။ ထိုသို့သောကပ်ဘေးများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ အကြားကပင် ကျွန်ုပ်တို့တတွေ - ခရစ်တော်၏နောက်လိုက်တွေဟာ သူ၏ဧ၀ံဂေလိ သတင်းကောင်းကို သက်သေခံဖို့အခွင့်အခါကောင်းပဲဟုလည်း မိန့်ဆိုခဲ့ကြောင်းတွေ့ရပါတယ်။ ဤတရားတော်သည် ကျွန်ုပ်တို့ခရစ်ယာန်များနှင့် လူပေါင်းများစွာတို့ကြားမှာ ကမ္ဘာကုန်မည့်နေ့ကို ကြိုတင်ဟောပြောသည်ဟု တွင်တွင်ကျယ်ကျယ် အသိများပါတယ်။ ထို့အပြင် ခရစ်တော်၏ဒုတိယ ကြွလာခြင်းနှင့်လည်း စပ်လျဉ်းနေသည်ဟု သိမှတ်ကြပါတယ်။ ထိုကြောင့် ခရစ်တော်ကိုပင် သူ့ခေတ်အချိန်ကာလက လူများစွာက ဤနိမိတ်လက္ခဏာများဘယ်တော့ ဖြစ်ပျက်မည်နည်းဟု မေးလျှောက်ကြပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့လောက၏အချိန်အကန့်သပ်ဖြင့် ခရစ်တော်မဖြေကြားခဲ့ပါ။

ခရစ်တော်ရှင်ပြန်ထမြောက်ပြီး တမန်တော်ကြီးများခေတ် -ရှေးဦးခရစ်ယာန်တို့အကြားမှာလည်း ထိုသို့တွေးခေါ်ယုံကြည်မှု့များရှိနေပြီး လူတွေဟာ အလုပ်မလုပ်ကြတော့ဘဲ လုပ်သမျှအရာတွေကို ရပ်တန့်ပြီး ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း (သို့) ကမ္ဘာကုန်မည်ကိုစောင့်နေကြပါတော့တယ်။ ထိုကြောင့် ဒုတိယဖတ်ရှု့ရမည့်ကျမ်းတွင်တွေ့မြင်သည့်အတိုင်း သံပေါလူးက အလုပ်မလုပ်ချင်သူများဟာ မစားသင့်ကြောင်း၊ အလုပ်ကို ခရစ်တော်၌တိတ်တဆိတ်လုပ်ကြပြီး ကိုယ့်ထမင်းကိုစားကြဖို့ တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကုန်ခြင်း (သို့) ခရစ်တော်၏ဒုတိယမြောက် ကြွလာခြင်းဟာ ကျွန်ုပ်တို့လောက၏အချိန်အကန့်သပ်ဖြင့် မပြောနိုင်သောကြောင့်ပါ။

ဒီတော့ - ကျွန်ုပ်တို့တတွေလည်း ခရစ်တော်ကိုမေးလျှောက်ကြတဲ့ လူအုပ်ကြီးလိုပဲ - ထိုနိမိတ်လက္ခဏာတွေ နှင့်ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်တော့ဖြစ်ပျက်မလဲ - ကမ္ဘာဘယ်တော့ကုန်မလဲ - ခရစ်တော်၏ ဒုတိယမြောက်ကြွလာခြင်းဘယ်တော့ဖြစ်မလဲ စသဖြင့်သိချင်နေကြပါလိမ့်မယ်။
ဤကဲ့သို့သောမေးခွန်းကို ပုံဥပမာများမှပေးသော သတင်းကောင်းအကြောင်းကို ဓမ္မသင်္ဂြီုလ်ဗေဒမှာ တွေ့မိပါတယ်။ ယေဇူးခရစ်တော်၏သတင်းကောင်းဟာ “ကောင်းကင်နိုင်ငံတော်” အကြောင်းပင် ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီ - လူပေါင်းများစွာက ကောင်းကင်နိုင်ငံတော်ရောက်လုနီးပြီ ဆိုသည်ကို တကယ့်ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပေါ်လာခြင်းဖြင့် မှတ်ယူနေကြတဲ့အတွက် ယနေ့ကမ္ဘာကုန်မယ် - မနက်ဖြန် ကမ္ဘာကြီးချုပ်ငြိမ်းတော့မယ် စသဖြင့်ပြောဆိုကြပါတယ်။ အမှန်တကယ်တော့ ကောင်းကင်နိုင်ငံတော် ဤသို့ရောက်မလာပါဘူး။ တကယ်တော့ ကောင်းကင်နိုင်ငံတော်သည် ယေဇူးခရစ်တော်၌ သူကိုယ်တော်တိုင် ကယ်တင်ရှင်မက်စီးယား၊ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား (ဧမာနွေလ) စသဖြင့် သူ၏တရားဒေသနာများမှာ ထင်ထင်ရှားရှားဖော်ပြနေပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ “နားရှိသော်လည်းမကြားကြ၊ မျက်စိရှိသော်လည်း မမြင်ကြ” ဖြစ်နေနိုင်ပါတယ်။ ထိုကြောင့် ခရစ်တော်က “ကြည့်သော်လည်း သိမြင်ကြလိမ့်မည်မဟုတ်၊ ကြားသော်လည်း နားလည်သဘောပေါက်ကြလိမ့်မည် မဟုတ်” ဟုမိန့်ဆိုခဲ့ပါတယ်။

ယနေ့ကျွန်ုပ်တို့တတွေလည်း ဤတရားကိုကြားကြပြီ။ ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ နိမိတ်လက္ခဏာတွေကို မြင်တွေ့နေကြပြီ။ ကျွန်ုပ်တို့ဘယ်လိုနားလည်ကြသလဲ။ ကျွန်ုပ်တို့ဘယ်လို သိမြင်ကြသလဲ။ ကျွန်ုပ်တို့တတွေ ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပျက်မှု့တွေနှင့်ပဲ နားလည်နေကြသလား။ စဉ်းစားထောက်ရှု့သင့်ပါတယ်။

ယခုဧ၀ံဂေလိတရားတော်အား ပိုမိုနားလည်နိုင်ရန် ပထမကျမ်းအဖြစ်ပေးထားသည့် မာလခိကျမ်းတွင် မောက်မာသူများနှင့် မကောင်းမှု့ပြုသူများအား ဘုရားသခင်စီရင်ရန် နေ့ရက်သည်ရောက်လာပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ဘုရားသခင်၏နာမတော်အား ကြောက်ရွံ့ရိုသေသူများအဖို့မူကား တရားမျှတခြင်းနှင့် ကုသခြင်းအလင်းတန်းများ နေနှင့်အတူတောက်ပမည်ဖြစ်ကြောင်း ဟောပြောထားပါတယ်။ ယခုဧ၀ံဂေလိတရားတော်တွင်လည်း အချို့သောသူများက ဗိမာန်တော်ကြီး၏လှပမှု့၊ လှုဖွယ်ပစ္စည်းများဖြင့် တန်ဆာဆင်ထားခြင်းတွေမှာသာ ဂုဏ်ယူနေကြပြီး ဘုရားသခင်ကိုမေ့ပျောက်နေကြ၍လည်ကောင်း၊ ဒါမှမဟုတ် ဘုရားသခင်အားဘေးမှာထားပြီး အပြင်ပန်းရုပ်ဝတ္ထုများမှာသာ စိတ်ရောက်နေခြင်းကြောင့် သော်လည်ကောင်း ခရစ်တော်က ဤရုပ်ဝတ္ထုတွေထက် ဘုရားဆီမှာ အမှန်တကယ် စိတ်ရောက်နေဖို့ ယခုလိုတရားကို ဟောပြောပါတယ်။ ရုပ်ဝတ္ထုတွေဆိုတာ အပြောင်းအလဲတွေနဲ့တည်ရှိနေရပါတယ်။ ဒါတွေကို အသုံးချပြီး ဘုရားသခင်ကိုသာ အမှန်တကယ်စိတ်နှလုံးသားထဲမှာ ထားနိုင်ဖို့ လိုအပ်ကြောင်း ဟောကြားခြင်း ဖြစ်ပါတယ်။ “သင်၏ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအစွမ်းရှိသမျှ၊ စိတ်အား ညဏ်အားရှိသမျှနှင့် ချစ်လော့” ဟုသော ပထမပညတ်တော်ကို သတိပေးခြင်းလည်း ဖြစ်ပါတယ်။

ထို့အပြင်ခရစ်တော်က နိမိတ်လက္ခဏာများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်အချိန်ဖြစ်မလဲဆိုတာထက် သူ့၌ယုံကြည်သည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း သွေဖယ်မသွားဖို့ ထိန်းသိမ်းရန်နှင့် လှည့်ဖျားခြင်း မခံကြစေရန် သတိပေးပါတယ်။ ယခုလို ပြောင်းလဲပျက်စီးတတ်သည့် ရုပ်ဝတ္ထုတွေရဲ့လောကမှာ အသက်ရှင်ချိန် ကပ်ဘေး၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကြုံသည့်တိုင်အောင် ကျွန်ုပ်တို့တတွေရဲ့ မပျက်စီးနိုင်သည့် ယုံကြည်ခြင်းနှင့် ပထမပညတ်တော်ကို စောင့်ထိန်းခြင်းဟာ မဆုံးရှုံးစေဖို့လိုပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှပင် ပျက်စီးဆုံးမှု့မရှိစေရဟု ခရစ်တော် အာမခံထားပါတယ်။

ကောင်းကင်နိုင်ငံတော်ရောက်လာသည့် အကြောင်းကို ပိုမိုနားလည်နိုင်စေရန် အောက်ပါ အကြောင်းအရာဖြင့် စဉ်းစားကြည့်စေချင်ပါတယ်။

ယေဇူးခရစ်တော်၏ပုံဥပမာများကို သံမာကု ၄း၁-၂၀မှ မျိုးစေ့ကြဲသောသူ၏ပုံဥပမာမှ စတင်၍ ထောက်ရှု့ကြည့်မိသော် ကောင်းကင်နိုင်ငံတော်အကြောင်းကိုဟောပြောပြီး ထိုကောင်းကင်နိုင်ငံဟာ မျိုးစေ့အသွင်ပုံစံမှာရှိနေပြီး (မုန့်ညှင်းစေ့မျှသေးသော်လည်း တပင်လုံးအသီးဝေစေပါတယ်)။ သို့သော်လည်း ထိုကဲ့သို့မျိုးစေ့ပုံစံအသွင်မှ အသီးများစွာသီးနိုင်ရန် ထိုမျိုးစေ့ဟာ မြေပေါ်ကျရောက်ပြီး အသက်ပေးဖို့လိုအပ်ပါတယ်။ ၎င်းမျိုးစေ့အသေခံမှအပင်ပေါက်နိုင်မှာဖြစ်ပါတယ်။ ဤသည်ပင်ခရစ်တော်အား အတိအကျဖြစ်ပွားခဲ့ပါတယ်။ သခင်ခရစ်တော်ဟာထိုမျိုးစေ့ဖြစ်ပြီး ကားတိုင်တော်ပေါ်မှာ ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းအသီးအပွင့်များသီးပွင့်နိုင်ရန် အသေခံခဲ့ပြီး အသီးအပွင့်များ သီးပွင့်စေခဲ့တာပါ။ ထိုကြောင့် ခရစ်တော်က သံယောဟန် ၁၃း၃၂မှာ ငါသည်မြေကြီးမှထမြောက်သောအခါ လူများစွာအား ငါ့ထံသို့ဆွဲခေါ် ဆွဲယူမည်ဟု မိန့်ဆိုပါတယ်။ 
ထိုကြောင့် ကောင်းကင်နိုင်ငံတော်နှင့် ၎င်း၏ရောက်ရှိလာခြင်းဟာ ကျွန်ုပ်တို့ဘ၀၊ ကျွန်ုပ်တို့ကမ္ဘာမှာ ရှိနေပါပြီ။ ထိုနေ့ဟာလည်း ကျွန်ုပ်တို့နေ့စဉ်ရှင်သန်နေတဲ့ဘ၀မှာ သတိထားမိခြင်း (အလင်းပွင့်ခြင်း) ဖြစ်စဉ်မှာ ရှိပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ခရစ်တော်၏တရားတော်များဖြင့် ထိုကောင်းကင်နိုင်ငံတော်ကို မြင်နိုင်ရန်၊ သိနိုင်ရန် အလင်းပွင့်ရမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေ မျက်စိရှိသော်လည်း မသိမြင်နိုင်ကြ၊ နားရှိသော်လည်း မကြားနိုင်ကြဘ၀မှ လွတ်ကင်း၍ ခရစ်တော်၏တရားတော်အားဖြင့် အလင်းများပွင့်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)

