Monday, 26 August 2013

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ (၄)


၇။ သိကြား ရဟန္တာ သူတော်သူမြတ်များ
    ရဟန္တာ သူတော်သူမြတ် အပေါင်းတို့သည် မိမိတို့ ရောက်ရှိနေသော ထာဝရ သုခချမ်းသာတော်မှ နေ၍ အသက်ရှင် ကျန်ရစ်သူ ကမ္ဘာမြေသား ဘုရားဖူး သူတော်စင်များ အဖို့ ထာဝရဘုရားထံတော်မြတ်မှ နေ၍ ဆုတောင်းပေးကြ၏။ ကူညီကြ၏။ သုခ ချမ်းသာတော်တွင် သူတော်စင် အပေါင်းတို့သည် အနန္တ အရှင် ထာဝရဘုရားသခင်နှင့် သာမက ဘုရား မယ်တော်၊ သိကြား၊ ရဟန္တာများနှင့် အတူ ရှိကြ၏။ ဤကဲ့သို့ သေသူ၊ ရှင်သူများနှင့် ရဟန္တာ အပေါင်းတို့၏ အချင်းချင်း အကျိုး ကုသိုလ်မျှဝေ ခံစားကြခြင်းကို ကက်သလစ် ဘာသာစကားဖြင့် “ရဟန္တာ သူတော်သူမြတ်အပေါင်း တို့သည် တစ်လုံး တစ်ဝတည်း ရှိ၍၊ အချင်းချင်း အကျိုး ကုသိုလ် ခံစားကြခြင်း”ဟု ခေါ်ဆိုပါသည်။

    သိကြား ရဟန္တာများအား ကြည်ညို သဒ္ဒါပွားခြင်းများတွင် ဘုရားမယ်တော် ကညာစင်မာရီယားအား ကြည်ညိုခြင်းသည် အထူး ထင်ရှားပေသည်။ ဘုရားမယ်တော်ဟူသည် ထာဝရ အရှင် ခရစ်တော်ဘုရား လူအဖြစ်တော်ဖြင့် ကြွလာတော်မူစဉ်က ၀မ်းတော်၌ လွယ်ပိုက်၍ မွေးဖွား သန့်စင်ပေးခဲ့သည့် လူသားမိခင် ကညာစင်ပင် ဖြစ်၏။

၈။ ဘုရားမယ်တော်
    ကက်သလစ်ဘာသာက ဘုရားမယ်တော် မာရီယားအား မကိုးကွယ်ပါ။ ကက်သလစ် ဘာသာတွင် တစ်ဆူတည်းသော ဘုရားအားသာလျှင် ကိုးကွယ်ပါသည်။ ကက်သလစ် ခရစ်ယာန်များက မယ်တော်အား ယေရှု (ယေဇူး) ခရစ်တော်ဘုရား၏ မယ်တော်အဖြစ် ရိုသေကြသည်။ ကြည်ညို လေးစားကြသည်။ သို့သော် ဘုရားအမှတ်ဖြင့် မကိုးကွယ်ကြပါ။

    မယ်တော်မာရီယားသည် သူသူငါငါကဲ့သို့ လူသားတစ်ဦး ဖြစ်ပေသော်လည်း ယေဇူးဘုရား၏ မိခင် ဖြစ်ခွင့် ရခဲ့ပါလျှင်၊ သူမသည် ပညာ၊ သီလ၊ သမာဓိနှင့် ပြည့်စုံသော မိန်းမမြတ်တစ်ဦးဖြစ်မှာ မလွဲပါပေ။ ဘုရား၊ တရားနှင့် ပညာ၊ သီလ၊ သမာဓိရှိသူ မာရီယားသည် လူသား အပေါင်းတို့က စံပြု အတုယူထိုက်သူ မိခင်တစ်ဦးလည်း ဖြစ်ပါသည်။

    ကက်သလစ်ဘာသာ သမိုင်းတစ်လျှောက်တွင် မယ်တော်မာရီယားအား ယေဇူးဘုရား၏ မယ်တော်၊ ဘုရား မယ်တော်၊ ဧ၀ အသစ်၊ ကညာစင်မယ်တော်၊ ကောင်းကင်ဘုံဘုရင်မ၊ သာသနာတော်၏ မိခင်၊ လူအပေါင်းအား မှိုင်းမတော်မူသော အရှင်မ စသည့် ဘွဲ့နာမတော်များ ဆက်ကပ်၍ ကြည်ညို လေးစားကြ၏။ ပွဲတော်များ သတ်မှတ်၍ နှစ်စဉ် ကျင်းပကြ၏။ သို့သော် မယ်တော်အား  ဘုရားအဖြစ် မည်သည့် အခါကမှ မချီးမြှောက်ခဲ့ပါ။

