မေး။ ။ အီစတာပွဲတော်ကြီးကျင်းပရခြင်းနှင့်အဓိပ္ပါယ် တို့ကိုရှင်းပြပေးပါ။
ဖြေ။ ။ ခရစ်ယာန် ဘာသာရေးလောကမှာ ကျင်းပ လေ့ရှိတဲ့ သာသနာတော်ရဲ့ ၀တ်ပြု
ကိုးကွယ်ခြင်း ဆိုင်ရာ ပွဲတော်များထဲတွင် အကြီးမြတ်ဆုံး၊ အရေးအကြီးဆုံး
ပွဲတော်မြတ်ကြီးကတော့ သခင်ယေဇူး ခရစ်တော် ဘုရားရှင်သေခြင်းမှ တဖန်ပြန်ရှင်
ထမြောက်တော်မူ သော ပါစကားပွဲတော်ကြီး ပဲဖြစ်ပါတယ်။
ဤ ပွဲတော်ကြီးကို အင်္ဂလိပ်လို Easter ပွဲတော်ကြီးလို့လည်းခေါ် ဆိုကြပါတယ်။
Easter ဆိုတဲ့ အင်္ဂလိပ် စာလုံးဝေါဟာရဟာ Anglo-Saxon ရှေးတုန်းက အင်္ဂလန်မှာလာ
ရောက်နေထိုင်ခဲ့တဲ့ ဂျာမန်ဘာသာ စကားမှ ဆင်းသက် လာခဲ့တဲ့ရှေး အင်္ဂလိပ်
စကားဝေါဟာရဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပွဲတော်ကြီးကို အင်္ဂလိပ် စကားနဲ့
ရောင်ခြည်ဦးလို့ အမည်ရတဲ့ Easter ပွဲတော်ကြီးလို့ ခေါ်ဆိုကြပါတယ်။ ဒီ
ပွဲတော်ကြီးကို ၀ါတွင်း ကာလ ကုန်ဆုံးတဲ့ ၀ါကျွတ်တဲ့နေ့မှာ
ကျင်းပလေ့ရှိတဲ့အတွက် ဘုရင်ဂျီခေါ် ကက်သလစ် ခရစ်ယာန်များ ကတော့ မြန်မာပီပီ
ဝါကျွတ်ပွဲတော်ကြီးလို့လည်း ခေါ်ဆိုကြပါတယ်။
ဘယ်လို နာမည်နဲ့ပဲ တတ်ခေါ်ခေါ် သမ္မာကျမ်း စာတော်မြတ်နဲ့ ပို၍ အဆီလျှော်ဆုံး နာမကတော့ “ပါစကားပွဲတော်ကြီး”၊ သခင်ယေဇူး ခရစ်တော်ဘုရား ရှင်သေခြင်းမှ တဖန်ပြန်ရှင် ထမြောက်တော်မူသော ပါစကား ပွဲတော်ကြီး ပဲဖြစ်ပါတယ်။ ဆရာယုဒသန် ဘာသာပြန်ဆိုထားတဲ့ သမ္မာကျမ်းစာထဲမှာတော့ ပဿခါပွဲလို့ ခေါ်ဆိုထား ပါတယ်။
ယနေ့ မျက်မှောက်ခေတ် ခရစ်ယာန်များ ကျင်းပတဲ့ ပွဲတော်များထဲမှာ ပွဲတော် အနှစ်ချုပ်ဖြစ်တဲ့ “သခင်ယေဇူး ခရစ်တော်ဘုရားရှင်သေခြင်း မှ တဖန် ပြန်ရှင်ထမြောက်တော်မူတဲ့ ၊ သေမင်း ကိုအောင်မြင် တော်မူတဲ့ ပွဲတော် ပါစကားပွဲတော်ကြီး” အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို ဆက်လက်ဖေါ်ပြပေး သွားပါ့မယ်။ ဤ ပွဲတော်ကြီးဖြစ်ပေါ်လာပုံနောက်ခံ သမိုင်းကြောင်း ပထမဆင့်မှာ - မိုးဇယ် မတိုင်မှီက စတင် ကျင်းပခဲ့ သော အဆင့်ဖြစ်ပါတယ်။
ဤ ပထမဦးဆုံး အဆင့်မှာ-