Thursday, 21 November 2013

ခရစ်တော်ယေဇူး၏ ခန္ဓာတော်

မစ္ဆားတရားတော်အတွင်းမှာ ရဟန်းတော်ဟာ ဘုရားသခင်ရဲ့ သိုးငယ်တော်ကို ကျွန်တော်တို့အားပြပြီး ထာဝရအသက်ကို ဝေငှဖို့အတွက် စားပွဲသို့ ကျွန်တော်တို့အား ဖိတ်ခေါ်ပါတယ်။ ထာဝရအသက်ဆိုတာဟာ ခရစ်တော်သခင်ရဲ့အသက်တာကို ဝေငှပေးခြင်း ဖြစ်ပါတယ်။ ထို့နောက်မှ အဖဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းကြပါတယ်။ တနင်္ဂနွေဘုရား ကျောင်းတော်ကြီးထဲမှာဆိုရင် ကောင်းကင်ဘုံရဲ့ အသက်တာကို ကျွန်တော်တို့တတွေ ကြိုတင် မြည်းစမ်း ခံစားကြရပါတယ်။ ကျွန်တော်တို့တတွေ မိမိနေရာက ထပြီး ကိုယ်တော်မြတ်ရှိရာ ပလ္လင်ဆီသို့ စီတန်းပြီး သွားကြတဲ့ အချိန်ဟာ ကျွန်တော်တို့ဘ၀အတွက် တကယ်ကို အသန့်ရှင်းဆုံးအချိန် တခဏဖြစ်ပါတယ်။ ဒီအချိန်ကလေးအတွက် သတိတရနဲ့ ကောင်းကောင်း ပြင်ဆင်ကြရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာရှိနေတဲ့ လူတွေကို စောင့်နေစဉ်မှာပဲ ခရစ်တော်ယေဇူးဘုရားရှင်ကို အာရုံပြုပြီး ဆုတောင်းကြရပါမယ်။
    ကျွန်တော်တို့ရဲ့ ဘ၀တစ်ခုလုံးဟာ ခရစ်တော်ယေဇူးရှင်ထံ ဦးတည်သွားနေတဲ့ ခရီးတစ်ခု ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူရန် တန်းစီပြီး သွားကြတဲ့လူစု၊ လူတန်းကြီးဟာ ၎င်းဘ၀ခရီး အသက်တာကို ဖော်ကျူးနေပါတယ်။ ကျွန်တော်တို့တတွေ ရပ်ပြီး စောင့်နေတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ ခရစ်တော်ယေဇူးရဲ့ နောက်ဆုံး ညစာစားပွဲ၌ တပည့်တော်ကြီးများနှင့် အတူရှိနေပြီး ကျွန်တော်တို့ဟာ ခရစ်တော် ယေဇူးရဲ့ကျွေးမွေးခြင်းကို ခံကြရတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီး ကမ်းခြေမှာ တပည့်တော်ကြီးများနဲ့ နံနက်စာ စားကြသလို ဒါမဟုတ် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများစေပြီး လူတွေကို ဝေငှ ကျွေးသလိုမျိုး ခရစ်တော်ဘုရားရှင်က ကျွန်တော်တို့ကို ကျွေးမွေးခြင်း ဖြစ်ပါတယ်။

    ကျွန်တော်တို့တတွေ ကိုယ်တော်မြတ်ကို ပင့်ယူခါနီးအချိန်မှာ ပလ္လင်ရှေ့၌ ဒူးထောက်တာပဲဖြစ်ဖြစ် အခြားအမူအရာတစ်ခုခုကိုပဲဖြစ်ဖြစ် ပြုလုပ်ကြပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ဆီကြွလာမယ့် ခရစ်တော်ဘုရားရှင်ကို ချစ်တယ်ဆိုတဲ့အကြောင်း ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါ “အာမင်”လို့ ပြောခြင်းဟာလည်း ခရစ်တော် ဘုရားရှင် အမှန်တကယ်တည်ရှိခြင်းကို ယုံကြည်တဲ့ အကြောင်း ၀န်ခံခြင်းသာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူပြီးတဲ့အခါမှာလည်း ခရစ္စတူး အမှတ်အသားပြုလုပ်ပြီး ဘုရားရှင်ကို ကျေးဇူးတင်ကြပါတယ်။ ဒီလို ခရစ္စတူးအမှတ်အသား ပြုလုပ်ခြင်းဟာလည်း ခရစ်တော်ဘုရားရှင် ကျွန်တော်တို့အတွက် ရယူခဲ့တဲ့ ကယ်တင်ခြင်းမှာ ကျွန်တော်တို့တတွေ ဝေငှ ခံစားကြရကြောင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါမှာ ကျွန်တော်တို့တတွေ ခရစ်တော်ယေဇူးနဲ့ တစ်လုံးတ၀တည်း ပေါင်းစပ်ခွင့် ရကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လူသားတစ်ဦး တစ်ယောက်စီအတွက် ခရစ်တော်ယေဇူးက ပေးတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒီ ကျေးဇူးလက်ဆောင်အားဖြင့် ခရစ်တော်ယေဇူး၌ ကျွန်တော်တို့ဟာ အသင်းတော်ဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ ခန္ဓာကိုယ် အဖွဲ့အစည်းမှာလည်း ပါဝင် ပေါင်းစပ်သွားပါတယ်။ ကျွန်တော်တို့ဘ၀မှာ အရေးကြီးဆုံးအချိန် တစ်ချိန်ကတော့ ကိုယ်တော်မြတ်ပင့်ယူပြီး ကိုယ့်နေရာကို ပြန်လာတဲ့ အချိန်ပါပဲ။ ဒီအချိန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ပြန်လည်စဉ်းစားပြီး ကျွန်တော်တို့ဆီကို ခရစ်တော်ယေဇူးကြွလာခြင်းအတွက် ကျေးဇူးတင်ကြပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ယေဇူးရဲ့ ချစ်ခြင်းမေတ္တာ စက္ကရမင်တူးကို ရကြပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကို လက်ခံ ရရှိကြပါတယ်။ နောက်ပြီး အရှင်သခင်တို့ရဲ့အရှင် ဘုရင်တကာတို့ရဲ့ဘုရင်ကို ကျွန်တော်တို့ လက်ခံရရှိကြပါတယ်။

    ဒီ နက်နဲရာအချက်ကြီးကို ကျွန်တော်တို့ အကျိုးသက်ရောက် ခံစားနိုင်ဖို့ ကျွန်တော်တို့ စိတ်က
လက်ခံနိုင်ဖို့ဆိုတာ ဆုတောင်းခြင်းသာလျှင် တတ်နိုင်ပါတယ်။ ကျွန်တော်တို့တတွေ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ပိုပြီး လေးလေးနက်နက် စဉ်းစားလေ ဘုရားသခင်ကို ပိုပြီး ကျေးဇူးတင်လေ၊ ပိုပြီး ချစ်လေ၊ ပိုပြီး ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးအဖြစ် အခြေအနေကို ဘုရားသခင်ထံ ဖွင့်ဟ ပြလေပါပဲ။ ဒါကြောင့် “ကိုယ်တော်မြတ် ပင့်ယူပြီးအချိန်ဟာ ၀ိညာဉ်အတွက် အရမ်းကို အကျိုးထူးဖြစ်စေတယ်ဆိုတာ သတိရကြပါ”လို့ အာဗီလာမှ စိန်ထရေဇား (St. Teresa of Avila) က ပြောခဲ့ဖူးပါတယ်။ ဒီအချိန်ကလေးမှာ ခရစ်တော်ယေဇူးကို အာရုံပြုပြီး ကုန်လွန်စေမယ်ဆိုရင် သူ့ကို ကောင်းကောင်းအစေခံတာနဲ့ အတူတူ ပါပဲ။ ဒါကြောင့် ဒီအချိန်ကလေးကို ဆုံးရှုံးမသွားအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘုရားရှင်ကို ကျွန်တော်တို့ လက်ခံရရှိတဲ့အချိန်၊ ဘုရားရှင်နဲ့ ပေါင်းစပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာမျက်စိကိုပိတ်ပြီး ၀ိညာဉ်မျက်စိကို ဖွင့်ထားကာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို မြင်အောင် ကြိုးစားကြည့်ရပါမယ်။

    ကိုယ်တော်မြတ်ကို ပင့်ယူပြီးနောက် ကျွန်တော်တို့တတွေဟာ ခရစ်တော်ဘုရားရှင်နဲ့ တပေါင်း တစည်းတည်းဖြစ်သလို ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ပါဝင်တဲ့ အသင်းတော်ကြီးဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ နက်နဲရာ ခန္ဓာတော်နှင့်လည်း တစ်လုံး တစ်စည်းတည်း ဖြစ်သွားပါတယ်။ ကိုယ်တော်မြတ်ပင့် ယူချိန်မှာ သီဆိုကြတဲ့ ဓမ္မသီချင်းဟာလည်း ကျွန်တော်တို့တတွေအကြား တပေါင်းတစည်းတည်းရှိခြင်းကို ပြန်လည် သတိရစေပြီး အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့တတွေရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ ကျေးဇူးဆပ်တင်ခြင်းတွေကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။

    ကိုယ်တော်မြတ်ကို အားလုံးပင့်ယူပြီးတာနဲ့ တခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ နေကြရပါတယ်။ ဒီ အချိန်ကလေးဟာ လူတစ်ဦးတစ်ယောက်စီအတွက် မိမိ လိုချင်တဲ့ဆုကို တောင်းခံဖို့ လိုအပ်တဲ့ သန့်ရှင်းတဲ့ငြိမ်သက်ခြင်း ဖြစ်ပါတယ်။ ဒီလို တိတ်ဆိတ်ငြိမ်သက်ခြင်း အားဖြင့် ကျွန်တော်တို့ ဘ၀တွေရဲ့ ဆူညံမှုတွေ ပျောက်ကွယ်သွားပြီး ဘုရားသခင်က ကျွန်တော်တို့ကိုပြောတဲ့ စကားသံကို ကြားနိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့အချိန် ကလေးပြီးတဲ့အခါမှာ ကျွန်တော်တို့တတွေ ရရှိပြီးတဲ့ ကျေးဇူးတော်များအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါတယ်။ ကယ်တင်ရှင် ခရစ်တော်ယေဇူးရဲ့ တည်ရှိတော်မူခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဘ၀တွေ အကျိုးကျေးဇူး ပိုမို ရရှိဖို့ရန်နှင့် ပေါင်းစပ်သလို နောင်တစ်နေ့မှာလည်း ကောင်းကင်ဘုံ၌ ခရစ်တော် ယေဇူးဘုရင်နှင့်အတူ ပေါင်းစပ်ဖို့ ဆုတောင်း ကြပါတယ်။

    မစ္ဆားတရား ပြီးတဲ့အခါမှာလည်း ခရစ်တော် ယေဇူးဟာ ကျွန်တော်တို့အထဲ၌ တက်တက်ကြွကြွ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို ခွန်အား ပေးပါလိမ့်မယ်။ နောက်ပြီး ခရစ်ယာန်အသက်တာနဲ့ အညီ နေထိုင်နိုင်အောင် ကူညီပါလိမ့်မယ်။ ကျွန်တော်တို့ တတ်နိုင်တယ်ဆိုရင် မစ္ဆားတရားအပြီး ဘုရားရှင် ကျွန်တော်တို့နှင့် အတူရှိဖို့ အထူးသဖြင့် လာမည့်အပတ်အတွင်းမှာ တွေ့ကြုံရမယ့် ဒုက္ခ အခက်အခဲ ပြဿနာများ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်များ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ နတ်ဆိုးရဲ့ အပြစ်ဒုစရိုက်မှ ကာကွယ်ပေးဖို့ရန် ဆုကျေးဇူးတော်များကို တောင်းခံ သင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာ တစ်ခုလုံးမှာ ခရစ်တော်ယေဇူးရှင်နဲ့ အစဉ်အမြဲ ပေါင်းစပ် သွားနိုင်ပါလိမ့်မယ်။

    ကျွန်တော်တို့တစ်တွေ ဆုတောင်းနိုင်ဖို့၊ သဒ္ဓါ ကြည်ညိုခြင်း ပြုနိုင်ဖို့အတွက် ခရစ်တော်ယေဇူးဟာ ကိုယ်တော်မြတ် စက္ကရမင်တူး၌ အပြည့်အ၀ အမှန်တကယ် တည်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ သဒ္ဓါ ကြည်ညိုခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော်ယေဇူးထံ သီးခြား အလည်အပတ်သွားခြင်းနှင့် ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတွေအားဖြင့် မစ္ဆားတရားအတွင်းမှာ ကိုယ်တော်မြတ်ကို ပင့်ယူခြင်းမှ စတင်ခဲ့တဲ့ ခရစ်တော် ယေဇူးဘုရားရှင်နဲ့ ပေါင်းစည်းခြင်းကို ဆက်လက်ပြီး ရှင်သန်စေပါတယ်။ ကျွန်တော်တို့တတွေ ဘုရားရှင်ရဲ့အပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း တိုးပွားစေပါတယ်။ ဆက်လက်ပြီး ကိုယ်တော်မြတ် ပင့်ယူခြင်း၌ ခရစ်တော် ယေဇူးဘုရားရှင် ကျွန်တော်တို့ဆီကို ကြွလာခြင်း၏ အကျိုးကျေးဇူးများကိုလည်း ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ဆထက်တပိုး ပိုမိုပြီး တိုးပွားစေပါတယ်။