    ကက်သလစ် ခရစ်ယာန်ဘာသာက ယေဇူး ခရစ်တော်၊ သိကြား၊ ရဟန္တာများနှင့် မယ်တော် မာရိယားတို့သည် လူသားများအား ရံဖန်ရံခါ ရူပါရုံ အထင်အရှား ပြလေ့ရှိကြောင်း ယုံကြည် လက်ခံ၏။ ထို့ကြောင့် ကက်သလစ် ခရစ်ယာန်အမြောက်အများ သွားရောက်လေ့ ရှိသည့် မယ်တော် ရူပါရုံပြခဲ့သော နေရာများအနက် တူရကီနိုင်ငံ အေဖက်ဆုမြို့၊ ပေါ်တူဂီနိုင်ငံ ဖာတီမာမြို့၊ ပြင်သစ်နိုင်ငံ လူဒယ်မြို့များမှာ အထူး ထင်ရှားပါသည်။   

၉။ ခန္ဓာကိုယ် ရှင်ပြန် ထမြောက်ခြင်း
    ထာဝရ သုခတော်ဟု ဆိုရာတွင် နောက်ဆုံးသောနေ့၌ “ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့် အကြောင်း” လည်း ပါဝင်၏။ အဓိပ္ပါယ်မှာ လူသည် အသက် သေပြီးသည့်နောက် သူ၏ ၀ိညာဉ် သာမက၊ သူ၏ ခန္ဓာကိုယ်သည်လည်း ၀ိညာဉ်နှင့် ပြန်လည် ပေါင်းစပ်ခွင့်ရကာ ထာဝရအ သက်ရှင်မည့် အကြောင်းဖြစ်၏။

    လူ့ခန္ဓာကိုယ် တစ်နည်းအားဖြင့် လူ့အသားသည် ပုပ်စပ်ခြင်း၊ ပျက်စီးခြင်း၊ သေဆုံးခြင်း၊ ပျောက်ကွယ်ခြင်း သဘောတရားရှိ၏။ ကိုယ်ခန္ဓာ ရှင်ပြန် ထမြောက်ခြင်းဟု ဆိုသော အခါ ထိုခန္ဓာကိုယ်သည် သေဆုံးသွားသော်ငြားလည်း တစ်နေ့သောအခါတွင် ရှင်ပြန် ထမြောက်လိမ့်မည်ဖြစ်၏။

    ခန္ဓာနှင့်တကွ ရှင်ပြန် ထမြောက်ရမည့် အကြောင်းကို ယုံကြည်ရခြင်းသည် ယေဇူးဘုရားရှင်၏ ဘုန်းတော်နှင့် ရှင်ပြန် ထမြောက်ခြင်းကို ယုံကြည်ခြင်းတွင် အခြေခံ ပါသည်။ ယေဇူးဘုရားသည် လက်ဝါးကားတိုင်ပေါ်မှာ အသက်တော် စွန့်တော်မူခဲ့၏။ ကျောက်ဂူတွင်း၌ မြှုပ်နှံ သင်္ဂြုံလ်ခြင်းကို ခံတော်မူခဲ့၏။ သို့သော် သုံးရက်မြောက်သောနေ့တွင် ကျောက်ဂူ သင်္ချိုင်းတော်သည် အလောင်းတော်မဲ့ကာ ဟာလာ ဟင်းလင်းပွင့် ကျန်ရစ်၏။ ကိုယ်တော်ကို အသက်ရှင်လျက် တစ်ဖန် ဖူးမျှော်ခဲ့ကြရသော နောက်တော်လိုက် တပည့်အပေါင်းက ကိုယ်တော်သည် သေခြင်းကို ဖြို ခွင်း အောင်မြင်တော်မူလျက် ဘုန်းတော်နှင့် ရှင်ပြန် ထမြောက်တော်မူကြောင်း မျက်မြင် သက်သေများအဖြစ် ယုံကြည် ၀န်ခံကြလျက် ဟောပြော သွန်သင်ခဲ့ကြ၏။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များက ကွယ်လွန်သူတို့သည် ယေဇူး ခရစ်တော်နည်းတူ နောက်ဆုံးသော နေ့ရက်တွင် ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ကြ၏။ လူသည် သေဆုံးသောအခါ သူ၏ ခန္ဓာမှာ ပုပ်သိုး ဆွေးမြေ့သွား၏။ သူ၏ ဇီဝ ၀ိညာဉ်မူကား အသက်ဆက် ရှင်၏။ ကမ္ဘာကုန်သောနေ့၌ မူကား ထာဝရ အရှင်ဘုရား ကိုယ်တော်မြတ်သည် သူတို့၏ ခန္ဓာကိုယ်ကို ထမြောက်စေတော်မူပြီးလျှင် ဘုန်းတော်ပွင့်သော ခန္ဓာ (Glorious or Spiritual Bodies) အဖြစ်သို့ ပြောင်းပေးတော်မူလိမ့်မည်။