သိုးများကို ထိန်းကျောင်းပြီးရေကြည်ရာ၊ မြက်နုရာ၊
နေရာတကာရွှေ့ပြောင်းနေထိုင်ကြတဲ့ သိုးထိန်းများ ဟာ မိမိတို့ရဲ့ သိုးများ
စားကျက်အသစ်၌ ဘေးရန် ကင်း ဝေးစွာနဲ့ ရှိနိုင်ကြဘို့ အတွက် ရည်ရွယ်၍
ယာဇ်ပူဇော် ပသသော ရိုးရာ ဓလေ့ ပွဲတော်ဖြစ်ခဲ့ပါတယ်။ ဒီပွဲတော်ကို
သိုးကလေးများ၊ ဆိတ်ကလေးများ ပေါက်ပွါးတဲ့နွေ ဦး ကာလရဲ့ ပထမလပြည့်ညမှာ
ကျင်းပလေ့ရှိပါတယ်။ ဒီလို ပွဲတော်ကို ကျင်းပကြစဉ်၊ မီးကင်ထားသော အသားများ၊
တဆေးမဲ့ မုန့်များ၊ ကန္တာရ တစ်ခွင်ပေါက် ရောက်တဲ့ ခါးသော ဆေးဖက်ဝင်
အသီးအရွက်များ၊ အ မွှေးအကြိုင်များကို သုံးဆောင်ကြပါတယ်။
ဒီပွဲ ကျင်းပစဉ်မှာ ထူးဆန်းစွာ ကျင်းပလေ့ရှိတဲ့ ဓလေ့တစ်ခု ကတော့
လူသားများနဲ့ မိမိတို့ရဲ့ တိရစ္ဆာန်များ၊ အထူးသဖြင့် မွေးဖွားတော့မယ့် လူ၊
မွေးဖွားတော့ မယ့် တိရစ္ဆာန်လေးများ ၊ဘေးအန္တရာယ်၊ ကပ်အန္တရာယ် အမျိုးမျိုးမှ
ကင်းဝေးကြစေရန် အတွက် အထူး ရည်ရွယ်ပြီး မိမိတို့ နေထိုင်တဲ့ တဲများရဲ့
တိုင်များကို မိမိတို့ ကင်စားမည့် သိုးရဲ့ သွေးများနဲ့ သုတ်လိမ်းခြင်း
အလေ့အထ ပဲဖြစ်ပါတယ်။ ဒီလို တဲတိုင်များ ကိုသွေးများ သုတ်လိမ်းခြင်း
အားဖြင့်၊ ကံမကောင်းခြင်းဖြစ်ရပ်များအား လုံးမှ ကင်းဝေးကြဖို့
ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ဒုတိယ အဆင့် အနေနဲ့ ပြုပြင်ပြောင်းလဲ ကျင်းပလာပုံမှာ - ထွက်မြောက်ရာ
ကျမ်းအခန်းကြီး (၁၂) ထဲမှာ မိုးဇယ် လက်ထက် အီဂျစ်ပြည် မှာနောက်ဆုံး ကျင်းပ
ခဲ့ကြရတဲ့ ပါစကားပွဲတော် ပါပဲ။ အီစရာအဲလ် လူမျိုးများဟာ၊
တိုင်းတစ်ပါးဖြစ်တဲ့ အီဂျစ်ပြည်မှာ နှစ် ပေါင်းများစွာ ကျွန်ဘ၀ အဖြစ်နဲ
့နေထိုင်ခဲ့ ကြရပါတယ်။ ဒုက္ခ ဆင်းရဲခြင်း အဖုံဖုံကြုံတွေ့ ခဲ့ကြရတဲ့
အီဇရာအဲလ် လူမျိုးများကို ကျွန်ဘ၀ မှရွေးနှုတ် ကယ်တင်တော်မူဖို့ရန် အတွက်
ထာဝရ အရှင်ဘုရား သခင်သည် မိုးဇယ်ကိုခေါ်ယူကာ ဦးဆောင်စေ ခဲ့ပါတယ်။
အီဂျစ်ဘုရင် ဖါရောမင်းရဲ့ ခေါင်းမာမှုကြောင့် အီဂျစ်ပြည်ရှိ တိုင်းသူ