Saturday, 26 October 2013

၃၀ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ဆုတောင်းခြင်းပြုသည့်အခါ 

ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်တွင် မိမိကိုယ်ကိုဖြောင့်မတ်သည်သောသူဟု ခံယူလျက် တစ်ပါးသူတို့ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ရည်ရွယ်၍ ခရစ်တော်က ဖာရီဇေဦးနှင့် အခွန်ခံသူ၏ပုံဥပမာကို မိန့်ဆိုထားပါတယ်။ ဖာရီဇေဦးဆိုသည်မှာ အများတကာက ဖြောင့်မတ်သူဟူ၍ ကြည်ညိုလေးစားခြင်းခံရသူ တစ်ဦးဖြစ်ပြီး အခွန်ခံသူမှာ အများတကာက အပြစ်သားဟု သတ်မှတ်ထားသူ၊ ဖြောင့်မတ်ခြင်းမရှိသူဟူ၍ ထင်မြင်ခံရသူဖြစ်ပါတယ်။ အများတကာအမြင်မှာ ထိုနှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦးလုံးဝဆန့်ကျင့်ဘက်ဖြစ် ပါတယ်။ သို့သော်လည်း ခရစ်တော်က ထိုခြားနားသူနှစ်ဦးတို့အကြားရှိ အတွင်းစိတ်နှလုံးခြားနားမှု့ကို သာဓကထား၍ တစ်ပါးသူအား မပုပ်ခပ်ဘဲ မိမိ၏စိတ်နှလုံးကို ဖြောင့်မတ်ခြင်း၌ တည်ထားရန်၊ ထို့အပြင် မိမိဟာ အပြစ်သားဖြစ်နေလျှင်လည်း မိမိကိုယ်ကိုသိ၍ ဘုရားသခင်ဆီမှာ နှိမ့်ချစွာတောင်းလျှောက်လျှင် မိမိတို့၏အပြစ်ဟာ ခွင့်လွတ်ခြင်းချမ်းသာရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပါတယ်။

ပုံဥပမာထဲက ဖာရီဇေဦးဟာ သူ၏ဖြောင့်မတ်မှန်ကန်ခြင်းကို သူ့ထက်နိမ့်သူများဖြစ်တဲ့ အခြားသူများ၊ နှင့် အခွန်ခံသူနှင့် နှိုင်းယှဉ်တဲ့အတွက် သူဟာ သိပ်ဖြောင့်မတ်မှန်ကန်နေပြီလို့ထင်မိတဲ့အတွက် ကိုယ့်ကိုယ်ကို မြှောက်ပင့်နေမိပါတယ်။ အခွန်ခံသူကျတော့ သူ၏ဖြောင့်မတ်မှန်ကန်ခြင်းကို သူ့ထက်အဆပေါင်းများစွာ ဖြောင့်မတ်မှန်ကန်တဲ့ ဘုရားသခင်နှင့် နှိုင်းယှဉ်သောကြောင့် မိမိကိုယ်ကို အပြစ်သားမှန်းသိလိုက်ရတယ်။ ထိုကြောင့် နှိမ့်ချတဲ့စိတ်နှလုံးနှင့် ဘုရားသခင်ဆီမှာ အပြစ်ခွင့်လွတ်ချမ်းသာခြင်းရဖို့ တောင်းလျှောက်ကာ ဖြောင့်မတ်စွာ နေထိုင်နိုင်ဖို့ ကျေးဇူးတော်တောင်းလျှောက်ခဲ့တယ်

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ် ဆုတောင်းသည့်အခါ ဘယ်လိုစိတ်ထားဖြင့် ဆုတောင်းကြမလဲဗျာ။

ဆုတောင်းမေတ္တာစစ်စစ်ဟာ ဘုရားသခင်၌ အာရုံထား၍ မိမိ၏အဖြစ်၊ အပြစ်များအားလုံးကို နှိမ့်ချသော စိတ်ဖြင့် ၀န်ချတောင်းပန်ရင်း ယခင်လိုသန့်ရှင်းဖြောင့်မတ်တဲ့ ဘ၀နှင့် ဆက်လက်နေနိုင်ရန် ခွန်အားတောင်းယူနိုင်ရမှာဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲများကိုလည်း ကိုယ့်ဖခင်ပေါ်မှာ ယုံကြည်မှု့အပြည့်နဲ့ အပ်နှံအားကိုးရင်း ကျော်ဖြတ်သွားရမှာဖြစ်ပါတယ်။ ဆုတောင်းမေတ္တာစစ်စစ်မှာ တန်ခိုးအစွမ်းတွေရှိပါတယ်။ မိမိထင်ထားတာထက် ပိုပြီးစွမ်းပါတယ်။ သို့သော်လည်း မိမိကိုယ်ကို စစ်မှန်တဲ့ဘက်မှာ၊ မှန်ကန်သည့်ဘက်မှာ၊ ဖြောင့်မတ်သည့်ဘက်မှာ ရပ်တည်နေခြင်း၊ မနေခြင်းကို သင်ဘယ်လိုနှိုင်းယှဉ်သလဲဆိုတာပေါ်မှာလည်း အများကြီးမူတည်နေပါလိမ့်မယ်။ ဘုရားကျောင်းထဲသွားတိုင်း သင်နှင့်ကျွန်ုပ် ဆုတောင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားကျောင်းသွားရုံမကဘဲ ဘုရားကျောင်းထက် နက်ရှိုင်းသည့်နေရာ ခမည်းတော်ဘုရား၏ ရင်ခွင်ထိအောင်သွားရမှာ ဖြစ်ပါတယ်။ သို့မှသာ သင်နှင့် ကျွန်ုပ်ဟာ ကောင်းကင်ရှိဖခင်နှင့် အဆက်အသွယ်၊ ဆက်နွယ်စကားပြောဆိုနေမိမှာဖြစ်ပါတယ်။ ထိုသို့ပြုနိုင်မှသာ ကျွန်ုပ်တို့ဟာ ဆုတောင်းသည်ဟု ဆိုနိုင်ပါလိမ့်မယ်။

ကိုရင် (ဒိုမီနီကန်)

Wednesday, 23 October 2013

ဘုရားကျောင်းဘာကြောင့်တက်ရတာလဲ


ကျွန်တော် တွေ့ဘူးတဲ့ ခရစ်ယာန်အချို့ဟာ ဘုရားကျောင်း သွားတယ် ဆိုတာ ခရစ်ယာန် ဖြစ်လို့ သွားတယ် လို့သာ သဘော ထားကြတယ်။ အချို့က ရွာကို လူကြုံ တစ်ဦး တစ်ယောက်များ ရှိမလား ဆိုပြီး သွားကြတယ်။ အချို့ အသင်းတော်က အကူအညီ တစ်ခုခု ရမလားဆိုပြီး သွားကြတယ်။ အချို့ အလုပ်အကိုင် ရှာဖွေရာ နေရာ သဘောမျိုး ရှိကြတယ်။ အချို့က သီချင်းဆို လေ့ကျင့်ရာနေရာမျိုး သဘောထားကြတယ်။ အခြား အကြောင်း အရင်းတွေလည်း ရှိပါဦးမယ်။ ဒါပေမဲ့ ခရစ်ယာန်ဆိုတာ နက်နက်နဲနဲ ပြောမယ်ဆိုရင် ယုံကြည်သူဆိုတာ၊ ဒီထက် နက်နဲရဦးမယ်ဆိုရင် ကယ်တင်ခြင်းရပြီး သူတိုင်းဟာ ဘုရားကျောင်းကို သွားသင့်ပါတယ်။
ခရစ်ယာန် တစ်ဦးဟာ ဘာကြောင့် ဘုရားကျောင်းကို သွားရတာလဲ ဆိုတာကို သင်စူးစမ်းလေ့လာဘူး ပါသလား။ သင့်ကိုယ်တိုင် အဲဒီအကြောင်းကို လေ့လာခဲ့ဘူးခြင်း မရှိဘူးဆိုရင် အခု ဖော်ပြလိုက်တဲ့ အချက် (၁၃) ချက်ဟာ သင့် အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

ဘုရားကျောင်းကို သွားတယ်ဆိုတာ ကယ်တင်ခြင်းရဘို့ ကောင်းကင်ကို သွားဘို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရား ကျောင်းကို သွားတယ်ဆိုတာ အရေးကြီးပါတယ်။ သင့်အသက်တာကို တိုးတက်ဘို့ အကူအညီ ပေးပါလိမ့်မယ်။ ဒါကြောင့် အဲဒီ ဘုရားကျောင်းကို သွားတဲ့ အလေ့အကျင့်ကို ထိန်းသိမ်းရပါလိမ့်မယ်။

အောက်ပါ အချက်များကို လေ့လာကြည့်ပါ။

၁။ ဘုရားသခင် သတ်မှတ်ထားတဲ့ နေ့ရက်ကို တန်ဘိုးထား လေးစားခြင်းကို နာခံမှုနဲ့ သက်သေထူ တာဘဲ ဖြစ်ပါ တယ်။ ဓမ္မဟောင်းခေတ်မှာကတည်းက ဘုရားသခင်အတွက် တစ်ပတ်မှာ တစ်ရက် အချိန်ပေးဘို့ တောင်းဆို ထားတာ ရှိပါတယ်။ (ထွက်မြောက်ရာ ၂၀း၈)
၂။ ကျွန်တော်တို့လို ခရစ်တော်၌ ရှိသော ညီအကို မောင်နှမများရှိတဲ့ ယုံကြည်ခြင်းနဲ့ ဆိုင်တဲ့ အသိုင်းအ၀ိုင်းနဲ့ သက်ဆိုင် မှု ရှိကြောင်း ဖော်ပြဘို့

၃။ ကျွန်တော်တို့ကိုယ်တိုင် ကျမ်းစာဖတ်ခြင်းကိုသာ အမြဲတမ်း မှီတည်နေတာထက် အခြားလူများရဲ့ ဦးဆောင်ခြင်း၊ သွန်သင်ခြင်း တွေအားဖြင့် ပိုမို အကျိုးရှိနိုင်တဲ့ အသက်တာကို တတ်လှမ်းဘို့
၎။ ကျွန်တော်တို့ဟာ ခရစ်တော်၌ ရပ်တည်နေခြင်းကို အမြဲသတိရရန်၊ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ သော အပြစ်နှင့် ဒုစရိုက် ကို သိမြင် ၀န်ခံနိုင်ရန်၊ သမ္မာတရားကို သင်ကြားခံယူရန် ဖြစ်ပါတယ်။

၅။ ကျွန်တော်တို့ဟာ အစာရှောင်ဘို့၊ ဆုတောင်းဘို့၊ ဆယ်ဘို့တစ်ဘို့ ပေးဘို့
၆။ သမ္မာကျမ်းစာက အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ယုံကြည်ခြင်းနဲ့ အသက်တာမှာ ရင်ဆိုင်ရတဲ့ အမှုအရာ တွေကို အကူအညီ ရယူဘို့

၇။ အခြားသော ယုံကြည်သူတွေရဲ့ ခြားနားတဲ့ အမြင်များမှ ယုံကြည်ခြင်းနဲ့ အသက်ရှင်မှုမှာ ရုန်းကန်ရတဲ့ အကြောင်း အရာ တွေကို ကြားနာနိုင်ဘို့
၈။ အသင်းတော်ထဲမှာ ရှိတဲ့ မိမိတို့ရဲ့ လက်တွဲဖော် ယုံကြည်သူများရဲ့ သက်သေခံချက်တွေ၊ အတွေ့အကြုံတွေကို ကြားနာနိုင်ဘို့

၉။ ဘုရားသခင်ရဲ့ မေတ္တာနဲ့ သတိပေးချက်တွေကို ကြားနာနိုင်ဘို့
၁၀။ ဘုရားသခင်ကို မသိကျိုးကျွန်ပြုပြီး မိမိရဲ့ ထုံးစံအစဉ်အလာတွေကိုဦးစားပေး ဆောင်ရွက်မှုတွေ ရှိခဲ့ရင် သတိရ ဆင်ခြင်နိုင်ဘို့

