Monday, 9 September 2013

ခြင်္သေ့ ဆုတောင်းသံ

အမေရိကန် သာသနာပြု ဆရကြီး ဂျောခ်ျ ဟာ တောင်အာဖရိက နိုင်ငံ လူသူ အရောက်အပေါက် နည်းတဲ့ တောရွာ တွေဆီ သွားပြီး ဧဝံဂေလိ ဟောနေပါတယ်၊
တစ်ခုသော ညနေခင်းမှာ ဆရာကြီးဟာ တောအုပ်တစ်ခုကို ဖြတ်ပြီး ရွာတစ်ရွာကို သွားနေတုံး ဗြုန်းဆို တောထဲက ခြင်္သေ့တစ်ကောင် ထွက်လာပြီး သူ့ကို ခုန်အုပ်ဖို့ ဟန်ပြင်တာကို တွေ့လိုက်ရပါတယ်၊ ဆရာကြီးလဲ ရုတ်တရက်ဆိုတော့ အရမ်းလန့်သွား တာပေါ့၊ ဒါပေမဲ့ အသက်အရွယ်နဲ့ အတွေ့ကြုံအရ တည်တည် ငြိမ်ငြိမ်နဲ့ စိတ်ကို ထိန်းနိုင်ခဲ့ တယ်၊ ဒုက္ခ ရောက် ချိန်မှာ ဘုရားသခင်ကို ခေါ်ပါလို့ သူကိုယ်တိုင် လူ တော်တော် များ များ ကို တရားဟော ခဲ့ပေါင်း မနည်း တော့ပြီ မို့ ဘုရားသခင် သူ့ကို ကယ်ဖို့ နေရာမှာတင် ဒူးထောက် ချလိုက်ပြီး ဆုတောင်းဖို့ လက်အုပ် ချီလိုက်တယ်၊
တကယ့်ကို အံ့သြစရာ ပါဘဲ၊ သူက လက်အုပ်ချီ ဆုတောင်း ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူ့ကို ခုန်အုပ်ဖို့ မာန်ဖီ နေတဲ့ သားရဲ တိရစ္ဆာန် ခြင်္သေ့ကြီးလဲ သူ့ရှေ့မှာ သူ့လို ဒူးထောက်ပြီး လက်အုပ်ချီ ခေါင်းငုံ့ ဆုတောင်း နေတာကို တွေ့လိုက်ရတယ်၊
ဆရာကြီးဟာ ဝမ်းသာအားရနဲ့ “ဟာလေလုယာ” လို့ထအော်ပြီး “အိုး - ဘုရားသခင်၊ တောဘုရင် သားရဲတိရစ္ဆာန် ခြင်္သေ့ကြီးလဲ နှလုံးသား ပြောင်းလဲ နောင်တရပြီး အသစ်သော သတ္တဝါအဖြစ်နဲ့ ခရစ်တော်ကို ခေါ်ဖိတ် လက်ခံဖို့ ဆုတောင်းနေတဲ့အတွက် ကျေးဇူးတော် ချီးမွမ်းပါတယ် ” လို့ ပြောလိုက်သတဲ့၊
အဲဒီအချိန်မှာ ခြင်္သေ့ကြီးက “ဟဲ့ - သောက်ရူး၊ ငါက နင်တို့ လူတွေလို နောင်တရ ရအောင် အရက်သောက်၊ ဖဲ ရိုက်၊ မြှားမပွေ၊ မတရား စီးပွား ရှာတဲ့သူ မဟုတ်ဘူးကွ၊ ရိုးရိုးသားသား တောထဲမှာ ဘုရားကျွေးတာ စားနေတဲ့ သူကွ၊ အခု အစာ မစားရတာ တပါတ်လောက်ရှိလို့ ဗိုက်အရမ်းဆာနေတာနဲ့ ဘုရားသခင် ဆီမှာ ဆုတောင်းနေတာကြာပြီ၊ အခုတော့ ငါ့အတွက်ညစာက ငါ့ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အပြင် ငါ့ရဲ့သားကောင်ဖြစ်တဲ့ နင်ကိုယ်တိုင် လိုလိုလားလား ဒူးထောက်အစားခံလို့ ညစာ ချကျွေးတဲ့ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းဆုတောင်းနေတာကွ” လို့ အော်ကြီးဟစ်ကျယ် ဟိန်းဟောက်ပြီး ပြန်ပြောလိုက်သတဲ့၊ ၊

No comments:

Post a Comment