    လူ့ စဉ်းစားဥာဏ်စွမ်းနှင့် နားမလည်နိုင်၊ မစဉ်းစားနိုင်ပါသော်လည်း ယေဇူးဘုရား၏ ရှင်ပြန် ထမြောက်တော်မူခြင်းနှင့် ဘုရား ဘုန်းအာနုဘော်တော်ကို အကြွင်းမဲ့ ယုံကြည်ခြင်းအားဖြင့် လက်ခံနိုင်ကြ၏။ 

    နောက်ဆုံးနေ့တွင် ကိုယ်ခန္ဓာ ရှင်ပြန် ထမြောက်ရခွင့် ရနိုင်ရန် ယေဇူးဘုရား၏ တရား အဆုံး အမအောက်၌ စွဲမြဲစွာ နေထိုင် အသက်ရှင်ဖို့၊ မိမိ၏ အပြစ်များအတွက် သံဝေဂတရား၌ ခွင့်လွှတ်ခြင်း ခံယူဖို့ လို၏။

၁၀။ ယေရှု (ယေဇူး) ခရစ်တော်ဘုရား ဒုတိယအကြိမ် ကြွလာတော်မူခြင်း။
    ယေဇူး ကိုယ်တော်မြတ်သည် သိကြား ရဟန္တာများခြံရံလျက် ဘုရားအဖြစ်တော်၊ ဘုရားဘုန်းတော်ဖြင့် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်း၊ ထိုအချိန် ကျရောက်သော် ရှင်သူ သေသူ အပေါင်းတို့သည် ကိုယ်တော်မြတ် ရှေ့မှောက်တွင် စုရုံးရောက်ရှိ လာကြ၍ သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့ထံမှ ခွဲ၍ မိမိ၏ လက်ယာဖက်သို့၊ ဆိတ်တို့ကိုမူကား လက်ဝဲဖက်သို့ ခွဲခြားသည့်နည်းတူ သူတို့ ပြုခဲ့ကြသော ကုသိုလ်၊ အကုသိုလ်များ အလျောက် ထာဝရသုခ ချမ်းသာတော်နှင့် ထာဝရ ပျက်စီး ဆုံးရှုံးခြင်းသို့ ရောက်ကြရမည့် အကြောင်း၊ ကိုယ်တော်ရှင်သည် အပြစ် ဒုစရိုက် တရားကြီးနှင့် သေခြင်းတရားကို အောင်မြင်တော်မူလျက် ဧမှန် အမှန် ရှင်ပြန် ထမြောက်တော်မူပြီး ထာဝရ အသက်ရှင်တော်မူသည့် နည်းတူ ကျက်သရေ မင်္ဂလာရှိစွာ သေဆုံး သွားကြကုန်သော ဖြူစင်ဖြောင့်မတ်သော သူတော်စင် အပေါင်းတို့သည်လည်း ယေဇူး ကိုယ်တော်၏ ဘုန်းတော်၌ ရှင်ပြန် ထမြောက်ကြလျက် ထာဝရ အသက်ရှင်ကြမည့် အကြောင်းတို့ကို ခရစ်ယာန်ဘာသာက တရားပြပါသည်။

    ယေဇူး ခရစ်တော်ဘုရားသည် ကမ္ဘာကုန်လျှင် ဘုရား ဘုန်းတော်ဖြင့် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်းကိုလည်း ယုံကြည်ကြ၏။ ထို နောက်ဆုံးသော အချိန်နာရီကိုမူ ဘုရားမှ တပါး မည်သည့် လူသားတစ်ဦး တစ်ယောက်မှ မသိနိုင်ပါချေ။ ယေဇူး ကိုယ်တော်သည် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်းကိုလည်း ခရစ်ယာန်များက ယုံကြည်စွာ စောင့်မျှော်ကြ၏။ ဒုတိယအကြိမ် ကြွလာတော်မူရာတွင် ပထမအကြိမ် ကြွလာတော်မူခြင်းကဲ့သို့ လူ့အဖြစ်နှင့် နိမ့်ကျစွာ မဟုတ်ဘဲ၊ ဘုန်းတော် ဂုဏ်တော်ရှင် ဘုရားအဖြစ်တော်နှင့် ကြွလာမည်ဟု ယုံကြည်ကြ၏။