၁၁။ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ဆယ်ဘို့တစ်ဘို့ ပေးခြင်း၊ ဂုဏ်တော် ချီးမွမ်း ခြင်း၊ သက်သေခံခြင်းအားဖြင့် ဖော်ပြရန်
၁၂။ ယုံကြည်သူများဟာ နှုတ်ကပတ်တော်ကို ကြားသိခဲ့ပြီး အသက်ရှင်ရတဲ့ ရက်သတ္တပတ်နဲ့ အသက်တာရဲ့ အစိတ်အပိုင်းကို ကျေးဇူးသိ တုန့်ပြန်ဘို့

၁၃။ အသက်တာထဲက ဒုက္ခ၊ ပြဿနာ၊ မိသားစု၊ အလုပ်အကိုင်တွေ အကြားမှာ နစ်မြုတ်နေပေမဲ့ ကိုယ်တော့်ကို မမေ့ ဘူး။ ကိုယ်တော်နဲ့ မိတ်သဟာရပြုတယ်ဆိုတာ သက်သေထူဘို့
အခြားဖော်ပြနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ တကယ်တော့ စာတန် ဟာ ယုံကြည်သူတွေကို နည်းပရိယာယ် အမျိုးမျိုးနဲ့ ဘုရားကျောင်းတွေကို မရောက်နိုင်အောင် လုပ် ဆောင်နေပါတယ်။ ယခုခေတ်မှာ ဘုရားကျောင်းမသွားနိုင်သော်လည်း အင်တာနက်ကနေ နှုတ်ကပတ်တော်ကို ကြားနာနိုင်တယ်။ ယုံကြည်သူခြင်း မိတ်သဟာရဖွဲ့နိုင်တယ်။ အလှူငွေ ပို့ပေး လို့ရတယ်။ ဆုတောင်းချက်တွေ တင်လို့ရတယ် ဆိုပြီး လူတိုင်း ခံစားနေကြပါတယ်။ အင်တာ နက် မရှိရင်တောင် တယ်လီဖုန်းနဲ့၊ အခြားဆက်သွယ်ရေး မီဒီယာတွေနဲ့ ၀တ်ပြုကိုးကွယ်ခြင်းတွေကို လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့် ဘုရားကျောင်းကို မသွားရင် ဖြစ်တယ်လို့ ခံစား နေသူတွေ ရှိပါတယ်။
ကိုယ်တော်ကို ချစ်ပြီး နှုတ်ကပတ်တော်တွေကို တန်ဘိုးထားတယ်ဆိုရင် ဘုရားကျောင်း ဆိုတာ တကယ် သွားသင့် ပါတယ် (သေချာပေါက် သွားရမယ်။)
အခုဖော်ပြလိုက်တဲ့ အချက်တွေဟာ ကျွန်တော့် ကိုယ်တိုင် ယုံကြည် လက်ခံထားတဲ့အချက်တွေ ဖြစ်ပြီး သဘောမတူ လက်မခံနိုင်သူများ ရှိခဲ့ရင်လည်း ကျွန်တော်ဟာ ငြင်းမှာ မဟုတ်ပါဘူ။ ကိုယ့်သဘော ကိုယ့်ဆန္ဒသာလျှင် အရေး အကြီးဆုံး ဖြစ်ပါတယ်။
အဲဒီနေရာမှာ မိမိ ဖတ်ခဲ့တဲ့၊ သိခဲ့တဲ့၊ ကြားခဲ့တဲ့ နှုတ်ကပတ်တော်တွေကို အတည်ပြုပြီး ဘ၀အသက်တာအတွက် မှတ်တမ်း တင်ရမယ့် နေရာဖြစ်တယ်ဆိုတာ ဝေငှလိုက်ပါတယ်။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

                                                                                       ဦးမင်းလွင်


 

 


 

Monday, 21 October 2013

ဟားခါးသာသန ဆရာတော်အသစ် ခန့်အပ်ခြင်း

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ နေ့စွဲဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဟားခါးသာသနာ၏ အထွေထွေကိုယ်စားလှယ် နှင့် ဟားခါးကက်သီဒြယ်၏ ကျောင်းထိုင်ဘုန်းတော်ကြီး၊ လေးစားအပ်ပါသော ဘုန်းတော်ကြီး Lucius Hre Kung (ဟားခါးသာသနာ) အား ဟားခါးသာသနာ၏ ဆရာတော်အဖြစ် ခန့်အပ်လိုက်ပါသည်။ 

အလင်းသက်သေ (မြန်မာကက်သလစ်ဘလော့)
http://alinnthatthay.blogspot.com/2013/10/blog-post_21.html

Monday, 14 October 2013

သူကြီးအပြုံးနှင့် ဘုန်းတော်ကြီး

           တခါက မြန်မာပြည်၊ ဝေးခေါင်ဒေသက ခရစ်ယာန်ရွာလေးတစ်ရွာမှာ ဘုန်းတော်ကြီးတပါး တာဝန်ကျသတဲ့။ ဘုန်းတော်ကြီးဆီလာပြီး အာပတ်ဖြေ၊ အပြစ်ဝန်ချတောင်းပန်ပြီး ဘုရားရှင်ဆီက ခွင့်လွှတ်ခြင်းကို လာတောင်းခံတဲ့ လူတွေအထဲမှာ ထုံးစအတိုင်း အမျိုးသမီးများစွာရှိတယ်။ အမျိုးသမီးများ သူတို့ခင်ပွန်းမဟုတ်သူတွေနဲ့ မှားယွင်းမှုများကို ခဏခဏ ကြားရဖန်များတော့ ဘုန်းတော်ကြီးက သြဇာရှိတဲ့အမျိုးသမီးတစ်ဦးကိုရွေးပြီးပြောတယ်။ "ညည်းတို့ရော၊   ဘုန်းတော်ကြီးရော၊  ကြားကောင်းအောင် နောက်ဆို မှားယွင်းဖေါက်ပြန်မိတယ်..လို့ မပြောနဲ့။ ... ချော်လဲမိတယ် .. လို့ ပြောပါ"  အမိန့်ပေးလိုက်လို့  အမျိုးသမီးများက နာခံကြပါတယ်။ 
   တနေ့တော့ သာသနာပိုင်ဆရာတော်က  ဒီဘုန်းတော်ကြီးကို လိုအပ်တဲ့တနေရာအတွက် အရေးပေါ် လှမ်းခေါ်လိုက်တယ်။ ဒီရွာအတွက်တော့ နောက်ထပ် ဘုန်းတော်ကြီး အသစ်တပါးကို လွှတ်လိုက်တယ်။ ဘုန်းတော်ကြီးအဟောင်းက ဘုန်းတော်ကြီးအသစ်အတွက် မှာစရာတွေကို ရွာသူကြီးကတဆင့် မှာလိုက်ရတယ်။  " မိန်းမ တွေက ချော်လဲမိတယ် ပြောရင် လင်မဟုတ်သူနဲ့ မှားယွင်းဖေါက်ပြန်မိတာကို  လို့ဆိုလိုတယ် ..."   ဆိုတဲ့အကြောင်းပေါ့။

   ဘုန်းတော်ကြီးအသစ် ရောက်ပြီး သိပ်မကြာဘူး။ ရွာသူကြီးနဲ့ တွေ့တဲ့အချိန် ရွာသူကြီးကို ပြောတယ်။ ခင်ဗျားတို့ရွာက အမျိုးသမီးတွေ တော်တော့်ကို ချော်လဲနေကြတယ်။ ရွာက လမ်းတွေ သေချာပြန် ပြုပြင်ဖို့ လိုနေပြီထင်တယ် .. လို့ သတိပေးလိုက်တော့  ..

   ရွာသူကြီးက ပြုံးပြီးပြန်ပြောတယ်...။

   ဘုန်းတော်ကြီးခင်ဗျား .. ချော်လဲတယ်ဆိုတာ တကယ်ချော်လဲတာမဟုတ်ပါဘူး .. ။ ပြောရင်း ခဏရပ်လိုက်တယ်။ ဒီဘုန်းကြီး မသိသေးဘူး .. ဆိုတဲ့ သူကြီးအပြုံးနဲ့ပေါ့။

   မစောင့်နိုင်တဲ့ ဘုန်းတော်ကြီးက "သူကြီးရယ် တကယ်ပြောတာပါ၊ ဒီတပါတ်ထဲမှာ သူကြီးမိန်မ ချော်လဲတာ ၃ခါတောင် ရှိသွားပြီ "   .. လို့ ပြောလိုက်တယ်။

မှတ်ချက်။  အပြစ်ဝန်ခံခြင်း နည်းသော ယောင်္ကျားများအား ရည်ရွယ်ပါသည်။
                                     
                                                                                           Ko Htun

သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်


မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ် တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။

ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့
၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ကျွန်တော်တို့ရဲ့ဘ၀မပြောင်းလဲခဲ့ဘူး။

တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး... ကစားစရာ အရုပ်မရှိဘူး... ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှ စကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့် အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ.... ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်းကနေကျွန်တော်ထွက်ပြေးဖို့ကြိုးစားခဲ့မိလို့ပဲ။

လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလှောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ အရမ်းလဲ ရှက်မိတယ်။ ရှိုတ်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင် နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။


တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲ ၀င်လာတဲ့ ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့် ကိုယ်နဲ့ လုံးထွေးနေတဲ့ စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ ဆုပ်ကိုင် ထားတဲ့ လိမ္မော်သီး ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ...ကျွန်တော်နားမ လည်ခဲ့ဘူး.. ၀ီလီကိုကြည့်လိုက်လိမ္မော်သီး ကိုကြည့်လိုက်နဲ့ကျွန်တော်ဇဝေဇဝါဖြစ်နေမိတယ်။

ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။

ဝီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ နို့မဟုတ်ရင် လိမ္မော်သီးတွေ အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်က ဒီခရစ်စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီး တစ်စိပ်စီကိုယူပြီး လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။

*သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား... သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ..... နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်*.........

ပြေသိန်း မှတဆင့်ရရှိသည်။

                                                                               MCCN

Saturday, 12 October 2013

၂၈ကြိမ်မြောက် တနင်္ဂနွေနေ့ ကမ္မဌာန်းအကျဉ်း


မနက်ဖြန် ၂၈ကြိမ်မြောက်တနင်္ဂနွေမှာ ဖတ်ရှု့ရမည့် ဧ၀ံဂေလိတရားမှာ အနာကြီးရောဂါသည် ဆယ်ယောက်သည် ၎င်းတို့ရောဂါပျောက်ကင်းစင်ကြယ်ရန်အတွက် ခရစ်တော်အား ကျယ်လောင်သောအသံဖြင့် လျှောက်ကြသောကြောင့် ၎င်းတို့အား ရဟန်းအကြီးအကဲများရှေ့တွင် ကိုယ်ခန္တာကိုပြစေပြီး ပျောက်ကင်းစေခဲ့သော်လည်း ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းဖို့နှင့် ကျေးဇူးတင်ဖို့အတွက်တော့ ဘာသာခြားလိုလူမျိုးဖြစ်သည့် ဆာမရိတန်လူတစ်ဦးတည်းသာ ပြန်လာ၍ကျေးဇူးတော်ကိုချီးမွမ်းကြောင်း တွေ့ရှိရပါတယ်။ ထိုနောက် ခရစ်တော်က ၎င်းဆာမာရိတန်အား ခန္တာဝေဒနာပျောက်ကင်းစေရုံမကဘဲ ၀ိညာဉ်ဝေဒနာပါပျောက်ကင်းစေခဲ့တာကိုလည်း တွေ့ရှိရမည် ဖြစ်ပါတယ်။

ဆယ်ယောက်ထဲမှ ဒီတစ်ယောက်၊ အမျိုးနွယ်တူတွေကြားက လူမျိုးခြားဖြစ်တဲ့ဒီတစ်ယောက်၊ ဆာမာရိတန်ဟာ ဒီနေ့ ဧ၀ံဂေလိတရားတော်မှာ မှတ်တမ်းတင်ခံရသလို၊ အခြားသော ဆာမာရိတန်များစွာလည်း ဧ၀ံဂေလိတရားတော်မှာ ချီးမွမ်းခံရကြောင်း၊ ခရစ်တော်၏ ကယ်တင်ခြင်းပေးသနားခံရကြောင်း မှတ်တမ်းတင်ထားပါတယ်။ အထူးခြားဆုံးက ခရစ်တော်ပေးတဲ့ ပုံဥပမာပင် ဆာမာရိတန်ဟာ နေရာရတယ်လို့ပဲ ဆိုရလောက်အောင် ကောင်းသောဆာမာရိတန်ပုံဥပမာက သက်သေပြနေပါတယ်။

ဆာမာရိတန်တွေဟာ ဂျူးလူမျိုးနှင့်အခြားသောတိုင်းတစ်ပါးသားများ ရောစပ်ထားသည့် လူမျိုးဖြစ်ပြီး မျိုးမသန့်၊ မျိုးမစစ်ဟူ၍ အခြားဘာသာတိုင်းတစ်ပါးတို့ထက်ပင် ရွံရှာဖွယ်ကောင်းသည်ဟု ဂျူးလူမျိုးတွေက သပ်မှတ်ထားပြီး မခေါ်မပြောဘဲ ရန်သူအကြီးဆုံးလို ဆက်ဆံခံရသူတွေပါ။

ဂျူးတွေကိုကျော်ပြီး ဆာမာရိတန်တွေကို ချီးကျူးလိုက်သည့်အခါ ခရစ်တော်၏တရားတော်မှာ ဂျူးလူမျိုးများအတွက် ပို၍စဉ်းစားစရာဖြစ်စေပါတယ်။ဂျူးတွေရဲ့ အာရုံကို ပို၍ဖမ်းစားပါတယ်။ သို့ပေမယ့်လည်း ခရစ်တော်၏ကယ်တင်ခြင်းဟာ ဂျူးတွေအတွက်ပဲမဟုတ်ဘဲ အားလုံးသောသူများအတွက်ဖြစ်ကြောင်း သက်သေပြဖို့ လူမျိုးခြားတွေကိုပင် ချီးကျူးပြောဆိုပြီး ကုသပေးလေ့ရှိတာကို တွေ့ရှိရပါတယ်။ လူတစ်ရာတပ်မှုးကိုချီးကျူး၍ ၎င်းတောင်းဆိုသော အစေခံ၏ဝေဒနာပျောက်ကင်းခြင်းကိုလည်း ပေးခဲ့ဖူးပါတယ်. . .