ပြည်သားများ အားလုံး ရောဂါ အမျိုးမျိုး၊ ဒုက္ခ အဖုံဖုံကြုံ တွေ့ခဲ့ကြရပါတယ်။
နောက်ဆုံး အနေနဲ့ လူမှအစ တိရစ္ဆာန်များ အပါအ၀င် သားဦးများ သတ်ဖြတ်ခြင်း
ခံရတဲ့ ညမှာ အီဇရာအဲလ်လူမျိုးများရဲ့ သားဦးများဟာ သေခြင်းဘေးမှ ကင်းလွတ်
ခဲ့ကြပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ထာဝရ အရှင် ဘုရားသခင်ရဲ့ အမိန့်
တော်နဲ့ အညီ၊ မိုးဇယ်နဲ့ အာရုံတို့ရဲ့ ညွှန်ကြားချက် အတိုင်း မိမိတို့ရဲ့
အိမ်တံခါး ထုတ်များမှာ ပါစကားပွဲ ကျင်းပဖို့ရန် အတွက် သတ်ထားသော
သိုးများရဲ့ သွေးကိုသုတ် လိမ်းထားတဲ့ အတွက်၊ မိမိတို့ရဲ့ သားဦးများ
သေခြင်းဘေးမှ ကင်းလွတ် ခဲ့ကြရပါတယ်။ အဲ့ဒီညမှာပဲ ပါစကားပွဲ ကျင်းပပြီး
အီဂျစ်ပြည်မှ ထွက်မြောက် လာခဲ့ပါတော့တယ်။ ဟောဒီလို ကျွန်ခံရာ အီဂျစ်ပြည်မှ
ထွက်မြောက် လာခဲ့ပြီး ထာဝရ အရှင်ဘုရားသခင် ကိုယ်တော်တိုင်
ကတိထားတော်မူခဲ့တဲ့ ခါနန်ပြည်သို့ ထွက်လာကြစဉ်မှာ ထာဝရ အရှင်ဘုရား သခင်ဟာ
မိမိ လူမျိုးတော်ကို လမ်းခရီး၌နေ့အချိန်မှာ မိုးတိမ်တိုက်အားဖြင့် အရိပ်
ပေး၍၊ ညအချိန်မှာ မီးတောက် မီးလျှံအားဖြင့် လမ်းပြ ပေးတော်မူ ခဲ့ပါတယ်။
ပင်လယ်နီကို ထက်ခြမ်း ခွဲကာ ဖြတ်သန်းစေခဲ့ပြီး ၊ရန်သူတို့ လက်မှ
လွတ်မြောက်စေခဲ့ပါတယ်။ ကန္တာရ ၌ဖြတ်သန်း သွားစဉ် နေ့စဉ်အစား အစာအဖြစ်
မန္နာမုန့်ကို ဖန်ဆင်းပေးတော်မူ ခဲ့ပါတယ်။ ခရီးစဉ် တစ်လျှောက်လုံးမှာ
အီဂျစ်ပြည် ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သော အချက်ကိုအောက်မေ့ သတိရ လျှက်
နှစ်စဉ်နှစ်တိုင်း အဲဒီ လွတ်မြောက်ခဲ့တဲ့ ပါစကားပွဲကို ကျင်းပ ခဲ့ကြပါတယ်။
ကတိထားတော်မူတဲ့ တိုင်း ပြည်သို့ လည်းရောက်ရော၊ ဒီလို ကျွန်ဘ၀က လွတ်
မြောက်ခဲ့ရခြင်း၊ ပင်လယ်နီ ကိုအောင်မြင်စွာဖြတ် သန်း ခဲ့ရခြင်း၊ ကန္တရ
ခရီးတစ်လျှောက်လုံးကို အောင် မြင်စွာဖြတ်သန်း ခဲ့ရခြင်း၊ နောက်ဆုံးမှာ
ကတိထား တော်မူခဲ့တဲ့ ခါနန်ပြည်ကို ၀င်ရောက်နိုင်စေခဲ့ခြင်းတို့ ကိုအောက်မေ့
သတိရကာ ပါစကားပွဲတော်ကို နှစ်စဉ် ကျင်းပကြ၍ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို
ချီးမွမ်းခဲ့ ကြပါတယ်။
ဓမ္မဟောင်း ကာလ ဂျူးလူမျိုးများရဲ့ ရုပ်ပိုင်းဆိုင်ရာ အီဂျစ်ပြည်ရဲ့
ကျွန်ဘ၀မှလွတ်မြောက်ခဲ့ခြင်း ဖြစ်တဲ့ ပါစကားပွဲ ကျင်းပခြင်း အစဉ်အလာမှသည်
တတိယ အဆင့်ဖြစ်တဲ့ ခရစ်ယာန်များရဲ့ နာမ် ၀ိညာဉ်ပိုင်း ဆိုင်ရာ အပြစ်ရဲ့နွံ၊
နတ်ဆိုးရဲ့ ကျွန်ဘ၀မှ ခရစ်တော်ဘုရားရှင်ရဲ့ ကယ်တင်တော်မူခြင်း အားဖြင့်
လွတ်မြောက်ကြရတဲ့ လွတ်မြောက်ခြင်း ပွဲတော် Passover ပါစကားပွဲတော်ကြီး
အဖြစ်သို့ ပို၍ အဓိပ္ပါယ် နက်ရှိုင်းစွာ တိုးတက် ပြောင်းလဲ ကျင်းပလာခဲ့ခြင်း
ဖြစ်ပါတယ်။
ခရစ်တော် ဘုရားရှင်ဟာ ပါစကား သိုးငယ်တော် အမှန် စင်စစ်
ဖြစ်တော်မူပါတယ်။ (ရှင်ယောဟန် ခရစ်ဝင် ၁း၂၉ ) “ယေဇူး ကြွလာတော်မူသည်ကို
ယောဟန်သည် မြင်လျှင်၊ ဤ လောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏
သိုးငယ်တော်ကို ကြည့်ကြလော့” တဲ့။ နောက်ကျမ်း တစ်ပိုဒ်ကတော့
(ရှင်ယောဟန်ခရစ်ဝင် ၁း ၃၆) “ယေဇူး ကြွလာတော်မူသည်ကို မြင်လျှင်၊ ဘုရား၏
သိုးသငယ်ကို ကြည့်ကြလော့ဟု ဆို၏။” ရှင်လုကားရဲ့ မိန့်ဆိုချက်ကလည်း
(ကောရိန့်သု သြ၀ါဒစာ ပထမ စောင် ၅း၇) “ခရစ်တော်တည်း ဟူသော ငါတို့ ပဿခါ
သိုးသငယ်သည် ငါတို့ အဘို့ ယာဇ်ပူဇော်ရာ ဖြစ်၏။”
ဓမ္မသစ်ကျမ်းမှာ ဧ၀ံဂေလိကျမ်းရေးပုဂ္ဂိုလ် ၄ ပါးစလုံးက ကိုယ်တော်ရှင်
အသက်စွန့်တော် မမူမီ အဖိတ်နေ့ ည၌ မိမိ၏ တပည့်သာဝက တမန်တော်ကြီးများနဲ့ အတူ
Passover ပါစကား ညစာ စားပွဲကျင်းပခဲ့ပြီး၊ အဲဒီ နောက်ဆုံး ညစာစားပွဲ၌
သိုးတိရစ္ဆာန် အသားမပါဘဲ၊ မုန့်နဲ့စပျစ်ရည်ကို မိမိဘုရား တန်ခိုးတော်နဲ့
မိမိရဲ့ သွေးတော်၊ အသားတော် အဖြစ် ပြောင်းလဲစေခဲ့ပြီး၊ မိမိရဲ့ တပည့် သာဝက
တမန်တော်ကြီးများကို ၀ိညာဉ် အစာအဖြစ် ကျွေးမွေးတော်မူခဲ့ပါတယ်။ ကာလ်ဝါရီ
တောင်တော်၊ လက်ဝါးကပ်တိုင်တော် ထိပ်မှ မိမိ သွေးတော်ကို
သွန်းလောင်းတော်မူခဲ့ပြီး မိမိ သွေးတော်နဲ့ နတ်ဆိုးလက်မှ လူသားအားလုံးကို
ပြန်လည် ရယူတော်မူ ခဲ့ပါတယ်။