၁၁။ သမ္မာကျမ်းစာတော်မြတ်
    ဘုရား ဗျာဒိတ်တော် အစုံစုံအား ပေထက် အက္ခရာတင်ထားသော စာအုပ်တော်ကို ကျမ်းစာအုပ် ဟု ခရစ်ယာန်များက ခေါ်ပါသည်။ သမ္မာကျမ်းစာ၊ ဓမ္မကျမ်းစာဟုလည်း ခေါ်ပါသည်။ လူသားတိုင်း အမှီ သဟဲပြုရာ၊ အကိုးအကား ပြုရာ၊ ခိုလှုံရာ ဖြစ်ခြင်းကြောင့်  ကျမ်းစာတော်သည် သန့်စင် မြင့်မြတ်သော ကျမ်းဖြစ်၏။ ကျမ်းစာပါ တရားများသည် ဘုရားရှင်၏ တရားတော် အစုစုနှင့် ယေဇူးဘုရား၏ သက်တော်စဉ် ဖြစ်တာကြောင့်လည်း ခရစ်ယာန်များက ဘုရား နှုတ်ကပါတ်တော်၊ ဘုရား နှုတ်တော်ထွက် စကား (တရားတော်)ဟု ခေါ်ဆိုပါသည်။ သမ္မာ ကျမ်းစာတော်မြတ်သည် လူသားတို့ အတွက် လောကီ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာ ရစေရာ တရားတော်မြတ်ဖြစ်ခြင်းကြောင့်၊ ကျမ်းစာတော်ပါ အဆုံးအမများကို ကက်သလစ် ဘာသာဝင်များက ရိုကျိုး သဒ္ဓါကြီးမားစွာ ဖတ်ရှု ပွားများကြ၍၊ ယုံကြည် စိတ်ချစွာ ခိုလှုံ ကျင့်ကြံ ဆောက်တည် နေထိုင်ကြ၏။

၁၂။ ကက်သလစ်သာသနာ
    “ဘုရားနှင့် သက်ဆိုင်သော၊ တရားတော်နှင့် သက်ဆိုင်သော”ဟု အဓိပ္ပါယ်ရသော ရှေးခေတ် ဂရိတ် ဝေါဟာရ ကူရီရားကို့(စ်) (ku-ri-a-kos or ku-ri-a-kon) နှင့် လာတင်းဘာသာစကား ဝေါဟာရ “အက္က လေးဆီယား (ecclesia, ek-kalein in Greek) တို့ကို မြန်မာမှုပြု၍ ကက်သလစ်သာသနာ(Catholic Church) ဟု ခေါ်ဆိုပါသည်။

    ဘုရား ၀တ်ပြုရန်အတွက် သစ်၊ ၀ါး၊ သွတ်၊ သက်ငယ်၊ သံ၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးကိုမူ “ဘုရားရှိခိုးကျောင်း (church)”ဟု ခေါ်ပါသည်။

    ခရစ်ယာန် သာသနာသည် ယေဇူးခရစ်တော် ဘုရား၏ သန့်ရှင်းသော သာသနာတော် ဖြစ်တာကြောင့် “ခရစ်တော်၏ ခန္ဓာတော်”ဟူ၍ လည်းကောင်း၊ မိမိ၏ သိုးအုပ်ကို ရင်ခွင်ပိုက်ကာ ထိန်းသိမ်း စောင့်ရှောက်တတ်သော သိုးကျောင်းသားများကို အမှီပြုလျက် “သိုးခြံ”ဟု လည်းကောင်း၊ လယ်ယာ စိုက်ပျိုးခြင်းကို ပုံပြုလျက် “သာသနာ့ လယ်ကွင်း”ဟု လည်းကောင်း၊ အဆောက်အဦး ဗိသုကာ၏ ကြီးကျယ် ခန်းနားခြင်းဖြင့် ခိုင်းနှိုင်းလျက် “သာသနာ့ အဆောက်အဦး” ဟု လည်းကောင်း၊ မိသားစု၏ သွေးစည်းမှုကို ကိုးကားလျက် “အမိသာသနာ”ဟု လည်းကောင်း အမြတ်တနိုး တင်စား ခေါ်ဆိုလေ့ရှိ၏။ သာသနာတော်သည် (၁) ယေဇူးဘုရား၏ တပည့်တော် တမန်တော်တို့မှ ဆင်းသက်လာသော၊ (၂) တစ်ခုတည်းသော၊ (၃)သန့်ရှင်းသော၊ (၄) ကက်သလစ်သာသနာဖြစ်၏ဟု သွန်သင် ကြပါသည်။

                                                                                                        
ဆက်လက်ဖေါ်ပြပေးပါဦးမည်။

             ဘုန်းတော်ကြီး မာကု (Ph.D)
ဆောင်းပါးပေါင်းချုပ် (အောက်တိုဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်စတင်သည်။)

No comments:

Post a Comment