ဒီတော့ ဒီနေ့သတင်းကောင်းဟာ အားလုံးသောသူများအတွက်ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ မှတ်ယူထားရပါမယ်။ ငါ၏နာမ၌ လူမျိုးတကာတို့အား ဆေးကြောခြင်းပေးလော့ ဟူ၍လည်း မိန့်ဆိုထားပါတယ်။ ဒီတော့ ခရစ်ယာန်ဆိုလျှင် တကမ္ဘာလုံးဆိုင်ရာဖြစ်နေရပါမယ်။ သင့်အသိုင်းအ၀ိုင်းအတွင်းမှာပင် အမြင်ကျဉ်းကျဉ်းမထားရပါဘူး။ ထိုကြောင့် တကမ္ဘာလုံးဆိုင်ရာဟူ၍ ခရစ်ယာန်တွေကို ကက်သလစ်အဖြစ် အန်တီအု့ခ်မြို့မှာ စတင်ခေါ်ဆိုခဲ့တာကိုလည်း မှတ်သားထားသင့်ပါတယ်။ ကက်သလစ်ဆိုသည်မှာ တကမ္ဘာလုံးဆိုင်ရာ ဖြစ်ပါတယ်။ 


ကိုရင် (ဒိုမီနီကန်)

Saturday, 5 October 2013

၂၇ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

သံလုကာ ၁၇း၅-၁၀
သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား အမြစ်မှနုတ်၍ ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည်သင်တို့၏စကားကို နားထောင်လိမ့်မည်။

ကျွန်ုပ်တို့ကမ္ဘာမှာ အကြီးဆုံးသော၊ အပြင်းထန်ဆုံးသော အင်အားအစွမ်းကို ကျွန်ုပ်တို့တတွေ ဘယ်မှာရှာတွေ့ရှိနိုင်မလဲ။ လူ့သမိုင်းတလျှောက်လုံးမှာ လူသားတွေဟာ ဒီလိုအကြီးဆုံးသော၊ အပြင်းထန်ဆုံးသော အင်အားအစွမ်းကို ရှာဖွေလာခဲ့ကြသည့် ကျွန်ုပ်တို့မျက်မှောက်ခေတ်ထိပါပဲ။ အချို့သားရဲတိရစ္ဆာန်တွေဟာ ကျွန်ုပ်တို့လူသားတွေထက် အစွမ်းကြီးမားတယ်ထင်ပြီး ပူဇော်ကျွေးမွေး ချည်းကပ်ခဲ့ရဘူးတယ်။ အချို့သစ်ပင်ကြီးတွေက ကျွန်ုပ်တို့ထက် အစွမ်းကြီးမားတယ်ထင်ပြီး ရှိခိုးခဲ့ရဖူးတယ်။ လေမုန်တိုင်းတွေဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး ၎င်းတို့၏ဒဏ်ခတ်ခြင်းမခံရအောင် နည်းမျိုးစုံနဲ့ ပူဇော်ပသခဲ့ရဖူးတယ်။ မီးဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး မီးကို ဘုရားအဖြစ် ရှိခိုးခဲ့ရဖူးတယ်။ ရေဟာ ကျွန်ုပ်တို့ထက် အင်အားကြီးမားတယ်ထင်ပြီး ရေကြီးခြင်းဒဏ်ခတ်နည်းတွေမှ လွှတ်မြောက်ဖို့ နည်းလမ်းစုံနဲ့ ပူဇော်ပသခဲ့ရဖူးတယ်။ နေဟာ အင်အားအစွမ်းအကြီးဆုံးထင်ပြီး ဘုရားအမှတ်နဲ့ ရှိခိုးခဲ့ရဖူးတယ်။ ကျွန်ုပ်တို့လူသားတွေ တွေးတောထင်မြင်ယူဆခဲ့တာတွေဟာ မိုက်ရူးရဲဆန်နေသလားဗျာ။ တဖက်ကကြည့်ပြန်ရင်လည်း ဤအင်အားအကြီးဆုံးတွေကို လူသားတွေရဲ့ ခြေဖ၀ါးအောက် ရောက်သည်အထိကြိုးစားနိုင်ခဲ့ကြတာကိုလည်း ကျွန်ုပ်တို့သမိုင်းက မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

ဒါကြောင့် တကယ်တော့ လူသားတွေဟာ မိုက်ရူးရဲမဆန်ပါဘူး။ ၎င်းတို့မှာ တမူထူးခြားတဲ့ စဉ်းစားတွေးခေါ်ာဏ်ရှိနေလို့ ဒီလိုသမိုင်းတွေဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေမှာ ယုံကြည်ချက်ရှိပါတယ်။ ဒီယုံကြည်ချက်ဟာ ကျွန်ုပ်တို့တတွေကို ကမ္ဘာလောကမှာရှိနေတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေနဲ့ ထိတွေ့ပေးရုံသာမကဘဲ Abstract world ဆိုသည့် စိတ္ထဇကမ္ဘာဟူသော တခြားထိတွေ့ကိုင်တွယ်လို့မရသည့် အရာတွေရဲ့ကမ္ဘာထဲအထိ ထိုးဖောက်နိုင်ပါတယ်။ ထိုကမ္ဘာဟာလည်း အမှန်တရားတွေ ဖြစ်တာကို ကျွန်ုပ်တို့မငြင်းနိုင်ပါဘူး။ ဒဿနဗေဒအရ ၎င်းကို Transcendental, metaphysics, ontology အဖြစ်လေ့လာရပါတယ်။ ဆိုလိုသည်က ရှိမှုဗေဒ (ရုပ်ပိုင်းဆိုင်ရာ၊ စိတ္တဇပိုင်းဆိုင်ရာတို့၏ ဖြစ်တည်ရှိနေမှု့အားလုံး) ကိုဆိုလိုပါတယ်။ ထိုဖြစ်တည်ရှိမှုတွေဟာ သူ့နည်းသူ့သဘာဝအတိုင်း မှန်ကန်နေကြပါတယ်။ ထိုကြောင့် ခရစ်ယာန်ဒဿနမှာ လူသားဟာ ဘုရား၏ပုံသာန်နှင့်အဆင်းတူအောင် ဖန်ဆင်းခံရသည့် တစ်ခုတည်းသော ဖန်ဆင်းခံဖြစ်၍ လူဟာ ရုပ်ခန္တာနှင့် ၀ိညာဉ်ပေါင်းစပ်တည်ရှိသည့်သတ္တ၀ါဖြစ်ပါတယ်။ ထိုကြောင့် လူဟာ ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း အထိအတွေ့ဖြင့် အမှန်တရားကိုသိရှိနိုင်ပြီး စိတ်ပိုင်း၊ ၀ိညာဉ်ပိုင်းဆိုင်ရာဖြင့်လည်း အခြားသောတည်ရှိနေသည့် အမှန်တရားကမ္ဘာကိုလည်း သိရှိနိုင်သောကြောင့် ၎င်းတို့၏ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်တည်ရှိကြောင်း သိရှိနိုင်ပါတယ်။ ဤသည်ပင် ဘုရားသခင်ပေးသနားသည့် အဖိုးမဖြတ်နိုင်သော လက်ဆောင်ပင်ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဘ၀ကို ပြန်လည်သုံးသပ်ကြည့်လျှင် ဘ၀မှာအခက်အခဲတွေကြုံလာတိုင်း အခြေခံကျကျပြောရလျှင် ခန္တာအစွမ်းဖြင့် အရင်ဆုံးဖြေရှင်းတတ်ပါတယ်။ ထိုနောက်ာဏ်ပညာဖြင့် ဖြေရှင်းတတ်ပါတယ်။ ထိုနောက် တရာားဏ်ဟူသော ၀ိညာဉ်ာဏ်ဖြင့် ဖြေရှင်းတတ်ကြပါတယ်။ ဒီသုံးဆင့်ထဲမှာ ကျွန်ုပ်နှင့် မိတ်ဆွေဟာ ဘယ်အဆင့်ဖြင့် ဖြေရှင်းတတ်လေ့ရှိပါတယ်။ သေချာတာ တစ်ခုကတော့ာဏ်ပညာဖြင့်ပဲ ဖြစ်ဖြစ်၊ ၀ိညာဉ်ာဏ်ဖြင့်ပဲဖြစ်ဖြစ် ဖြေရှင်းတတ်သည်ဆိုနေဦး ကျွန်ုပ်တို့သတိလွတ်သည့်အခါ ခန္တာတုန့်ပြန်မှု့ဖြင့် ဖြေရှင်းမိမှာပါပဲ။ ဒီနေ့ ခရစ်တော်၏ ဧ၀ံဂေလိတရားမှာ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို အမြင့်ဆုံးသော ၀ိညာဉ်ာဏ်၏ လက်နက်တစ်ခုဖြစ်သည့် ယုံကြည်ခြင်းကို ထောက်ပြထားပါတယ်။ ကျွန်ုပ်တို့မှာ မုန့်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းသာရှိပါက မဖြစ်နိုင်တာကိုပင် ဖြစ်စေကြောင်း ထောက်ပြထားပါတယ်။ သံမာတေဦး (၁၇း၂၀)မှာလည်း မုန်ညင်းစေ့မျှသော ယုံကြည်ခြင်းရှိပါက တောင်ကိုပင်ရွေ့နိုင်ကြောင်း ပြောဆိုထားသလို၊ သံမာကု (၁၁း၂၃)မှာလည်း စိတ်ထဲမှာ ယုံမှားသံသယ မရှိဘဲ မိမိပြောဆိုသည့်အတိုင်းဖြစ်လာရမည်ဟု ယုံကြည်သောသူသည် ဤတောင်ကို ပင်လယ်ထဲရွေ့ဆိုလျှင်ပင် ရွေ့လိမ့်မည်ဟု ထောက်ပြထားပြန်ပါတယ်။ ကျမ်းစာတော်ထဲတွင် ဂျူးတို့၏ထုံးစံအရ ဘ၀အခက်ခဲဆုံးတွေကို တောင်ကြီးတွေနဲ့ ခိုင်းနှိုင်းပြတတ်ပါတယ်။ ထိုကြောင့် ခရစ်တော်၏ဆိုလိုရင်းတွေထဲမှာ ကျွန်ုပ်တို့ဘ၀တွင် အခက်ခဲဆုံးသောအရာတွေကို ခန္တာအစွမ်း၊ာဏ်အစွမ်းဖြင့် ဖြေရှင်းတာထက် ဘုရားသခင်၌ယုံကြည်ခြင်း မုန်ညင်းစေ့သာရှိရုံဖြင့် ဖြေရှင်းနိုင်ကြောင်း ပညာရှိသဘောတရားဖြင့် ပြောဆိုထားခြင်းဖြစ်ပါတယ်။ ပညာအလိမ္မာကျမ်း၏ အစအဖွင့်စာပိုဒ်မှာပင် ထာဝရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ၏အစမူလပင် ဖြစ်၏။ ဟုမိန့်ဆိုထားပါတယ်။