(ဧဖက် သြ၀ါဒစာ ၁း၈) “သားတော်၏ သွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း
ဟူသော ရွေး နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ငါတို့သည် ခံရကြ၏”
(ဗျာဒိတ်ကျမ်း ၁း၅) “ငါတို့ကို ချစ်တော်မူ၍၊ မိမိ သွေးတော်နှင့် ငါတို့
အပြစ်များကို ဆေးကြော တော်မူ၏”။ သမိုင်း မှတ်တမ်းအရ၊ သခင်ယေဇူး ဘုရားရှင်
အသက်တော် စွန့်တော်မူတဲ့ အချိန်ဟာ၊ ဂျူးလူမျိုးများ ဗိမ္မာန်တော်မှာ
ပါစကားအတွက် သိုးများကို သတ်ဖြတ်တဲ့ အချိန်ဖြစ်နေခြင်းဟာ ခရစ်တော်
ဘုရားရှင်သည် ပါစကား သိုးငယ်တော် အစစ်အမှန်ဖြစ်ကြောင်း ဖေါ်ပြနေခြင်း
ဖြစ်ပါတယ်။ ဓမ္မဟောင်း ကာလက ကျင်းပခဲ့တဲ့ ပါစကားပွဲဟာ ဓမ္မသစ်ကာလ ပါစကား
ပွဲတော်ကြီးအတွက် ရှေ့ပြေး ပုံစံ နမူနာအဖြစ် ထာဝရအရှင် ဘုရားသခင် ကြိုတင်
ပေးတော်မူခဲ့တဲ့ ဗျာဒိတ်တော် ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပါစကား ပွဲတော်ကြီးဟာ
ခရစ်ယာန် ဟူ၍ ရရှိခဲ့တဲ့ အချိန်ကစပြီး ကျင်းပခဲ့တဲ့ ရှေးအကျဆုံး၊
တရားတော်ရဲ့ အချုပ် ပွဲတော်ကြီး ဖြစ်သလို၊ ဓမ္မဟောင်း ကာလက ကြိုတင်ပေးခဲ့သော
ဗျာဒိတ်တော်များ၊ ဓမ္မသစ် ကာလမှာ ခရစ်တော် ဘုရားရှင်၌ ပြည့်စုံခြင်းသို့
ရောက်ပြီး၊ အပြစ်ရဲ့ နွံ၊ နတ်ဆိုးရဲ့ ကျွန် ဘ၀မှ လွတ်မြောက်ကြလျက်
ဘုရားရှင်ရဲ့ သားသမီးများ အဖြစ်၊ ဘုရားရှင်တော်မြတ် စံမြန်းတော်မူရာ
ကောင်းကင် ရွှေပြည်တော် ထာဝရ ချမ်းသာကို ခံစားခွင့် ရရှိလာခြင်း ဖြစ်ပါတယ်။
သခင် ခရစ်တော်သေခြင်း မှ ရှင်ပြန် ထမြောက်တော်မူသော နေ့ဟာ ဂျူးပြက္ခဒိန်ရဲ့
နှစ်ဆန်းလ (၁၄)ရက် နောက်ပိုင်း ကျရောက်တဲ့ တနင်္ဂနွေနေ့ဖြစ်ကြောင်း သမိုင်းက
ဖေါ်ပြ နေပါတယ်။ ဒါ့ကြောင့် ခရစ်သက္ကရာဇ် ပြက္ခဒိန် အရ၊ ပါစကား ပွဲတော်
ကျရောက်နိုင်သော ရက်မှာ အစောဆုံး မတ်လ (၂၇)ရက်နေ့ ဖြစ်ပြီး၊နောက် အကျဆုံး
ဧပြီလ(၂၅) ဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ဖြေကြား ပေးလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဘုန်းဘုန်း ဒိုမိနစ် ဂြိုလ်တု
No comments:
Post a Comment