ခရစ်ယာန်ဘ၀ဖြင့် အသက်ရှင်နေထိုင်နေသည့်အခါ တွေ့ကြုံရတဲ့အခက်ခဲတွေကို သင်နှင့်ကျွန်ုပ်တို့ ဘယ်လိုတုန့်ပြန်နေသလဲ။ ခရစ်ယာန်ဘ၀ဆိုတာ ခရစ်ယာန်ဘ၀ဆိုတာ အစေခံတတ်ခြင်း အပေါ်အခြေတည်ပြီး နှိမ့်ချတတ်ခြင်းအားဖြင့် မထိုက်တန်သည့်အမွေ ကောင်းကင်နိုင်ငံသားအဖြစ်၊ ဘုရား၏မွေးစားသားသမီးများအဖြစ် ကြိုးစားကျင့်ကြံနေသည်ကို မကြာခဏ သင်မေ့နေပြီလား။ သင်လုပ်ရတဲ့ လုပ်ငန်းတာဝန်တွေမှာ အခွင့်အရေးရှာနေမိပြီလား။ သင်ယုံကြည်စွာ လုပ်ဆောင်နေသည့် အစေခံ (ပေးဆပ်ခြင်း) လုပ်ငန်းတွေမှာ မုန်းညင်းစေ့မျှပင် ယုံကြည်ခြင်းမရှိဘဲ ခဏတာဘ၀ ကောင်းစားဖို့သာ လှုပ်ရှားနေသည့် အခွင့်အရေးသမား ဖြစ်နေပြီလား။

 စဉ်းစားစရာတွေက များလွန်းနေပါပြီ။ သို့ပေမယ့်လည်း သင့်ဘ၀၊ သင့်ခရစ်ယာန်ဘ၀အတွက် အဓိကသော့ခ်က ဘုရားသခင်ကို ဗဟိုရ်ပြုပြီး မုန်ညင်းစေ့မျှသော ယုံကြည်ခြင်းသာ သင်ရှိပါ။ ယေဇူး၏ထရေးဇားလိုပဲ လုပ်ဆောင်သမျှမှာ သေးငယ်သော်လည်း အကြီးမြတ်ဆုံးသော စိတ်ဖြင့် လုပ်ဆောင်မိနေတော့မှာဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ရင်း သင့်၌ယုံကြည်ခြင်းများ တိုးပွားနေမည်ကိုလည်း သင်-သတိထားမိလိုက်မှာမဟုတ်ပါဘူး။ . . . ကမ္ဘာ့မှာ အင်အားအကြီးဆုံးသော၊ အပြင်ထန်ဆုံးသော အင်အားအစွမ်းကို ကျွန်ုပ်တို့ကိုယ်စီအတွင်း၌သာ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ ထိုစွမ်းအင်ဖြင့်သာ ကျွန်ုပ်တို့တတွေဟာ ဘ၀ခဏတာရှိ အခက်ခဲတွေကို ကျော်လွန်နိုင်ရုံမကဘဲ နောင်ဘ၀သုခချမ်းသာထိအောင် အခက်ခဲအားလုံးကို ကျော်လွန်သွားနိုင်မှာဖြစ်ပါတယ်။

ဘုရားသခင်၌မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းထားနိုင်ရန် ပထမကြိုးစားရင်း ဘုရားသခင်ပြုစေလိုသော အရာများကိုပြုမူဆောင်ရွက်ရင်း ဘ၀ကို ထိုက်တန်စွာရှင်သန်သွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Thursday, 3 October 2013

အမြင့်ပေအရှည်ဆုံးသော ဂရုဏာရှင်ယေဇူဆင်းဆုတော် အားကောင်းကြီးပေးဖွင့်လစ်

၂၀၁၃၊ အောက်တိုဘာလ ၂ ရက်နေ့။ အန္ဒိယနိုင်ငံ၊ ဆာဂါသာသနာ၌ ကာဒီနယ်ကြီး ဂျော့ခ်အလန်ချယ်ရီမှ အမြင့်ပေအရှည်ဆုံးသော ဂရုဏာရှင်ယောဇူးဆင်းတုတော်အား ကောင်းကြီးပေးပြီး ဘုရားဖူးနေရာကို ဖွင့်လစ်ပေးခဲ့ပါတယ်။


ထိုဂရုဏာရှင်ယေဇူးဆင်းတုတော်မှာ အမြင့်ပေ ၄၃ပေရှိပြီး သခင်ဘုရားအား ရှာဖွေသူတို့အပေါ်မှာ သခင်ဘုရားသည် အဆင်အမြဲဂရုဏာသနားခြင်းရှိသည်ဟု ကြွေးကြော်ထားလေသည်။

ထိုဆင်းတုတော်တည်သော သာသနာသည် အရှေ့ပိုင်းကက်သလစ်အသင်းတော်၏ စိုင်ရို-မာလဘာ ကက်သလစ်ဘုရားကျောင်းဖြစ်ပါတယ်။ ထိုအသင်းတော်ဟာ ရောမမြို့ရှိပုပ်ရဟန်းမင်းကြီးနှင့် တလုံးတ၀တည်း ရှိသည့်အသင်းတော်လည်းဖြစ်ပါတယ်။ အန္ဒိယနိုင်ငံမှာ စိုင်ရို-မာလဘာ ကက်သလစ်ဘာသာဝင်ဦးရေ ၃.၈သန်းခန့်ရှိပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ဆရာတော်အပါး ၂၀နှင့်အတူ ဘုန်းတော်ကြီးနှင့် ဘာသာရေးအသင်းဂိုဏ်းဝင်များ ၁၀၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရပါတယ်။ ထိုနောက် ဂရုဏာရှင်ယေဇူးကို အထူးကိုးစားသူများ ၃၀၀ ကျော်ကိုလည်း တွေ့ရပြီး နောက်ထပ် အမေရိက၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီမှ ဘုရားဖူးခရီးသည်များ လာဦးမည်ဟုလည်း သိရှိရပါတယ်။

ဤဘုရားဖူးနေရာနှင့် ဂရုဏာရှင်ဆင်းတုတော်တည်ခြင်းမှာ ၎င်း၏ကိုယ်ပိုင်လှုံ့ဆော်မှု့မှဖြစ်ပြီး အော်တိုဘာလ ၅၊ ၂၀၀၇ တွင် ဆန်ဖရန်စစ်ကိုရှိ ဂရုဏာရှင်ယေဇူး၏ ဘုရားဖူးနေရာသို့သွားရောက်ရင် နှလုံးသားထဲမှ အတွင်းရူပရုံခံခဲ့ရပြီး ဆာဂါမြို့တွင်လည်း အလားတူဂရုဏာရှင်ယေဇူးဆင်းတုတော်နှင့် ဘုရားဖူးနေရာ ပြုလုပ်မည်ဟု သံဒိဌာန်ချမှတ်ခဲ့သည်ဟု ဆရာတော်ကြီး ချီဟာရတ်က ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

ဆင်းတုတော်၏အလေးချိန်မှာ ၁.၅ တန်နှင့် အမြင့် ၄၃ပေရှိပါတယ်။ မူလအစမှာ ဆင်းတုတော်အား ၈ ပေသာ ပြုလုပ်ဖို့ စဉ်းစားခဲ့သော်လည်း အထွေထွေရဟန်းအကြီးအကဲနှင့် ဌာန၏ အကြံပြုချက်က ဆင်းတုတော်အား ပေ၄၀ ပြုလုပ်ဖို့ဖြစ်ပြီး နောက်ထပ် သုံးပေထပ်တိုးကာ ၄၃ ပေဖြစ်သွားခြင်းဖြစ်ပါတယ်။
ထိုသာသနာရှိ ခါဂျူရီယာသည် ၂၀၀၇ခုနှစ်တွင် ဘုရားဖူးနေရာအဖြစ် အသိမှတ်ပြုခံရပြီး ဂရုဏာရှင်ယေဇူးအား ဆက်ကပ်အပ်နှံခဲ့ကြသည်။ ထိုအချိန်မှစ၍ မြောက်များစွာသော တန်ခိုးလက္ခဏာများမှာ ကက်သလစ်ဘာသာဝင်များနှင့် ကက်သလစ်မဟုတ်သောသူများအကြား ဖြစ်ပေါ်လေ့ရှိကြောင်း အမြဲတမ်းမှတ်တမ်းတင်နေကြရပါတယ်။ ထိုဘုရားဖူးနေရာသည် ကြော်ကြာလာပြီး ဆရာတော်ကြီး ချီယာရတ်ကိုယ်တိုင် Malign Tumor (အသားကင်ဆာ)မှ ကုသခြင်းခံရကြောင်း သက်သေခံပါတယ်။ ထို့အပြင် ထိုဘုရားဖူးနေရာသည် ဘာသာပေါင်းစုံဆွေနွေးဖလှယ်ခြင်းများ ပြုလုပ်ဖို့နေရာအဖြစ်လည်း ပံ့ပိုးကြောင်း ပြောဆိုပါတယ်။

မကြာမှီ ထိုဘုရားဖူးနေရာသို့ ရဟန္တာဖော်စတီနာ၏ ဓါတ်မွေတော်ကိုလည်း အမြဲသဒါကြည်ညိုခြင်းပေးနိုင်ရန် ဘုရားခန်းငယ်နှင့် ထားရှိမည်ဟုလည်း သိရှိရပါတယ်။



မနောအောင်

Sunday, 29 September 2013

သူကတော့ ရှေ့နေမကြီး ဖြစ်နေပြီ



အတန်းသား အားလုံနဲ့ ဆရာမပါဝင်သော ဓါတ်ပုံ တစ်ပုံ ရိုက်ပြီး  ဓါတ်ပုံရသောနေ့တွင် ဆရာမက  ထိုဓါတ်ပုံများကို 

ကျောင်းသားတိုင်း ယူရန် ကလေးသဘောကျမည်ထင်သော စကားများ သုံး၍ တိုက်တွန်းလေသည်။

ဆရာမ။    "မင်းတို့ ကြီးလာတဲ့ တချိန်မှာ ဒီဓါတ်ပုံကို ကြည့်ပြီး ဒါကတော့ ရှယ်လီပေါ့ ။  အခုတော့ သူက ရှေ့နေမကြီး ဖြစ်နေပြီ။ 

ဒါမှမဟုတ် ဟိုတစ်ယောက်ကတော့ မိုက်ကယ်ပေါ့ ။ သူကတော့ ဆရာဝန်ကြီး ဖြစ်နေပြီ "

အဲဒီအချိန်မှာပဲ အတန်းနောက်ဖက်က အသံသေးသေး တခု ထွက်ပေါ်လာတာ ကတော့

" ဒါကတော့ ငါတို့ဆရာမပေါ့  .. အခုတော့ သေသွားပါပြီ .. တဲ့"

The Rest ငြိမ်ဝပ်ခြင်း ချမ်းသာ ဓမ္မစာစောင် 2006 မှ တဆင့်ဖေါ်ပြခြင်းဖြစ်သည်။

စုံစမ်းနှောင့်ယှက်ခြင်းကို အောင်မြင်ခြင်

လူသားတွေဟာ မကောင်းမှုနဲ့ ကောင်းမှု၊ ဒုစရိုက်နဲ့ သုစရိုက်ကြားမှာ အမြဲရုန်းကန်နေရတာ သံသယရှိစရာ မလိုတော့ပါဘူး။ 

နေ့စဉ် သတင်းစာ၊ ဂြိုလ်တု၊ ရုပ်မြင်သံကြားကြည့်လိုက်တာနဲ့၊ ရေဒီယိုနားထောင်လိုက်တာနဲ့ အကြမ်းဖက်မှုတွေ၊ 

ကြောက်မက်ဖွယ်ကောင်းတဲ့ လူ့အသက် သေဆုံး၊ သတ်ဖြတ်မှုတွေအကြောင်း နေ့စဉ်နေ့တိုင်း ပြောင်ပြောင်တင်းတင်း၊ 

ရှင်းရှင်းလင်းလင်း မြင်နေကြား နေရတာတွေက သက်သေပါပဲ။ ဒါတွေက ဘာကြောင့် ဖြစ်နေတာလဲ၊ ဘာတွေ မှားယွင်းနေတာလဲ။

ဒီမေးခွန်းတွေကို ရိုးရိုးသားဖြေရရင်တော့ လူသားတွေ မှားနေတာပါပဲ၊ လူသားရဲ့ ဇာတိထဲမှာကိုက မကောင်းမှုဖက်ကို ယိမ်းယိုင်မှု 

ရှိနေပါတယ်။ ဒါဟာအပြစ်ရဲ့ အကျိုးဆက်ဖြစ်လို့ ကျွန်တော်တို့ လူသားအားလုံး တစ်ဦး မကျန် ဟာ ဒီအပြစ်နဲ့ ရုန်းကန်တိုက်ခိုက် 

နေရပါတယ်။ ပြင်းထန်လှတဲ့အပြစ်၊ မကောင်းမှုဒုစရိုက်ရဲ့ နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့ အင်အားစုတစ်ခုကတော့ 

ရှိကိုရှိရ ပါလိမ့်မယ်။ ဒါကတော့ ရှည်ရှည်၊ ဝေးဝေးစဉ်းစား နေစရာ မလိုပါဘူး၊၊ စာတန်လို့ခေါ်တဲ့ နတ်ဆိုး၊ နတ်မိစ္ဆာ 

အဖျက်အင်အားစုများပင် ဖြစ်ပါတယ်၊ နတ်ဆိုး နတ်မိစ္ဆာ အဖျက်အင်အားစုတွေဟာ ကျွန်တော်တို့ အလယ်မှာ 

အသက်ရှင်လှုပ်ရှားနေပြီး သူတို့ရဲ့ ပန်းတိုင်က ကျွန်တော်တို့ကို နှောင့်ယှက်ဖျက်ဆီးဖို့၊ ကျွန်တော်တို့လူသားတွေကို အသုံးချပြီး 

ဘုရားကို တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။

"တွေ့ကြုံရမည့် နှောင့်ယှက်မှုများ"

ခရစ်တော်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းအကြောင်းကို ကျမ်းစာထဲမှာ တွေ့ရတဲ့အတိုင်း၊ စုံစမ်းခြင်းနဲ့ ပတ်သက်ပြီး ယေဘုယျ 

အမှန်တရား အချို့ကို ဝေမျှလိုပါတယ်။

ပထမဦးဆုံး ကျွန်တော်တို့ နားလည်ထားရမယ့် အချက်က နှောင့်ယှက်ခြင်းရဲ့ မူလအရင်းအမြစ်ဟာ နတ်ဆိုးဖြစ်ပါတယ်။ 

ဘုရားမဟုတ်ပါဘူး၊ ရှင်ယာကုတ်က သူရဲ့ သြ၀ါဒစာ(၁း၁၃)မှာ "စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသူသည်၊ ငါ့အား ထာဝရဘုရား 

စုံစမ်းသွေးဆောင်လျက်နေသည် ဟုမဆိုစေနှင့်။ မကောင်းမှုသည် ဘုရားသခင်အား မသွေးဆောင်နိုင်၊ ထို့ပြင် ကိုယ်တော်တိုင် 

အဘယ်သူကိုမျှ စုံစမ်း သွေးဆောင်တော်မမူ" လို့ ဆိုထားပါတယ်။

ဒုတိယ သိထားသင့်တဲ့အချက်ကတော့ စုံစမ်းနှောင့်ယှက်ခြင်းတွေဟာ အပြစ် မဟုတ်ဘူး ဆိုတာပါပဲ။နှောင့်ယှက်ခြင်းကို 

ခုခံတွန်းလှန် ရပါမယ်။ နှောက်ယှက်ခြင်းခံရပြီလို့ သိတာနဲ့ စိတ်ဓါတ် ကျမသွားရပါဘူး။ နှောင့်ယှက်ခြင်းဟာ အပြစ်မဟုတ်၊ 

အပြစ်ဆိုတာ နှောင့်ယှက်ခြင်းကို အရှုံးပေးလိုက်ပြီး နတ်ဆိုးရဲ့ အလိုကို အမှန်တကယ် ပြုလုပ်လိုက်ခြင်းသာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ နှောင့်ယှက်ခြင်း မခံရတဲ့သူ ဘယ်သူမှမရှိဘူး၊ အားလုံးဟာ တစ်ချိန်မဟုတ် တစ်ချိန်(သို့) 

မကြာခဏဆိုသလိုပဲ နှောင့်ယှက်ခြင်း ခံရနေရမှာသာ ဖြစ်ပါတယ်။ တကယ်တန်းပြောရရင်တော့ နေ့စဉ် ကျွန်တော်တို့ 

ရွေးချယ်လုပ်ကိုင်ရတဲ့ အမှုတိုင်း၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ စုံစမ်းနှောင့်ယှက်ခြင်းတွေ ပါဝင်နေပြီး ဒါတွေကို 

ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့ နေကြပါတယ်။

စတုတ္ထအချက်ကတော့ နှောင့်ယှက်ခြင်းရဲ့ အင်အားဟာ လူသားရဲ့ လိုချင်တပ်မက်မှု ဆန္ဒထဲမှာ တွေ့ရပါတယ်။ 

(ရှင်ယာကုပ်၁း၁၄)မှာလည်း "လူသည် စုံစမ်းသွေးဆောင်ခြင်း ခံရသည်ဆိုသည်မှာ မိမိ၏ ဆိုးညစ်သော လိုအင်ဆန္ဒ ဆွဲဆောင်ရာ 

နောက်သို့ လိုက်ပါခြင်းပင် ဖြစ်သည်။ ထို လိုအင်ဆန္ဒသည် သန္ဓေယူကာ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ အပြစ်ဒုစရိုက် 

ကြီးပြင်းလာသောအခါ သေခြင်းကို မွေးဖွားလေ၏"လို့ သတိပေးထားပါတယ်။

ပဉ္စမနဲ့ အရေးကြီးဆုံး နားလည်ကျင့်သုံး ရမယ့် အချက်ကတော့ နှောင့်ယှက်ခြင်း ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲပြင်းထန်၊

ပြင်းထန် ထွက်ပေါက်ရှိပါတယ်။ မခုခံတွန်းလှန်နိုင်တဲ့ နှောင့်ယှက်ခြင်းမျိုးဆိုတာ မရှိနိုင်ဘူးဆိုတာပါပဲ။ (၁ကော၁၀း၁၃)မှာ 

"ထာဝရဘုရားသည် ကတိတည်တော်မူသောအရှင် ဖြစ်တော်မူသဖြင့် သင်တို့အား မိမိတို့ခံနိုင်သည်ထက်ပို၍ 

စုံစမ်းနှောင့်ယှက်ခြင်းကို ခံစေတော်မူလိမ့်မည် မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌လည်း ခံထမ်းနိုင်သော ခွန်အားကို 

ပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်"လို့ ဆိုကာ နှောင့်ယှက်ခြင်းကို 

တွန်းလှန်နိုင်မှာဖြစ်ကြောင်း တရားပေးထားပါတယ်။ ဒါဟာ (ဟေဗြဲ၎း၁၅)အတိုင်း လူသားတွေနည်းတူ စုံစမ်းသွေးဆောင်ခြင်း 

အမျိုးမျိုးကိုခံခဲ့ရတဲ့ ခရစ်တော်ဟာ ကျွန်တော်တို့ကို သေချာပေါက် ကူညီဖေးမမယ် ဆိုတာ သိစေတာပါပဲ။

"နတ်ဆိုး၏ ပရိယာယ်"

(၂ကော၂း၁၁)မှာ "ငါတို့သည် စာတန်၏ ပရိယာယ်များကို သိကြ၏။ သို့မှသာ ငါတို့ အပေါ်အနိုင် မရစေရန် 

တားဆီးနိုင်ပေမည်"လို့ ဆိုထားပါတယ်။ သမ္မာကျမ်းစာမှာ ပါရှိတဲ့အတိုင်း ခရစ်တော်အပေါ် စာတန်နတ်ဆိုးရဲ့ တိုက်ကွက် 

ပရိယာယ်နဲ့ နတ်ဆိုးကို ဘယ်လို အောင်နိုင် လိုက်သလဲဆိုတာကို သိရှိပါတယ်။ ခရစ်တော် နှောင့်ယှက်ခြင်းခံရတဲ့ အချိန်က 

ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်း ဗတ္တိဇံမင်္ဂလာခံပြီးစ အချိန်၊ ခမည်းတော်ဘုရားက သားတော်ရဲ့ သာသနာလုပ်ငန်း၊ ကယ်တင်ခြင်း 

လုပ်ငန်းတော်ကြီးအတွက် အသိအမှတ်ပြုကာ သူချစ်မြတ်နိုးရတဲ့ သားတော်အဖြစ် သက်သေခံပေးထားလို့ ခံယူချက်တွေအပြည့်နဲ့ 

စိတ်အားထက်သန်နေတဲ့ အချိန်၊ ရက်(၄၀)ပတ်လုံး အစာရေစာရှောင်ကာ ဥပုသ်စောင့်ပြီးစမို့ ၀ိညာဉ်ခွန်အားတွေနဲ့ 

ပြည့်ဝအားတက်နေတဲ့အချိန် ဖြစ်ပါတယ်၊၊ ဆိုလိုတာက ခရစ်တော် စုံစမ်းနှောင့်ယှက်ခြင်း ခံရတဲ့အချိန်ဟာ သူ့ဘ၀မှာ 

ဘုရားတရားနဲ့ ပြည့်ဝနေလို့ အကောင်းဆုံး၊ ၀မ်းအသာဆုံး၊ အဆင့်မြင့်ဆုံး အထွတ်အထိပ်ရှိချိန် ဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ 

ဒီအချိန်မှာပဲ နတ်ဆိုးက လာပြီး "အရှင်သည် ထာဝရဘုရား၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို မုန့်ဖြစ်လာစေရန် 

အမိန့်ပေးတော်မူပါ"လို့ နှောင့်ယှက်လာပါတယ်။

ဆေးကြောခြင်းမင်္ဂလာခံစဉ်က ထာဝရ ဘုရားရဲ့သားတော်ဖြစ်တယ်လို့ ခမည်းတော်ဘုရား သက်သေခံတဲ့အတိုင်း၊ ခရစ်တော်ဟာ 

အမှန်တကယ်ပဲ သားတော်ဘုရား ဖြစ်တယ်။ ဒီအမှန်တရားနဲ့ပဲ နတ်ဆိုးက ခရစ်တော်ကို နှောင့်ယှက်ခဲ့ပါတယ်၊ ခရစ်တော်က 

သာမန်ပဲ ဆိုရင်တော့ ဒီလိုနှောင့်ယှက်ခြင်းမျိုးရှိမှာ မဟုတ်ပါဘူး။ ဒီလိုသဘောတရားအရ ကျွန်တော်တို့ရဲ့ အားသန်တဲ့အချက်၊ 

ခံယူချက်ပြည့်ဝတယ် ဆိုတဲ့အရာ၊ ငါကတော့ ဒီလိုလူစားမျိုးမဟုတ်ဘူး၊ ဒါမျိုး ဘယ်တော့မှ ငါမလုပ်ဘူးဆိုတဲ့ သဘောထားမျိုး 

စတဲ့အားကောင်းတယ်ဆိုတဲ့ အရာမျိုးမှာ နှောင့်ယှက်ခံရတာဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်အပေါ်ကို နတ်ဆိုးက 

အခွင့်ကောင်းယူပြီး နှောင့်ယှက်တာထက်၊ ပိုကြောက်စရာ ကောင်းပါတယ် ပိုပြီး အထိနာ တတ်ပါတယ်။

ကျွန်တော်တို့ ဘုရားတရားအားကောင်းနေတယ်၊ ကြည်ညိုနေတယ်ဆိုပြီး အားရကာ ဂုဏ်ယူနေရင်တော့ မိမိကိုယ်ကို 

ကျေနပ်အားရလို့ အောက်ခြေလွတ်ပြီး အောက်ပြန်ကျ တတ်ပါတယ်။ ဥပမာ-ဥပုသ်နေ့တိုင်း ဘုရားကျောင်း ကန်သွားလို့ 

သူတစ်ပါးက စံနမူနာယူစရာလို့ မိမိကိုယ်ကို ထင်နေတတ်ပေမယ့် မေတ္တာတရားနဲ့ တရားမျှတမှု ကင်းမဲ့ နေတတ်ပါတယ်။

ဒါတွေက လူသားအားသန်ချက်၊ ခံယူချက်ကိုအသုံးပြုပြီး နတ်ဆိုးကမသိလိုက်၊ မသိဖာသာ နှောင့်ယှက်တဲ့ နတ်ဆိုးရဲ့ 

ပရိယာယ်တိုက်ကွက် တစ်ခု ဖြစ်ပါတယ်။

နတ်ဆိုးဟာ သိကြားပျက်မို့လို့ အလွန်လိမ္မာပါးနပ်တဲ့အတွက် သတိထားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က ၀ိညာဉ်ခွန်အား အရှိဆုံး၊

ဘုရားတရား ကြည်ညိုမှု အကောင်းဆုံးအချိန်ဆိုပြီး မကြွေးကြော်ဘဲ၊ နှိမ့်ချစွာနဲ့နေကာ နတ်ဆိုးရဲ့ တိုက်ကွက်ပရိယာယ်ကို 

အမြဲတမ်းစောင့် ကြည့်ရပါမယ်၊၊ ခရစ်တော်ကသူ့ရဲ့ ဘုရားတရား အကောင်းဆုံး၊ ခွန်အားအပြည့်ဆုံး အချိန် နတ်ဆိုးလာ 

နှောင့်ယှက်တဲ့အခါ၊ ဘယ်လိုများ ခုခံတိုက်ခိုက်ပြီး နတ်ဆိုးအပေါ် အောင်မြင်လိုက်ပါသလဲ၊ ဆိုတာကို ကြည့်ရင် အလွန်အင်မတန် 

လူတိုင်းလည်း လိုက်နာကျင့်သုံးနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အဲဒါကတော့ "ကျမ်းစာလာသည်။ ကျမ်းစာတော်တွင် ပါရှိသည်"လို့ 

ခရစ်တော်ဆိုခြင်းပါပဲ။ နတ်ဆိုး နှောင့်ယှက်တဲ့အခါတိုင်းမှာ ခရစ်တော်ဟာ ကျမ်းစာ (ဓမ္မဟောင်းကျမ်းစာ)က ကျမ်းပိုဒ်တွေကို 

ကိုးကားပြီး ပြန်လည်ချေပကာ နတ်ဆိုးကိုအနိုင်ယူ ချေမှုန်းခဲ့ပါတယ်။ ပထမနှောင့်ယှက်ခြင်းမှာတော့ နတ်ဆိုးက ခရစ်တော်ရဲ့ 

အားနည်းမှုလို့ ဆိုနိုင်တဲ့ ရက်(၄၀)အစာရှောင်ဆုတောင်း အပြီး၊ ဆာလောင်နေတာကို သူရဲ့ နည်းပရိယာယ် တိုက်ကွက်အဖြစ် 

အားနည်းချက်ကို အခွင့်ကောင်းယူကာ "ဘုရားသားတော်မှန်ရင် ဒီကျောက်ခဲတွေကို စားစရာဖြစ်လာစေရန် အမိန့်ပေးပါလို့" 

ဆိုခဲ့ပါတယ်။ ဆာလောင်မွတ်သိပ်နေတဲ့ အချိန်မှာ အစားအသောက်နဲ့ နှောင့်ယှက်ပါတယ်။ ဒါနဲ့ ခရစ်တော်က "လူသည် 

မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်၊၊ ထာဝရဘုရား၏ နှုတ်တော်ထွက်စကားအားဖြင့် အသက်ရှင်ရမည်ဟု ကျမ်းစာလာ၏"လို့ 

မိန့်တော်မူခဲ့ပါတယ်။ ဒုတိယနဲ့ တတိယနှောင့်ယှက်ခြင်းများမှာလည်း ခရစ်တော်က ကျမ်းစကားကို အသုံးပြုကာ အသက်ရှင် 

နေထိုင်ပြခဲ့လို့၊ နောက်ဆုံး နတ်ဆိုးဟာ ခရစ်တော်ထံက ဆုတ်ခွာသွားခဲ့ရပါတယ်။ "ကျမ်းစာလာသည်။ ကျမ်းစာတော်၌ 

ပါရှိသည်"ဆိုတဲ့ အဓိပ္ပါယ်က ဘုရားရှင်ရဲ့ နှုတ်ကပတ်တရားတော် သမ္မာကျမ်းစာဟာ၊ ကျွန်တော်တို့ရဲ့ ဘ၀အသက်တာမှာ နေထိုင် 

လိုက်ကျင့်ကာ အသက်ရှင်ဖို့ ထာဝစဉ်တည်မြဲတဲ့၊ ပြောင်းလဲမှုမရှိတဲ့ လမ်းညွှန်ဥပဒေဖြစ်တယ်၊ ခေတ်အဆက်ဆက် မှန်ကန် 

သင့်လျော်နေတယ်၊ သမ္မာကျမ်းစာနဲ့ အသက်ရှင်ကြပါလို့ နှိုးဆော်နေတာပါပဲ။ ဒီတော့ဘုရားရဲ့ နှုတ်ကပတ်တော်ကျမ်းစာဟာ 

ဘုရားရှင်ရဲ့ အလိုတော်အတိုင်း ပြုကျင့်၊ နေထိုင်ရေးနဲ့ နတ်ဆိုးကို နှိမ်နင်း အောင်မြင်ဖို့ အဓိကလက်နက်တစ်ခု၊ 

ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အဓိက ကဏ္ဍတစ်ခုအဖြစ် အရေးကြီးလှပါတယ်။

"နှောင့်ယှက်ခြင်းများကို ခုခံ တွန်းလှန်နည်းများ"

ခြုံပြီးပြောရရင်တော့ နှောင့်ယှက်ခြင်းကို ခုခံတွန်းလှန်ဖို့ အောက်ပါနည်းလမ်းများကို အသုံးပြုရပါမယ်။ ကျွန်တော်တို့ရဲ့ ရန်သူ 

နတ်ဆိုးဟာ လိမ္မာပါးနပ် ကောက်ကျစ်ပြီး ကျွန်တော်တို့ဆီကို အချိန်မရွေး နှောင့်ယှက်နိုင်တယ်ဆိုတာကို သိရှိ 

လက်ခံထားရပါမယ်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် မိမိဘ၀မှာ လက်ခံထားလို့ ဘုရားတရားရှိလို့ နှောင့်ယှက်ခြင်းတွေ 

မရှိတော့ဘူး၊ မလာတော့ဘူးလို့ ထင်ရင် လုံးဝ မှားပါလိမ့်မယ်၊ ကျွန်တော်တို့ဟာ နတ်ဆိုးရဲ့ ဦးတည်ချက်၊ ပစ်မှတ်ဖြစ်ပါတယ်၊၊ 

ရှင်ပေတရူးက "သတိနှင့် စောင့်နေကြလော့၊ သင်တို့၏ ရန်သူ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့၊ အဘယ်သူကို 

ဝါးမျိုရမည်နည်းဟု လှည့်လည် ရှာဖွေလျက်ရှိသည်"လို့ သတိပေးထားပါတယ်၊၊ အဆင်သင့်ပြင်၊ ကြိုတင်တွက်ထားမှသာ 

တကယ်လာရင် သိပြီး ခုခံနိုင်ပါလိမ့်မယ်။ နတ်ဆိုးရဲ့ ပရိယာယ်နဲ့တိုက်ကွက်ကို သတိထားရပါမယ်၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို 

ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရပါမယ်၊၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးက ရန်သူ၊ နတ်ဆိုးတိုက်ခိုက်တဲ့ နေရာဖြစ်လို့ သူ့ရဲ့ 

လွမ်းမိုးမှုမခံရအောင် ကာကွယ်ရပါမယ်။ (၂ကော ၁၁း၃) မှာ "ဧ၀သည် မြွေ၏ ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စား ခံရသကဲ့သို့ 

သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အား အကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကို စွန့်လွှတ်လိုက်ကြမည်လောဟု 

ငါစိုးရိမ်၏"လို့ ရှင်ပေါလူးက စိတ်နှလုံး လမ်းလွဲမသွားစေဖို့ သတိပေးထားပါတယ်။ (ပေ ၁း၁၃) မှာလည်း ရှင်ပေတရူးက 

"သင်တို့သည် နိုးကြား၍ သမ္မာသတိ ရှိကြလော့။ မသိ နားမလည်စဉ်အခါက မိမိတို့၏ စိတ်ဆန္ဒရှိသည့်တိုင်း ပြုကျင့်သကဲ့သို့ 

ဆက်လက်၍ မပြုကျင့်ကြနှင့်။ ခရစ်တော် ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို ဇဝေဇ၀က် စိတ်မရှိဘဲ 

စောင့်မျှော်၍ နေကြလော့"လို့ နှိုးဆော်ပါတယ်။ နောက်တစ်ချက်ကတော့ လူသားပီပီ အပြစ်ဖက်ကို အလိုလို ယိမ်းယိုင်မှု၊ 

အသွေးအသားနဲ့ ဖွဲ့စည်းထားလို့ ကျွန်တော်တို့ရဲ့ အားနည်းမှု၊ ကန့်သတ်ချက်ရှိမှုတို့ကို သိရှိ နားလည်ထားရပါမယ်။

ငါဟာ နှောင့်ယှက်ခြင်းနဲ့ ကင်းလွတ်တယ်လို့ အထင်ရှိခြင်းဟာ နှောင့်ယှက်ခြင်းထဲကျဖို့ အလွယ်ကူဆုံး ဖြစ်ပါတယ်။ (၁ကော 

၁၀း၁၂)မှာ "မိမိကိုယ်ကိုမိမိ ဖြောင့်မတ်တည် ကြည်သည်ဟု ထင်သောသူသည် မယိုင်မလဲစေရန် သတိပြုလော့"လို့ ရှင်ပေါလူး 

သတိပေး ထားပါတယ်။ မိမိရဲ့ အားနည်းချက်နဲ့ ကန့်သတ်ချက်ကို သိမထားရင် နှောင့်ယှက်ခြင်း ရှောင်နိုင်ဖို့ လုံလောက်တဲ့ 

ကြိုတင်သတိထား ပြင်ဆင်မှုကို ဘယ်တော့မှ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ အားနည်းချက်သိထားရင် အပြစ်ထဲကို ပို့ဆောင် 

ကျဆင်းစေမဲ့နေရာနဲ့ အခြေနေမျိုးကနေ ဝေးဝေး ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ဘုရားသခင်ရဲ့ 

ကူညီစောင်မခြင်း ကျေးဇူးတော်ကို အမှီပြုဖို့ ဖြစ်ပါတယ်။ (ဧဖက်သြ၀ဒစာ ၆း၁၁-၁၈)မှာ စာတန်ရဲ့ပရိယာယ်များကို 

ခုခံကာကွယ်နိုင်ဖို့ရန် ထာဝဘုရားရဲ့ လက်နက်စုံဖြစ်တဲ့ သစ္စာတရား၊သမ္မာသတိ၊ယုံကြည်ခြင်း၊ကယ်တင်ခြင်းတို့ကို ကိုင်ဆွဲဖို့နဲ့ 

နှုတ်ကပတ်တော်ဆိုတဲ့ သမ္မာကျမ်းစာ ဓါးကို ကိုင်ဆွဲဖို့ နှိုးဆော်ထားပါတယ်၊ အထူးသဖြင့် "သင်တို့အား ကူညီစောင်မတော်မူရန် 

ဘုရားရှင်အား အစဉ်အမြဲ ဆုတောင်းကြလော့၊ ၀ိညာဉ်တော် ညွှန်ကြားတော်မူသည့် အတိုင်း အခါခပ်သိမ်း ဆုတောင်းကြလော့"လို့ 

တိုက်တွန်းထားပါတယ်၊၊ "ဘုရားသခင်မတတ် နိုင်တဲ့အရာ ဘာမှမရှိလို့" (ရှင်လုကာ ၁း၁၇)မှာ ဆိုသလိုမျိုး၊ ရှင်ပေါလူးလည်း 

(ဖိလိပိ၎း၁၃)မှာ "ခရစ်တော်ထံမှရရှိသည့် ခွန်အား၊ ကျေးဇူးတော်အားဖြင့် ငါသည် မည်သည့် အခြေအနေမျိုးကိုမဆိုရင် 

ဆိုင်နိုင်သော ခွန်အားရှိ၏"လို့ ကြွေးကြော်စေနိုင်တာ ကျွန်တော်တို့အတွက် သင်ခန်းစာပင် ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့အားလုံး နတ်ဆိုးကို နိုင်နင်းကာ၊ အောင်ပွဲခံရပါလိမ့်မယ်။ (၁ကော၁၀း၁၂၊၁၃)မှာ သင်တို့ 

တွေ့ကြုံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းများဟာ လူအပေါင်းတို့ တွေ့ကြုံနေကျ သာမန် စုံစမ်း နှောင့်ယှက်ခြင်းများသာဖြစ်တယ်။ 

ထာဝရ ဘုရားဟာကတိတည်တော်မူတဲ့ အရှင် ဖြစ်လို့ သင်တို့အားနဲ့ ခံနိုင်တာထက်ပိုပြီး၊ စုံစမ်းနှောင့်ယှက်ခြင်းကို ခံစေတော်မူမှာ 

မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဘုရားသခင်က (ဗျာဒိတ်၁၂း၁၁)မ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်မှာ လိုအပ်တဲ့ ခွန်အားကိုပေးပြီး၊ 

လွတ်မြောက်ရန် လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။ ကျမ်းစာမှာတော့ ဘုရားရဲ့လူမျိုးတော်ဟာ စာတန် မာရ်နတ်ကို အောင်ပွဲခံတဲ့ 

အကြောင်းဖတ်ရပါတယ်။ (ယာကုတ်၎း၇)မှာလည်း "စာတန်မာရ်နတ်ကို ခုခံ တိုက်ခိုက်ကြလော့၊ သို့ပြုလျှင် သူသည် သင်တို့ထံမှ 

ထွက်ပြေးလိမ့်မည်"လို့ ဆိုထားပါတယ်။ စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်နိုင်သူများ ဖြစ်ကြပါစို့။

                                                                                                                             ဘုန်းတော်ကြီးတစ်ပါး